Thursday, March 28, 2013

၆၈ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား (Seoul Army Club)


ဒီနှစ် တပ်မတော်နေ့ကတော့ ပြည်တွင်းမှာလည်း လက်နက်တွေပါပြပြီးတော့ တော်တော်ကို ခမ်းခမ်းနားနား ကျင်းပသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်တာ တွေ့ရတယ်။ ကိုယ့်သက်တမ်းတစ်လျှောက်လုံး အာဏာရှိသူ တပ်မတော်အစိုးရနဲ့ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်အဖြစ်သာ မြင်နေရာကနေ ခုတော့ အတူတူလက်တွဲလို့ တပ်မတော်နေ့ အခမ်းအနား တက်ရောက်လာတာ မြင်ရတော့ ၀မ်းပမ်းတသာဖြစ်မိတယ်။ ဒါဟာ ကိုယ့်နိုင်ငံအတွက် ကောင်းတဲ့လဏ္ခာရပ် တစ်ခုပါပဲ။

ကိုယ်ရောက်နေတဲ့ တောင်ကိုရီးယားမှာလည်း သူများအတွက်တော့ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ချင်ဖြစ်ပေမဲ့ ကိုယ့်အတွက်တော့ ထူးခြားတယ်လို့ ပြောရပါမယ်။ သံမှူးနဲ့က ရင်းရင်းနှီးနှီးပေါင်းနေတာဖြစ်တဲ့အတွက် ဒီနှစ်တပ်မတော်နေ့ အခမ်းအနား ကိစ္စအတွက်တော့ ကိုယ်နဲ့တိုင်ပင်သလို ကိုယ့်ကိုယ်လည်း တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးဖို့ ပြောလာတဲ့အတွက် အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီပေးခဲ့ရပါတယ်။ ကိုယ်ကတော့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တာကို ကူညီလုပ်ကိုင်ပေးဖို့ ၀န်မလေးတတ်ပါဘူး။ ဒါ့ကြောင့်လည်း အကူအညီတောင်းတဲ့သူတွေက တစ်ခါတစ်လေ တစ်ရက်တည်း လေးငါးယောက်လောက် တိုက်နေတတ်ပါတယ်။ ကိုယ့်အလုပ်ကလည်းများ၊ သူများကို လုပ်ပေးချင်တဲ့ စိတ်ကလည်းများနဲ့ တစ်ခါတစ်လေကျတော့ လူကဒေါင်းရော၊ အဲ့ဒီအခါမှာတော့ ဘေးနားက ရဟန်းအစ်မကြီးက ခုလို ရှင်နေမကောင်းတော့ ရှင့်နားဘယ်သူရှိတုန်း၊ ကျွန်မပဲ ပင်ပန်းရတာပဲ.. ဒါ့ကြောင့် သူများကို ကူတာလည်းကူ ကိုယ့်ကျန်းမာရေးလည်းကြည့်ပြီး ကူညီပါလို့ဆိုတာ ပြောလို့မရဘူး..ဆိုတဲ့ ဓါတ်ပြားကြီးကို ဖွင့်တော့တာပါပဲဗျာ။

ဒီနှစ် တပ်မတော်နေ့ နီးကပ်လာတဲ့ ရက်တွေမှာလည်း ကိုယ့်မှာက စာမေးပွဲလည်းရှိ၊ German Aerospace Center (DLR) နဲ့ ကျွန်တော့်ကျောင်းရဲ့ MoU meeting အတွက်ကလည်း အရေးတကြီးပြင်ဆင်ရ၊ စာတမ်းတစ်စောင်လည်းရေးရပါတယ်။ ဒီကြားထဲကနေမှ တပ်မတော်နေ့အတွက်ကို အချိန်ခွဲပြီး ကူညီပေးခဲ့ရတယ်။ တခြားကိစ္စတွေက သိပ်ပြီးတော့ အရေးမကြီးပေမယ့်၊ သံမှူးအတွက် မိန့်ခွန်းရေးပေးရတာကတော့ ခေါင်းနဲနဲကြီးပါတယ်။ ပါသင့်တဲ့အချက်အလက်လည်းပါအောင်၊ အစွန်းတွေလည်း လွတ်အောင်၊ သိပ်ပြီးမရှည်စေပဲ လိုရင်းရောက်အောင် ဂရုစိုက်ပြီး ရေးရပါတယ်။ ဒီကြားထဲ ကိုယ့်မိခင်ဘာသာစကားမဟုတ်ပဲ၊ အီးလိုရေးရတာဖြစ်တဲ့အတွက် စာမမှားအောင်လည်း ဂရုစိုက်ရပါတယ်။

အဲ့ဒီမှာ ကိုယ်သိတဲ့ အသိတွေထဲကနေမှ အသင့်တော်ဆုံးဖြစ်မယ့် အိုင်ဒီယာတစ်ခုကို ကိုယ့်မိန့်ခွန်းရဲ့ အဓိကအချက်အဖြစ်ထည့်သွင်းရေးသားလိုက်ပါတယ်။ အနောက်ဂျာမနီကြီးတိုးတက်တာကို Miracle on the Rhine - ရိုင်းမြစ်ကြီးပေါ်က အံ့မခန်း တိုးတက်မှုကြီးဆိုပြီး ကမ္ဘာမှာ ချီးကျူးဂုဏ်ပြုကြတာပါ၊ တောင်ကိုရီးယား တိုးတက်တာကိုတော့ Miracle on the Han River - ဟန်မြစ်ပေါ်က အံ့မခန်း တိုးတက်မှုကြီးဆိုပြီး ပြောကြတာဖြစ်သလို၊ လက်ရှိသမ္မတကလည်း ဟန်မြစ်ပေါ်မှာ ဒုတိယအကြိမ် အံ့မခန်း တိုးတက်မှုကို မြင်တွေ့စေရမယ်လို့ သူမရဲ့ သမ္မတမိန့်ခွန်းမှာ ထည့်ပြောသွားခဲ့ပါတယ်။ ကျွန်တော်လည်း အဲ့ဒီအချက်ကလေးတွေကို ထောက်ပြပြီးတော့ နောက်တစ်ကြိမ် ကမ္ဘာ့အံ့ဖွယ် တိုးတက်မှုမျိုးကိုတော့ ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီးပေါ်မှာ မြင်တွေ့ရပါလိမ့်မယ်ဆိုပြီး Miracle on the Irrawaddy River ဆိုပြီး ထည့်ပေးလိုက်ပါတယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်ဖြစ်စေချင်တဲ့ စေတနာတွေကို ဒီမိန့်ခွန်းထဲမှာ ထည့်ပေးလိုက်ရတဲ့အတွက် ကျေနပ်အားရမိပါတယ်။

ပွဲနေ့မှာတော့ ကင်မရာမန်းတာဝန်ပါ ယူပေးခဲ့ရပါတယ်။ အပေါင်းအသင်းတွေနဲ့ ခရီးသွားရင်လည်း ဒီတာဝန်က ကိုယ်ပဲယူနေကျပါ။ ဒါ့ကြောင့် ပုံတွေအများကြီး လက်ထဲရှိပေမယ့် ကိုယ်ပါတဲ့ ပုံကတော့ နဲနဲပဲရှိပါတယ်။ ကိုယ်က သူများကို ရိုက်ပေးပြီး သူတို့ ပျော်နေတာမြင်ရရင်ကို ကျေနပ်နေမိတာပါ။ နောက်တစ်ခုကတော့ ဒီပွဲမှာ သံရုံးက တခြားဝန်ထမ်းငယ်တွေနဲ့ လက်ပွန်းတတီး နေလိုက်ရတာကို ကျေနပ်မိတာပါ။ သံမှူးနဲ့ စားသောက်တဲ့အခါ သူတို့က ဘေးကလုပ်ပေးပေးနေကြရတာပါ။ ကိုယ်က အဲ့ဒီလို အဆင့်ခွဲပြီး မနေတတ်တော့ သူတို့ကို အရမ်းအားနာမိပါတယ်။ ဒါ့ကြောင့် သံမှူးကခေါ်တိုင်း သူ့အိမ်ကို သွားပြီး မလည်ပတ်ဖြစ်ပါဘူး။ ကိုယ်သွားရင် အောက်ခြေ၀န်ထမ်းတွေ ပင်ပန်းတာပဲဆိုပြီးတော့ပါ။ ဒီပွဲမှာတော့ သူတို့လုပ်ရမယ့် အလုပ်တွေကို ကိုယ်လည်း လိုက်လုပ်ပေးရင်း ကိုယ့်စိတ်ရင်းကို သူတို့ နားလည်သွားလို့ ၀မ်းသာမိတယ်။ နောက်တော့ သူတို့ သံမှူးကို တစ်ခုခုပြောချင်တာရှိရင်လည်း ကိုယ့်လာလာပြီးပြောတယ်။ ကိုယ်ကလည်း ဒါမျိုးဆို ဓါးထိုးခံပြီး လုပ်ပေးပါတယ်။ တချို့ ရဲဘော်လေးတွေဆိုလည်း အရက်ခွက်လေးတွေကို သူတို့နားအထိအရောက် ကျွန်တော့်ဘော်ဒါတွေက သွားပို့ပေးကြတော့ သူတို့လည်း ပျော်ရွှင်ကြတယ်။ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ပွဲလေးပြီးဆုံးသွားလို့ ကျေနပ်ပီတိဖြစ်မိပါတယ်။

မောင်မျိုး(စက်မှု)

ရေခဲတုံးနဲ့ ပုံဖော်ထားတဲ့ အမှတ်အသား

ပွဲမစခင် သံမှူးနဲ့ တိုင်ပင်နေစဉ်



အလေးပြု

သံအမတ်နဲ့ သံအမတ်ကတော်

နိုင်ငံတော် အလေးပြု


ခွက်ပုံးချရာနေရာ

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အရာရှိများ

အမေရိကန်သံကို စကားပြောဖို့ကြံနေတဲ့ ကျွန်တော်

ကျောင်းသားများနဲ့ သံမှူး



အတွဲနှစ်တွဲ


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...