Monday, April 1, 2013

ဧပရယ်ဖူးပဲ ဖြစ်ပါစေ


ဒီမနက် ဧပြီ ၁ ရက်နေ့မှာပဲ တောင်ကိုရီးယားရဲ့ သမ္မတသစ်ဖြစ်တဲ့ ပတ်ဂွန်းဟယ်က မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ချက်ချင်းတုန့်ပြန်မယ်ဆိုပြီး ထပ်လောင်း သတိပေးလိုက်ပြန်ပါတယ်။ နယ်စပ်မှာရှိတဲ့ တပ်တွေကိုလည်း အထက်အမိန့်ကို စောင့်ဆိုင်းစရာမလိုဘဲ တစ်ဘက်ကနေ ကျူးကျော်ရန်စလာပါက ချက်ချင်းတုန့်ပြန်ပါလို့ ကြေငြာလိုက်ပါတယ်။ မနေ့ကပဲ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်မှာရှိတဲ့ ကဒီနာလေကြောင်းဌာနချုပ်ကနေ အမေရိကန်တို့ရဲ့ ကမ္ဘာ့အကောင်းဆုံး တိုက်လေယာဉ်ဖြစ်တဲ့ F 22 တိုက်လေယာဉ်တွေဟာ တောင်ကိုရီးယားကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီလို ဝေဟင်စိုးမိုးရေး လေယာဉ်တွေ ရောက်ရှိလာပြီးတဲ့နောက် ဒီနေ့မှာတော့ သမ္မတက ချက်ချင်းတုန့်ပြန်ဖို့ အမိန့်ထုတ်ခဲ့တာပါ။

B-2 Spirit Bomber

မတ်လ အစောပိုင်းကလည်း အမေရိကရဲ့ ရေဒါရှောင်လွှဲနိုင်တဲ့ ဗုံးကြဲလေယာဉ် B-2 Spirit  နှစ်စင်းကိုလည်း ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ဖြတ်ပြီး ပျံသန်းစေခဲ့ပါတယ်။ အဲ့ဒီလို ဗုံးကြဲလေယာဉ်တွေ ပျံသန်းလိုက်တဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင်က အမေရိကန်ကိုပါ တိုက်ခိုက်မယ်ဆိုပြီး Youtube မှာ အမေရိကန် အိမ်ဖြူတော်နဲ့ ကွန်ဂရက် အဆောက်အအုံတို့ကို ပစ်ခတ်တိုက်ခတ်တဲ့ ရုပ်ရှင်ကို တင်ခဲ့ပါတယ်။ အဲ့ဒီနောက် နှစ်နိုင်ငံ နယ်စပ်မှာဖွင့်လှစ်ထားတဲ့ (နှစ်ဖက်လုပ်သားတွေရှိတဲ့) စက်မှုဇုန်ကိုလည်း ပိတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ထိုစက်မှုဇုန်ကတော့ မြောက်ကိုရီးယားအစိုးရအတွက် ငွေမာအဓိက ရှာပေးတဲ့ နေရာဖြစ်သလို၊ နှစ်နိုင်ငံလုပ်သားတွေ ရှိနေတာဖြစ်တဲ့အတွက် မြောက်ကနေ ရုတ်တရက် ၀င်ရောက်မတိုက်ခိုက်အောင် လူသားတံတိုင်း Human Shield သဖွယ်ဖြစ်အောင် ဖွင့်လှစ်ထားတဲ့ နေရာလို့လည်း ပြောလို့ရပါတယ်။

F-22 Raptor

ယခင်အချိန်တုန်းကတော့ မြောက်ကိုရီးယားဘက်က နူကိစ္စနဲ့ နဲနဲခြိမ်းခြောက်လိုက်တာနဲ့ နိုင်ငံတကာကနေ စားပွဲဝိုင်းပေါ် အရောက်ခေါ်ကာ စားစရာသောက်စရာလေးပေးလို့ နူကလိယားကိစ္စ စွန့်လွှတ်ဖို့အတွက် ပျားရည်နဲ့ ၀မ်းချနေကြဖြစ်ပါတယ်။ ဒီတစ်ခါတော့ နိုင်ငံတကာ၊ အထူးသဖြင့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ တစ်မျိုးတစ်ဖုံ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။ သူတို့ ဘယ်လိုပင် ပျားရည်နဲ့ ၀မ်းချခဲ့သော်လည်း မြောက်ကိုရီးယားဟာ သူတို့ရဲ့ နူကလီးယား ထုတ်လုပ်ရေးကို လက်မလွှတ်ခဲ့တဲ့အပြင် အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီလို့ကို ထုတ်ဖော်ပြောဆိုကာ စမ်းသပ်ခဲ့သည်အထိ စွာပြခဲ့ပါတော့တယ်။

တကယ်တော့ နူလီးယားကို ဖောက်ခွဲနိုင်တာနဲ့တင် လိုရာကို ပစ်ခတ်နိုင်ဖို့ ဖြစ်နိုင်တာမဟုတ်ပါဘူး။ ဒုံးပျံထိပ်ဖူးထဲထည့်ဖို့ သေးအောင်ချုံ့တာ၊ တခြားသော ရင့်ကျက်စရာ နည်းပညာတွေ အများကြီးကျန်ပါသေးတယ်။ အမေရိကန်အနေနဲ့ နူကလီးယားကို ဟိုးပဝေသဏီကတည်းက ပိုင်နိုင်တဲ့ နိုင်ငံဖြစ်တာရယ်၊ မြောက်ကိုရီးယားပေါ် စောင့်ကြည့်နေမယ့် သူတို့ရဲ့ ထောက်လှမ်းရေး ဂြိုလ်တုအချက်အလက်တွေကနေရယ် မြောက်ကိုရီးယားရဲ့ နူအဆင့်အတန်းဟာ ဘယ်လောက်ပဲရှိမယ်ဆိုတာကို ကောင်းကောင်း သိနိုင်မှာပါ။ နိုင်ငံရေးအရ အသေးစိတ်သိတာကို မပြောပြတာဖြစ်နိုင်ပါတယ်။ ဒါမှသာ သူတို့ ၀င်တိုက်ဖြစ်ခဲ့ရင် နူကိစ္စကြောင့်ဆိုတာမျိုး ခေါင်းစဉ်အလွယ်တကူ တပ်လို့ ရမှာဖြစ်ပါတယ်။

ပတ်ဂွန်းဟယ်

ယခင်တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် လက်ထက်တုန်းက တောင်ကိုရီးယား စစ်သင်္ဘောတစ်စီး နှစ်မြှုပ်ခံခဲ့ရတဲ့အခါနဲ့၊ တောင်ကိုရီးယားပိုင် ယောင်းဖျောင်းကျွန်းကို ပစ်ခတ်ခဲ့တာတွေမှာ အီမြောင်ဘက် အစိုးရကနေ ထိထိရောက်ရောက် ပြောဆိုလုပ်ကိုင်ခဲ့တာ မရှိတဲ့အတွက် ပြည်သူတော်တော်များများက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ လက်ရှိ သမ္မတကိုလည်း ရုပ်ရည်ကိုကြည့်ကာ ပျော့ညံ့မယ်လို့ အားလုံးက ထင်ကြေးပေးခဲ့ကြတာပါ။ ဒီအကြောင်းတွေကြောင့်ပဲ ယခုလက်ရှိ သမ္မတဟာ မိမိနိုင်ငံနဲ့ မိမိပြည်သူတွေကို ထိပါးလာရင် ချက်ချင်း လက်တုန့်ပြန်မယ်လို့ ပြောဆိုတာလား၊ သူမရဲ့ဖခင် ပတ်ဂျုံဟီးရဲ့ သွေးပဲပါလို့ ယခုလိုပြောဆိုတာလား ဆိုတာ စဉ်းစားစရာပါ။ သူမ ယခုလို ပြောဆိုနိုင်အောင်လည်း အမေရိကန်ရဲ့ ထောက်ခံမှုက နောက်က အပြည့်ဖြစ်ပါတယ်။

ကင်ဂျုံအွန်း

တစ်ဘက်က အသက် ၃၀ သာရှိသေးတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်သစ်ကလည်း၊ အများကမျှော်လင့်ခဲ့သလို အငတ်ငတ်အပြတ်ပြတ်ဖြစ်နေတဲ့ တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာနဲ့ အလျှော့ပေးဆက်ဆံကာ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြန်လည် ၀င်ဆန့်ဖို့ ကြိုးစားမယ် စိတ်မကူးဘဲ ဖခင်လက်ထက်က မအောင်မြင်သေးတဲ့ နူကလီးယားကိစ္စနဲ့ တာဝေးပစ် ဒုံးပျံတွေကိုပါ မိုက်မိုက်ကန်းကန်း ဆက်လက် အကောင်အထည် ဖော်ခဲ့ပါတယ်။ အမေရိကန်ကိုပါ အဆင်အခြင်မဲ့ ခြိမ်းခြောက်ခဲ့ပြန်ပါတယ်။ တကယ်တော့ သူဟာ လောကအကြောင်း ဘာမှ မသိတဲ့ လူငယ်လေးတစ်ဦးရယ်ပါ။ ကိုယ့်နိုင်ငံက တချို့သော သူတွေနဲ့ ယှဉ်ကြည့်ရင် သူရဲ့ စိတ်နေစိတ်ထားဟာ ဘယ်လိုပုံစံ ဖြစ်လောက်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ (တလောက ဟုတ်မဟုတ်တော့မသိ၊ ဦးသန်းရွှေမြေးက မော်တော်ပီကယ်ကို ပါးရိုက်ခေါ်ယူနှိပ်စက်တယ်ဆိုတဲ့ သတင်းတွေ့မိပါတယ်။ အခု မြောက်ခေါင်းဆောင်လေးဟာ သူ့ထက်သာတဲ့ အာဏာကို လက်ဝယ်ရထားသူ လူငယ်လေးပါ။)

နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ဒီလို လူငယ်လေးတွေကို ဆက်ဆံရတာ တော်တော်ကို ကသိကအောက်ဖြစ်မှာ အသေအချာပါပဲ။ သူတို့ လေ့လာထားတဲ့ နိုင်ငံရေး ကျမ်းကြီးကျမ်းခိုင်တွေထဲကနေ ပြသနာရဲ့ အဖြေရှာကိုရှာဖို့ ခက်ခဲပါမယ်။ မိဘက သားသမီးအပေါ်ထားတဲ့ မေတ္တာစေတနာမျိုး၊ နည်းဗျူဟာမျိုးလေးတွေ ရှာဖွေ ကျင့်သုံးကာ အဖြေရှာနိုင်ကြရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

စစ်ဆိုတာကတော့ မဖြစ်ရင် အကောင်းဆုံးဆိုတာ လူတိုင်း သိနားလည်ကြပါတယ်။ စစ်ဖြစ်ပြီဆိုလျင် ရှိသမျှ ငွေပုံအောကာ တိုက်ကြရပါတယ်။ ဟိုတနေ့က ကိုရီးယားကျွန်းဆွယ်ပေါ် ပျံဝဲခဲ့တဲ့ အမေရိကန်ရဲ့ B-2 လေယာဉ်နှစ်စဉ်းရဲ့ Operating cost ဟာ ဒေါ်လာ ၅.၆ သန်းလောက် ကုန်တယ်လို့ဆိုပါတယ်။ ဒါတောင် ပျံရုံလေးပဲ ရှိပါသေးတယ်။ တစ်စီးချင်းရဲ့ တန်ဖိုးဟာလည်း ၃ ဘီလျံလောက်ရှိပါတယ်။ F - 22 တိုက်လေယာဉ်တစ်စီးရဲ့ တန်ဖိုးဟာ ဒေါ်လာသန်း ၁၅၀ ခန့်ရှိပါတယ်။ သူကတော့ လက်ရှိ ဝေဟင်မှာ စီးချင်းထိုးရင် ပြိုင်ဘက်မရှိလောက်အောင် ကောင်းတဲ့ လေယာဉ်ပါ။ မြောက်ကိုရီးယားဘက်မှာတော့ ရုရှားလုပ်လေယာဉ်တွေနဲ့ တရုတ်နိုင်ငံထုတ် လေယာဉ်တွေရှိရာမှာ ရုရှားလုပ် MiG 29 လေယာဉ်ဟာ သူတို့အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ (မြန်မာနဲ့ တူပါတယ်)

လေကြောင်းအင်အားအရ သူတို့အနေနဲ့ ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။ ၂၁ ရာစု စစ်ပွဲဗျူဟာအရ လေတပ်အင်အားဟာ အရေးကြီးပါတယ်။ စစ်ပွဲစဖြစ်တာနဲ့ လေကြောင်းအင်အား သာတဲ့သူဟာ အရင်ဆုံး ရေဒါစခန်းတွေ၊ လေယာဉ်ပြေးလမ်းတွေကို ဖျက်ဆီးပါတယ်။ အဲ့ဒီနောက် တစ်ဖက်ရန်သူရဲ့ ခံတပ်ထဲမှာရှိတဲ့ ကိုယ့်ဘက်ကို ဒုက္ခအပေးနိုင်ဆုံးနေရာတွေကို စိတ်ကြိုက် ဝေဟင်ကနေ ပစ်ခတ်ဗုံးကြဲချပေးပြီး၊ ကုန်းကြောင်းက၀င်တဲ့ ကိုယ့်တပ်သားတွေ ကျဆုံးမှုအနည်းဆုံး အခြေအနေကို ဖန်တီးပေးရပါတယ်။

ဒါ့ကြောင့် လေကြောင်းအင်အား အပြတ်အသတ်ကွာနေတဲ့ မြောက်ကိုရီးယားဟာ တောင်နဲ့ အမေရိကန်တို့ရဲ့ ချေမှုန်းခြင်းကို အလွယ်တကူခံရမှာ အသေအချာပါပဲ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့လည်း သေချာပေါက်ရှုံးမှာ သိနေတဲ့ စစ်ပွဲတစ်ပွဲကိုတော့ မြောက်ကိုရီးယားအနေနဲ့ မတိုက်လောက်ပါဘူးလို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ကလေးသာသာ ဦးနှောဏ်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ငယ်လေးဟာ သူတို့ ထင်သလိုပဲ ဖြစ်လာမလားဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမည်သာ။

နူကလီးယားကို လိုရာကို မပစ်နိုင်ဘူးထား၊ သူ့ဟာသူ လုပ်ရင်းကိုင်ရင်း ထပေါက်ကွဲတောင် တောင်ကိုရီးယားဘက်ကိုတော့ လာရောက် ရိုက်ခတ်နိုင်တာပါ။ တော်ကြာ ခြိမ်းရင်းခြောက်ရင်း ဟန်ရေးပြရင်း မတော်တဆ ထပေါက်သွားမှာကိုလည်း စိုးရိမ်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ဆက်လက်တင်းမာမှုတွေကိုတော့ ရပ်တန်းက ရပ်တန့်သွားစေချင်ပါတယ်။ ခုချိန်ထိ အထိတ်တလန့် ဖြစ်ခဲ့သမျှကိစ္စ အ၀၀ကိုလည်း ဧပရယ် ဖူးဒေးလိုပဲ၊ ရုတ်တရက်လန့်ဖျန့်ပြီး ရယ်ရယ်မောမောနဲ့သာ ပြီးဆုံးသွားစေချင်ကြောင်းပါခင်ဗျာ။

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...