Saturday, March 16, 2013

Stealth နည်းပညာနဲ့ ကိုရွှေဇီးကွက်

ငယ်ငယ်တုန်းက ပြေးလွှားဆော့ကစားရင်း ရုတ်တရက် ကိုယ့်နားရောက်မှ မြင်တွေ့ရလေ့ရှိတဲ့ ငှက်ကြီးတစ်မျိုးရှိပါတယ်။ အဲ့ဒီငှက်ကိုတော့ ကျွန်တော်တို့ ဒေသအခေါ်နဲ့ လင်ခေါင်မိုးဆိုပြီး ကျွန်တော်တို့ခေါ်လေ့ရှိပါတယ်။ လင်ခေါင်မိုးဆိုတာ ဇီးကွက်ကိုပဲ ခေါ်တာလားဆိုတာကိုတော့ ခုချိန်ထိ ကျွန်တော်သဲသဲကွဲကွဲ မသိသေးပါဘူး။ အခုအချိန်မှာတော့ အေရိုဒိုင်းနမစ်ကို စိတ်ဝင်တစားရှိတဲ့  ကျောင်းသားလေးတွေကို အမြင်ကျယ်အောင် ဘက်စုံဒေါင့်စုံကနေ ပြောပြနိုင်အောင် ကြိုးစားရှာဖွေ ဖတ်ရှုနေရင်း ကိုရွှေဇီးကွက်ရဲ့ အေရိုဒိုင်းနမစ် သဘောတရားလေးတွေကို တွေ့မိဖတ်မိပါတယ်။

တကယ်တော့ သိပ္ပံပညာဆိုတာက သဘာဝတရားတွေကနေပဲ လာတာပါ။ သဘာဝအတိုင်းရှိနေတဲ့ သက်ရှိ၊သက်မဲ့တို့နဲ့ အနီးစပ်ဆုံးတူအောင် သိပ္ပံပညာရှင်တွေက တီထွင်နေကြတာပါ။ ကင်မရာတွေဟာ လူ့မျက်လုံးနဲ့မြင်ရတဲ့အတိုင်း မြင်နိုင်အောင်၊ လေကြောင်းပညာရှင်တွေက ငှက်တွေဆီကနေ လေ့လာသင်ယူကြ၊ AI (Artificial Intelligence) သမားတွေက လူ့ဦးနှောက်နဲ့ တစ်ထေရာတည်း စဉ်းစားနိုင်အောင် စသဖြင့် ကြိုးစားကြတာပါ။ ပြောရမယ်ဆိုရင်တော့ တီထွင်မှုတွေအားလုံးဟာ သဘာဝတရားတွေကနေ စေ့ဆော်ပေးတဲ့ Nature Inspired Technology(NIT) တွေလို့ ပြောလို့ရပါတယ်။

ထို NIT တွေထဲကနေမှ ဒီနေ့တော့ ညဘက်တွေမှာ အစာရှာထွက်လေ့ရှိတဲ့ ကိုရွှေဇီးကွက်တို့ရဲ့ အကြောင်းကို ပြောပြချင်ပါတယ်။ ဇီးကွက်လေးတွေဟာ တိတ်ဆိတ်တဲ့ ညဘက်မှာ သူတို့ရဲ့ အစာကို လိုက်လံရှာဖွေ စားသောက်ကြပါတယ်။ လူတကာ အိပ်စက်နေတဲ့ ခုလို တိတ်ဆိတ်တဲ့ ညတွေမှာ သူ့ရဲ့သားကောင်ကို လိုက်လံရှာဖွေ စားသောက်နိုင်တယ်ဆိုတော့ သူ့ရဲ့ လျှို့ဝှက်ချက်က ဘာများဖြစ်မယ်လို့ သင်ထင်ပါသလဲ။ ဆူဆူညံညံ တောင်ပံခတ်သံတွေနဲ့ ငှက်တစ်ကောင်ဟာ တိတ်ဆိတ်နေတဲ့ညလယ်မှာ သူ့ရဲ့ သားကောင်ကို ချောင်းမြောင်းဖမ်းယူ နိုင်မယ်ထင်ပါသလား။ မဖြစ်နိုင်ဘူး မဟုတ်လားခင်ဗျာ.. ဟုတ်ပါတယ်… ဇီးကွက်တစ်ကောင်ရဲ့ ညဘက်အစာရှာထွက်နိုင်အောင် အဓိက ကူညီပေးတာကတော့  တောင်ပံခတ်သံ ဆူဆူညံညံမထွက်စေတဲ့ သူ့တောင်ပံရဲ့ ထူးခြားတဲ့ Aerodynamics သဘောတရားလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။

အဲ့ဒီလို ကိုရွှေဇီးကွက်ကို တိတ်ဆိတ်ငြိမ်သက်စွာ ပျံသန်းနိုင်အောင် အဓိကပံ့ပိုးပေးတဲ့ အချက်သုံးချက်ရှိတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိထားပါတယ်။ အဲ့ဒီအချက်တွေကတော့
(၁) ဇီးကွက်ရဲ့ အဓိက အတောင်ပံ အစိတ်အပိုင်းလေးတွေဟာ တစ်ခုနဲ့တစ်ခု သီးခြားဆီရှိပြီးနေပါတယ်။
(၂) အတောင်ပံရဲ့ ထိပ်ဖျားလေးတွေဟာ ဖွာဖွာလေးဖြစ်နေပါတယ်။
(၃) နောက်ဆုံးအချက်အနေနဲ့ကတော့ သူ့ရဲ့အတောင်ပံက နူးညံ့တဲ့ အမွှေးအမျှင်တွေဟာ ၂၀၀၀ Hz ရှိတဲ့ အသံလှိုင်းကို စုပ်ယူထားနိုင်စွမ်းရှိပါတယ်။

ကဲ ဒါကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုရွှေဇီးကွက်ရဲ့ ထူးခြားပြီး ခေတ်ရှေ့ပြေးတဲ့ Stealth လို့ခေါ်တဲ့ သူ့သားကောင်လေးတွေရဲ့ ရေဒါမှာ သူ့ကိုမမြင်မသိနိုင်အောင် စွမ်းဆောင်နိုင်တဲ့ သဘာဝကတပ်ဆင်ပေးထားတဲ့ နည်းပညာပါပဲ။ ခုလို သူဟာဘာ့ကြောင့် ဒီလိုစွမ်းဆောင်နိုင်တယ်၊ ဘယ်လိုအချက်တွေဟာ အသံထွက်တာမရှိအောင် စွမ်းဆောင်နိုင်တယ် ဆိုတာတွေကို သိပြီးတဲ့အခါမှာ သိပ္ပံပညာရှင်တွေအနေနဲ့ ဒီအသိပညာတွေကို လက်တွေ့ဘယ်နေရာမှာ အသုံးချမလဲဆိုတာကို ဆက်လက်စဉ်းစားကြရပါတယ်။  ယေဘုယျအားဖြင့် အဲ့ဒီလို သက်ရှိသတ္တ၀ါတွေကနေ ရတဲ့နည်းပညာဖြစ်ကို Bio Inspired Technology လို့ ခေါ်ပါတယ်။

ကိုရွှေဇီးကွက်ရဲ့ နည်းပညာကို တကယ်လက်တွေ့ အသုံးချခဲ့တာကတော့ ဂျာမန်က ဒလက်တွေလုပ်တဲ့ Ziehl-Abegg ဆိုတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။ Axial Fan တွေရဲ့ဆူညံသံတွေထဲမှာ ဂီယာတွေ၊ မော်တာတွေကနေလာတဲ့ Mechanical Noise ရယ်၊ Fan Blade တွေကြားမှာ ဖြတ်စီးဆင်းလာတဲ့ လေနဲ့ဒလက်တွေတစ်ခုနဲ့တစ်ခု အပြန်အလှန် သက်ရောက်ခြင်းက ထွက်လာတဲ့ Aerodynamic Noise ရယ်ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ အဲ့ဒီထဲမှာမှာ ဆူညံမှုအားလုံးရဲ့ ၄၅ ရာခိုင်နှုန်းဟာ Aerodynamic Noise ကနေလာတာဖြစ်ပါတယ်။ 

ကဲ အဲ့ဒီ လေကြောင့်ဖြစ်တဲ့ ဆူညံမှုကို လျှော့ချချင်တယ်ဆိုတော့ ဘာလုပ်ရမလဲ၊ ရှင်းပါတယ်ခင်ဗျား ဒလက်လေးတွေကို အင်မတန် ငြိမ်သက်စွာ ပျံသန်းနိုင်တဲ့ ကိုရွှေဇီးကွက်ရဲ့ အတောင်ပံလေးတွေနဲ့ တူအောင်လုပ်ကြည့်ပေါ့။ အဲ့ဒီလိုကြိုးစားလုပ်ကြည့်ခဲ့တဲ့ Ziehl-Abegg ကုမ္ပဏီကတော့ ၂၀၀၇ ခုနှစ်မှာ Airmovement of the Year ဆုကို ရရှိသွားခဲ့ပါတော့တယ်ခင်ဗျာ။ သူတို့ထွင်လိုက်တဲ့ ဒလက်လေးကို ကိုဇီးကွက်ရဲ့နာမည် Owl နဲ့ လေယာဉ်တွေမှာပါတဲ့ Winglet ရဲ့ နာမည်လေးကို ပေါင်းပြီးတော့ Owlet ဆိုပြီးတော့ နာမည်ပေးလိုက်ပါတယ်။ နာမည် အပြည့်အစုံကတော့ Fyer Axial Fan FE2 Owlet လို့ခေါ်ပါတယ်။

အောက်ပါပုံနှစ်ပုံကို နှိုင်းယှဉ်ကြည့်ပါ။ တူညီတဲ့အချက်တွေ တော်တော်များများ ရှိတာကို တွေ့ရပါမယ်။
ဒလက်ကို နောက်ကိုကွေးထားတာ(Swept Blade) ၊ ဒလက်ရဲ့ နောက်နားမှာ အချွန်လေးတွေနဲ့ ဖွာပြီး တန်ဆာဆင်ပေးထားတာလေးတွေဟာ ဆူညံသံတွေကို သိသိသာသာကို လျော့ကျသွားစေခဲ့ပါတယ်။
ဇီးကွက်ရဲ့တောင်ပံနဲ့ တစ်ထေရာတည်းတူအောင် အမွှေးအမျှင်လေးတွေဖွာနေအောင်တော့ လုပ်လို့မရဘူးပေါ့ခင်ဗျာ။ 
Figure : Owl's Wing and Fyer Axial Fan FE2 Owlet 

အင်ဂျင်နီယာပညာရပ်ဆိုတာ ဖြစ်ချင်တာနဲ့ လက်တွေ့ဖြစ်နိုင်တာကြားမှာ အကောင်းဆုံးပုံဖော် Optimize ရတာမဟုတ်လားခင်ဗျာ။ ဒီပစ္စည်းမှာကိုပဲ စဉ်းစားကြည့်ပါ.. သတ္ထုနည်းပညာ Metallurgy ကောင်းရမယ်၊ ပုံဖော်ထွင်းထုမဲ့ Machining Technology ကောင်းရမယ်၊ မလုပ်ခင် ကွန်ပြူတာနဲ့ စမ်းသပ်နိုင်မယ့် CAD, CAM , CFD, Experiment Technique တွေကောင်းရမယ်၊ ထုတ်လုပ်ပြီးတာနဲ့ ဈေးကွက်တင်နိုင်ဖို့ Marketing သမားကောင်းတွေလိုအပ်မယ်၊ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံဖို့ နိုင်ငံရေးစနစ်ကောင်းတွေ လိုအပ်မယ် စသဖြင့် အစုံပါပဲ။ ဒါ့ကြောင့် ကိုယ်တစ်ယောက်တည်း ကောင်းရုံနဲ့ မပြီးပြည့်စုံနိုင်ဘူးဆိုတာကို စိတ်မှာ မြဲမြဲမှတ်ထားကြပြီး၊ ကိုယ့်ဘေးကလူ တော်တာတတ်တာကို မနာလိုမဖြစ်ပါနဲ့၊ ချီးမွမ်းစရာရှိက ချီးမွမ်းပါ၊ အကူအညီ ပေးနိုင်တာရှိက ကူညီလိုက်ပါ။ ဒါမှသာ ဘက်စုံပေါင်းစုံကနေ လူတော်တွေ ထွက်လာမှာဖြစ်ပါတယ်။

ဂျပန်ပါမောက္ခတစ်ယောက်ကပြောပါတယ်။ ခင်ဗျားတို့ လူမျိုးတွေကို တော်တော်များများတွေ့ဖူးပါတယ်၊ တစ်ယောက်ချင်းတော်ကြတယ်ဗျ၊ ဒါပေမယ့် အုပ်စုလိုက်ကျတော့ မညီညွတ်ကြဘူးဗျ၊ ကျွန်တော်တို့ ဂျပန်တွေက အဖွဲ့လိုက်တော်ကြတာဗျတဲ့။ မှတ်သားစရာကောင်းပါတယ်.. ကျွန်တော်တို့ မြန်မာတွေက မုဒိတာ တရားနဲ့ ရင်းနှီးကျပေမယ့် တကယ်လက်တွေ့မှာတော့ မုဒိတာတရား လက်ကိုင်ထားနိုင်တဲ့သူရှားပါတယ်။ မှန်တာပြောရင် ကြွားတယ်ထင်၊ ကောင်းမယ်ထင်လို့ပြောရင် မင်းကဆရာကြီးလားဆိုပြီး ပြောတတ်ဆိုတတ်ကြပါတယ်။ ဒီလို စိတ်ထားလေးတွေကို ငယ်စဉ်မှာကတည်းက ဂရုတစိုက်ပြုပြင် ယူကြရပါမယ်။

ကျွန်တော်တို့တွေ သူတပါးအနှိမ်ခံဘ၀က လွတ်မြောက်ဖို့အတွက် လူတော်တွေ အများကြီးလိုပါတယ်။ ဒါ့ကြောင့် ကိုယ့်စိတ်မှာ သူတပါးတော်တတ်ကောင်းစားနေတာတွေ့ရင် ဒီစကားလေးကို ကိုယ့်စိတ်ထဲမှာဆိုကြည့်ပါ.. “ငါတို့ အနှိမ်မခံရဖို့ လူတော်တွေ အများကြီးလိုတယ်”။ ဒါဆို တဖြည်းဖြည်းနဲ့ မနာလိုမုန်းတီးစိတ်ကနေ မုဒိတာပွားနိုင်တဲ့စိတ်အဆင့်အထိ ရောက်ရှိလာပါလိမ့်မယ်။ သဘောထားကြီးကြပါ။

ကဲ.. ဒီတော့ မူလပြောနေတဲ့ Owlet ကို ပြန်သွားရအောင်၊ ဟုတ်ပြီ သူတို့ကတော့ ဇီးကွက်ရဲ့ တောင်ပံခတ်သံ တိတ်ဆိတ်ငြိမ်သက်ရခြင်း အကြောင်းအရင်းကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် လက်တွေ့လည်း အသုံးချပြီးတီထွင်မှုတွေလုပ်သွားကြပြီ။ ခု ကျွန်တော်တို့ ဘာလုပ်ရမှာလဲ ? အဲ.. ဒီသဘောတရားတွေ ဟုတ်မဟုတ်ဆိုတာ စမ်းသပ်ချင်သူများကတော့ ကွန်ပြူတာရှိတဲ့သူတွေက ကိုယ့်ရဲ့ CPU Fan လေးရဲ့ နောက်ပိုင်းလေးတွေကို အချွန်လေးတွေဖြစ်အောင် ကတ်ကြေးနဲ့ ကိုက်ဖြတ်ပြီး အသံဆူတာ တကယ်သက်သာရဲ့လား နားထောင်ကြည့်၊ ကွန်ပြူတာမရှိတဲ့သူကတော့ ကျောင်းကပန်ကာတွေ ဒါမှမဟုတ် ဆရာတွေမသိတဲ့အချိန် ကျောင်းခေါင်းမိုးပေါ်တက်ပြီး ဆူညံမှုနည်းအောင် သွပ်ပြားအစွန်းတွေကို သံဖြတ်ကတ်ကြေးနဲ့ ကိုက်ဖြတ်လို့ လက်တွေ့စမ်းသပ်နိုင်ကြောင်းပါခင်ဗျား။ (တကယ်လုပ်တဲ့သူကတော့ ကိုယ်ဖြစ်ကိုယ်ခံသာဖြစ်ပြီး ကျွန်တော်နှင့် လုံးဝ မသက်ဆိုင်ကြောင်းပါခင်ဗျာ ..း) )

ကဲ စကားကောင်းပြန်ပြောရမယ်ဆိုရင်.. ယနေ့ ကမ္ဘာမှာခေတ်စားနေတဲ့ Renewable Energy or Green Energy နည်းပညာ တစ်ခုဖြစ်တဲ့ လေရဟတ်များကနေ လျှပ်စစ်ထုတ်ကြတဲ့အခါမှာ အဓိက ပြသနာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ထို Wind Turbine Blade တွေကနေ ထွက်လာတဲ့ ဆူညံသံ၊ Acoustic wave တွေဟာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အဲ့ဒီ Blade လေးတွေကို Trailing Edge လို့ခေါ်တဲ့ နောက်ပိုင်းနေရာလေးမှာ အချွန်လေးတွေလုပ်ကြည့်ပြီး ဆူညံမှု တကယ်သက်သာမသက်သာဆိုတာကို လက်တွေ့လေ့လာပြီး Design ထုတ်ကြည့်သင့်ပါတယ်။ကဲ နည်းပညာခေတ်မှာ လက်ဦးမှုဆိုတာ အရေးကြီးပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့တွေ ဒါကို အမြန်ဆုံးလက်တွေ့ အကောင်အထည်ဖော်ကြည့်ပြီး အများတကာရဲ့ရှေ့မှာ ဒါဟာ မြန်မာနိုင်ငံက စတဲ့ဒီဇိုင်းပါဆိုပြီး ဂုဏ်ယူနိုင်အောင် ကြိုးစားကြပါစို့လားခင်ဗျာ..။


မောင်မျိုး(စက်မှု)
Aero Inspired Technology Part-1 အနေနှင့် မတ်လ ၁၆၊၂၀၁၃  တွင်ရေးသည်။

(ဆူညံသံကြောင့် လူ့ကျန်းမာရေးကို မသိမသာ ဒုက္ခပေးတာမျိုးကို ကျွန်တော်ကိုယ်တိုင် သတိထားမိဖူးပါတယ်။ တစ်ခါက Computer CPU Fan က ဆူသံထွက်နေတာကို သိပ်အဆိုးကြီးမဟုတ်ပါဘူးဆိုပြီး မပြင်ဘဲ ထားရာကနေ ဒီကွန်ပြူတာနားမှာပဲ အနေကြာတာဖြစ်တဲ့အတွက် ခေါင်းတွေမှာ တစ်ခါတစ်လေ ကြပ်တပ်တပ်ကြီး ဖြစ်လာတတ်လို့ ဘာများဖြစ်ပါလိမ့်လို့ စဉ်းစားရင်း၊ ကိုယ်က လေယာဉ်က ဆူညံသံတွေကို လေ့လာတဲ့ Acoustic Engineering အကြောင်း သိတာမို့ ဆက်စပ်စဉ်းစားရာကနေ ဒီဆူသံကြောင့် ငါဒုက္ခရောက်နေတာနေမှာပဲ ဆိုပြီး Fan လဲလိုက်တဲ့အခါ အစဉ်ပြေသွားပါတယ်။ လောကမှာ မမြင်နိုင်တဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ Noise တွေလည်းရှိပါတယ်။)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...