Sunday, April 7, 2013

မှန်ကြီး ... မင်းကွာ !!!!


နုနယ်တဲ့ နှလုံးသားလေးတွေ တက္ကသိုလ်မြေကို ခြေစချတဲ့နေ့.. အိပ်မက်တွေ ကိုယ်စီနဲ့ အင်ဂျင်နီယာ ကျောင်းသားသစ်လေးတွေ ကိုယ်အိပ်ရမယ့် ကုတင်နေရာတွေကို လိုက်လံရှာဖွေ နေရာယူကြတယ်။ လူဆယ်ယောက်ကျော် စုပြီး နေရမယ့်အခန်းဆိုတော့ တခြား ကျောင်းသားလေးတွေလည်း တဖွဲဖွဲ ရောက်လာကြလို့ အပြန်အလှန် နှုတ်ဆက်ကြတယ်။ တခြား အခန်းဖော် ကျောင်းသားတွေထက် ကျောင်းသား ၂ ယောက်ကို စိတ်ထဲမှာ သဘောကျမိတယ်။ တစ်ယောက်ကတော့ မိန်းကလေးလိုပဲ ဖြူဖွေးနုရွနေတဲ့ ခပ်ငယ်ငယ် ချစ်စရာကျောင်းသားလေး။ ကိုယ်က တောသား မဲမဲ ကြမ်းကြမ်းဆိုတော့ သူ့ကြည့်ရတာ ၀ါဂွမ်းလေးလိုပဲ နုရွနေတာပဲလို့ စိတ်ထဲမှာ တွေးမိတယ်။

နောက်တစ်ယောက် သဘောကျမိတာကတော့ ခပ်ပုပုတစ်ယောက်ပဲ၊ မျက်မှန်အထူကြီးနဲ့  ပြုံးတုံးတုံးလေးနဲ့ ရုပ်က ကိုင်ဇာနဲ့ ခပ်ဆင်ဆင်ရှိတဲ့ ဒီပဲယင်းက ဥဂ္ဂါဗိုလ်တဲ့။ နောင်တော့ သူတို့နှစ်ယောက်ဟာ ကိုယ့်ရဲ့ ညီတွေလိုပဲ ဖြစ်လာခဲ့တယ်။ ကျောင်းကိုစရောက်ပြီးလျင်ပြီးချင်းညမှာပဲ အခန်းထဲက ကျောင်းသားတွေ အားလုံး တစ်ဦးကိုတစ်ဦး အရမ်းကို ခင်မင်ရင်နှီး သွားကြတယ်။ အဲ့ဒီမှာ ဇာတ်လမ်းက စတော့တာပဲ။ အခန်းထဲက အထွားဆုံး အသက်အကြီးဆုံး ကျောင်းသားက အရမ်းကြမ်းကြမ်း တမ်းတမ်းလိုက်စနောက်တော့တာပဲ။

ရန်ဖြစ်တာကို ဥာဏ်နဲလို့၊ ပတ်ဝန်းကျင်ကို မှန်မှန်ကန်ကန် ရင်မဆိုင်တတ်လို့၊ ရင်မဆိုင်ရဲလို့ဆိုပြီး စိတ်ထဲမှာ ရှိပေမယ့် သူ့ကိုတော့ ကြာရှည်သည်းမခံနိုင်လောက်ဘူး၊ ပါးစပ်နဲ့ပြောလည်း ရမယ့်သူမဟုတ်ဘူး၊ တစ်ခါတော့ သူသေကိုယ်သေ တိုက်မှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး၊ တက္ကသိုလ်စရောက်ပြီး ဒုတိယနေ့မှာပဲ ကုတင်ပေါ် ၀မ်းလျားမှောက် စာဖတ်နေတဲ့ ကိုယ့်ကို လာတက်ဖိလို့ လိုက်လံထိုးကြိတ်မိခဲ့တယ်။ ပြီးတော့ နှစ်ယောက်သား ငြိမ်းချမ်းရေးယူလိုက်တယ်။ အဲ့ဒီနောက် ကိုယ့်ကို သူလာမနှောင့်ယှက်တော့ပါ။

သူအစအနောက် ဆုံးသူတွေကတော့ အဲ့ဒီ ပုပုလေးနှစ်ယောက်ပါပဲ၊ တစ်ခါတစ်လေ ခါးပတ်နဲ့ လိုက်ရိုက်ပြီးတောင် နောက်လေ့ရှိတယ်။ သူတို့ နှစ်ယောက်မခံနိုင်ရင် ကိုယ့်ကုတင်ပေါ်တက်ပြေးလာပြီး ကိုယ့်ကို ဒိုင်းလုပ်လုပ်လေ့ရှိကြတယ်။ နောက်တော့ ချမ်းအေးတဲ့ ဆောင်းရာသီ ရောက်လာတဲ့အခါတော့ ၀မ်းတွင်း ငါကအိပ်ရင် စောင်လွတ်တတ်တယ်၊ မင်းကုတင် ငါလာအိပ်မယ်ဆိုပြီး တစ်ယောက်အိပ် ကုတင်မှာ နှစ်ယောက်သား အတူတူ အိပ်ကြတယ်။ အိပ်တော့လည်း သူက အိပ်ရေးဆိုးလို့ ပြုတ်ကျမှာစိုးလို့ဆိုပြီး နံရံဘက်အိပ်တယ်။ တစ်ညတော့ သူကန်ချလို့ ကိုယ်ကုတင်ပေါ်က ပြုတ်ကျတော့တာပဲ။ ဒီအချိန်တွေဟာ ဘ၀မှာ မမေ့နိုင်ဘဲ အမှတ်ရနေတဲ့ အချိန်တွေပါ။ အမှတ်ရတိုင်းလည်း အဲ့ဒီ အချိန်ကာလတွေကို ရောက်ရှိသွားသလို ခံစားရတယ်။

အဲ့ဒီလိုနဲ့ ဥဂ္ဂါနဲ့ ကျွန်တော် အချစ်ဆုံး သူငယ်ချင်းတွေ စဖြစ်လာကြတယ်။ ပြီးတော့ နှစ်ယောက်လုံး လက်ဘက်ရည်နဲ့ ဆေးလိပ်ကြိုက်ကြတယ်။ ကိုယ့်ဆေးလိပ် သူယူသောက် သူ့ဆေးလိပ် ကိုယ်ယူသောက်နဲ့ ပျော်ပျော်ရွှင်ရွှင် ကျောင်းသားဘ၀ကို ဖြတ်သန်းကြတယ်။ အခန်းထဲမှာ ဆေးလိပ် မသောက်ရဘူးဆိုပြီး အဆောင်မှူးက တားမြစ်လာတဲ့အခါမှာလည်း အခန်းထဲကလူတွေ မကျေနပ်ရင် မသောက်ပါဘူး၊ တက္ကသိုလ်ကျောင်းသားတွေဖြစ်နေပြီ အဲ့ဒီလောက်ကြီးထိ စည်းကမ်းကြပ်ဖို့ မလိုပါဘူး၊ အဲ့ဒီလိုတွေ မနေချင်လို့ စစ်ထဲမ၀င်တာဆိုပြီး ဆရာကို ပြန်ပြောခဲ့တယ်။ အဲ့ဒီမှာ ဥဂ္ဂါက အခန်းထဲ ဆေးလိပ် သောက်လို့ရအောင်ပြောတဲ့အတွက် ဒီကောင်ပျော်သွားတယ်။

ပြီးတော့ သူ့ရဲ့ သတ္တိရှိပုံကို တစ်ခမ်းတစ်နား ကိုယ့်ကိုပြောပြတယ်။ "ငါတို့ဘက်က ရွာတွေက တော်တော်ကို မိုက်ကြတာကွ၊ ဘုရားပွဲဆို ဓါးလွယ်ပြီး သွားကြ၊ ရန်ဖြစ်ရင် ခုတ်ကြတာကွ။ တို့ရွာသားတွေ ဒီလောက် မိုက်ကြတာကို ငါ့အဖေနဲ့ အမေငါ့ကို ဘယ်လိုလုပ်မွေးတယ် မသိဘူး။ ငါဖြင့် ကြောက်တတ်လိုက်တာ တုန်လို့" ဆိုပြီး ပြောပြလို့ တော်တော်ရယ်ခဲ့ရတယ်။ ဆေးလိပ်ကိစ္စနဲ့ အခဲမကြေတဲ့  အခွင့်အရေးချောင်းနေပုံပေါ်တဲ့ အဆောင်မှူးက တစ်နေ့တော့ ဥဂ္ဂါကိုအပြစ်ပေးလို့ရတဲ့ အကြောင်းအရာရှာပြီး အပြစ်ပေးလိုက်တယ်။

အဲ့ဒီမှာ လူငယ်စိတ်ပဲ ရှိနေသေးတဲ့ ကိုယ်က ကိုယ့်အပေါင်းအသင်းထိရင် ဆတ်ဆတ်ထိမခံချင်တာကြောင့် ကျောင်းကိုအသွား လမ်းမှာထိပ်တိုက်တွေ့တဲ့ အဆောင်မှူးနဲ့ ပုခုံးချင်း ၀င်တိုက်ခဲ့တယ်။ အဆောင်မှူးကလည်း အသက်က ၃၀ လောက်ပဲရှိသေးတယ်။ သူနဲ့ကိုနဲ့ တကယ်လို့ ခိုက်ရန်ဖြစ်ကြရင် ကိုယ်ကျောင်းထွက်ရမှာလည်း သိတယ်။ ဒါပေမယ့် စိတ်မထိန်းနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် စာမသင်ရပေမယ့် ဆရာတစ်ယောက်အပေါ် မလေးမစား လုပ်မိခဲ့တယ်။ နောက်ပိုင်းမှာ ကိုယ့်ရဲ့ မကောင်းတဲ့ အဲ့ဒီစိတ်ရိုင်းတွေကို ထိန်းနိုင်အောင်ကြိုးစားခဲ့တယ်။ ကိုယ့်ကိုယ်ကို ကြိုးစားပြင်ယူခဲ့တယ်။

ပထမနှစ်မှာပဲ စုမှူးလိုလို ခွဲမှူးလိုလို လုပ်တဲ့၊ အဆောင်မှူးအချစ်တော် ခပ်ထွားထွား ကျောင်းသားကို ကျွန်တော်တို့ မျက်စိထဲ သိပ်မတွေ့ဘူးဖြစ်လာတယ်။ ဒါနဲ့ပဲ အခန်းထဲခေါ်ပြီး စနောက်ဖို့ တိုင်ပင်ကြတယ်။ အဲ့ဒီမှာပဲ ကျွန်တော်က မှော်ဆရာလုပ်ပြီး မှန်ကြီး(ဥဂ္ဂါဗိုလ်) ကို သရဲသွင်းပြီး ဒီကောင့်ကို နပန်းလုံးဖို့ အမိန့်ပေးတယ်။ သူရဲမ မနှင်းဆီတဲ့။ သရုပ်ဆောင်ကောင်းတဲ့ မှန်ကြီး ခပ်ပုပုလေးကို အဲ့ဒီလူထွားကြီး နပန်းပြိုင်မလုံးနိုင်ဘဲ ကုတင်ပေါ်က ပြုတ်ကျသွားပြီး သွေးထွက်သံယိုဖြစ်ပြီး ငိုသွားလို့ အဆောင်မှူးအပြစ်ပေးတာ ကျွန်တော်တို့ ခံလိုက်ရတယ်။ အဲ့ဒီလို အလွန်အကျွံ စတတ်နောက်တတ်တဲ့ အကျင့်တွေကို ကျွန်တော် ကြိုးစားပြင်ယူခဲ့တယ်။

တစ်ရက်မှာတော့ စာစီစာကုံးရေးခိုင်းတဲ့အခါမှာ စာဖတ်ပျင်းတဲ့ ဒီကောင်က အဆိုအမိန့်တွေကို ကျက်မထားတဲ့အတွက် သူရေးချင်တာရေးပြီး ပညာရှိကြီး အာဂုတ်(ဥဂ္ဂါ)က ပြောပါတယ်ဆိုပြီး ရေးလိုက်တဲ့နောက်ပိုင်း သူ့နာမည်ဟာ အာဂုတ်ဆိုပြီး ကျွန်တော်တို့ကြားမှာ ကျော်ကြားသွားတော့တယ်။

ဒုတိယနှစ်မှာ သောကြာသားနှစ်ယောက်က အရက်သွားသောက်ချင်လို့ အဖော်လိုက်ပေးပါဦးလို့ လာခေါ်တာနဲ့ ပုသိမ်ကြီးမြို့က အရက်ဆိုင်ကို စက်ဘီးကိုယ်စီနဲ့သွားကြတယ်။ ကျောင်းနဲ့က ၃ မိုင်လောက်တော့ ဝေးတယ်။ မန္တလေးစက်မှုကျောင်းကနေ အဲ့ဒီကို သွားရင်၊ ရန်ကင်းတောင်ကြီး ဘေးကနေ ကွေ့ဝိုက်သွားရတယ်။ ကျောက်တော်ကြီး ဘုရားကိုလည်း ဖြတ်သွားရတယ်။ အဲ့ဒီအချိန်မှာ ဘုရားက လူစားမယ်ဘာညာ သတင်းထွက်နေတဲ့အချိန်ပါ။ အဲ့ဒီလိုနဲ့ သူတို့နှစ်ယောက်က အရက်သောက် ကိုယ်ကအမြည်းစား အဖော်လုပ်ပေးတယ်။ ရေချိန်ကိုက်လာတော့ ကဗျာဆရာနဲ့ ဘုန်းကြီးကျောင်းထွက်နှစ်ယောက်က ပညာစွမ်းတွေ ပြကြတော့တယ်။ ကဗျာဆရာက ကဗျာတွေရွတ်၊ ဟိုကောင်က ပါဠိတွေနဲ့ ပြန်နှိပ်တယ်။ ဆူညံနေတဲ့သူတို့နှစ်ယောက်ကြောင့် ဘေးဝိုင်းက လူတွေကို တော်တော်အားနာရတယ်။ ပြသနာလည်း ထဖြစ်နိုင်တယ်။ ဒါနဲ့ ရေချိန်ကိုက်နေတဲ့ ကိုယ့်လူနှစ်ယောက်ကို ပြန်ဖို့ဖျားယောင်းပြီး ကျောင်းကို ပြန်လာခဲ့တယ်။

ည ၁၂ နာရီကျော်သွားပြီဆိုတော့ လမ်းမှာက လူသူမရှိသလောက်ပဲ၊ ကိုယ့်လူနှစ်ယောက်ကလည်း စက်ဘီးကို လမ်းအပြည့်စီးနေကြတယ်။ အဲ့ဒီလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် လူစားမယ်ဆိုတဲ့ ဘုရားရှေ့ရောက်မှ သူတို့နှစ်ယောက် စက်ဘီးတွေ လဲပြီး နှစ်ယောက်သား လှည်းလမ်းချောက်ထဲကျသွားတယ်။ တော်သေးတယ် လူတွေကို မထိခိုက်လို့၊ သူတို့နှစ်ယောက်ကတော့ "မရတော့ဘူး ဒီမှာပဲ အိပ်တော့မယ်" ဆိုပြီး လုပ်နေကြတယ်။ အေးကလည်းအေး မဖြစ်သေးပါဘူးဆိုပြီး လမ်းဘေးက စည်ပင်သာယာက လုပ်ထားတဲ့ သစ်ပင်ဘေးက ကာထားတဲ့ တုတ်ကိုဖြုတ်ယူပြီး သူတို့နှစ်ယောက်နား ဒုတ်တစ်ချောင်းထားပေးပြီး ကိုယ်တစ်ချောင်းယူလိုက်တယ်။ ပြီးတော့ ပုသိမ်ကြီးဘက် စက်ဘီးနဲ့ ပြန်နင်းလာပြီး၊ မီးလင်းနေတဲ့ အိမ်တစ်အိမ်ကိုဝင်ကာ သံပုရာသီး တောင်းရတယ်။ အဲ့ဒီသံပုရာသီးကို သူတို့နားထဲ ညှစ်ထည့်ပေးလိုက်မှ နှစ်ယောက်သားပြန်ထလာတယ်။ ပြီးတော့ ကျောင်းကို ကြိုးစားပြန်လာကြတယ်။

အဆောင်လည်း ရောက်ရော၊ မောင်မှန်ကြီးက ကျွန်တော်တို့ဆီလာတယ်။ ကျွန်တော်တို့အားလုံး ပထမနှစ်မှာ တစ်ခန်းတည်းနေခဲ့သူတွေဆိုတော့ ရင်းနှီးကြတယ်။ အဲ့ဒီမှာ တစ်ယောက်ကို မင်းမူးနေပြီဆိုပြီး နောက်တယ်။ အဲ့ဒီမှာ ဟိုကောင်ကလည်း မမူးသေးဘူးဆိုပြီးပြန်ပြောတယ်။ မှန်ကြီးက မင်းမမူးတာသေချာရင် ရေကန်ထဲခုန်ချကွာလို့ဆိုလိုက်တော့ အဲ့ဒီကောင် အဆောင်သားတွေချိုးတဲ့ ရေချိုးကန်ကြီးထဲ ခုန်ချသွားတယ်။

တစ်ခါမှာတော့ ကျွန်တော့်အခန်းဖော် နွဲ့တဲ့တဲ့ တစ်ယောက်ကို နောက်ကြပြန်တယ်။ "မှန်ကြီး မင်း ကိုယ်မှာ အရက်တွေစွတ်လာခဲ့။ ငါအပေါက်ကန့်လန့်မထိုးဘဲထားမယ်။မင်း အဲ့ကောင် ကုတင်ပေါ်တက်လုံးကွာ" ဆိုပြီးတိုင်ပင်ကြတယ်။ အဲ့ဒီညမှာ မှန်ကြီး အခန်းထဲရောက်လာပြီး ဟိုကောင့်ကုတင်တက်ပြီး နောက်တယ်၊ အဲ့ဒီမှာ သူတို့နှစ်ယောက် ရုန်းရင်းဆန်ခတ်တွေဖြစ်နေတုန်း ရယ်သံထွက်မှာစိုးလို့ ခေါင်းအုံးနဲ့ ဖိထားတဲ့ ကိုယ့်ပါးစပ်ကနေ ရယ်သံထွက်သွားတယ်။ ကျွန်တော်တို့ နှစ်ယောက်တိုင်ပင်ပြီး နောက်တာမှန်းသိသွားပြီး လိုက်ရိုက်လို့ ညကြီးမင်းကြီး ကျွန်တော်တို့ နှစ်ယောက် ထွက်ပြေးကြရတယ်။

တစ်ခါမှာတော့ မှန်ကြီးက အရက်သောက်ပြီး ပထမနှစ်တုန်းက သရဲလုပ်ပြီး နပန်းလုံးခဲ့တဲ့ ကောင်ကို နားရွက်မှာ တံတွေးသွားဆွတ်ပြီး ဟိုကောင်က လိုက်လုပ်တော့ ၀မ်းတွင်းရေ လုပ်ပါဦးကွဆိုပြီး အသံကုန်အော်လို့ ပြေးဖျန်ဖြေပေးရသေးတယ်။ သူနဲ့ကျွန်တော် ဆေးလိပ်ကြိုက်တာချင်းတူတယ်၊ အပျော်ကြိုက်တာချင်းတူတယ်၊ အစအနောက်သန်တာတူတယ်၊ ဘ၀ကို ပျော်ပျော်ပဲ ဖြတ်သန်းချင်တာချင်းတူတယ်။ အာဏာပါဝါပြတဲ့သူတွေကို မကြိုက်တဲ့နေရာမှာ တူတယ်။ ဒါပေမယ့် ကျွန်တော်က ဘယ်အရာမဆို အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်းပြုပြင်ခဲ့ပေမယ့် ဒီကောင်ကတော့ မပြုပြင်နိုင်တဲ့အပြင် ပိုလို့တောင် ဆိုးလို့သွားခဲ့တယ်ဗျာ။ ဒီလိုနဲ့ ခုတော့ ဒီကောင်အရက်မူးပြီး သုံးထပ်ဆောင်ပေါ်က ပြုတ်ကျလို့ မြောင်းထဲမှာတောင် အလောင်းကောက်ရတဲ့ အခြေအနေရောက်ပြီး ဘ၀ကို အဆုံးသတ်သွားတယ်။
သူသေပြီးမှ သူ့အကြောင်းတွေ ကျွန်တော် စိတ်မကောင်းစွာကြားရတယ်။ သူ့ကို ရူးတယ်ပြောတဲ့သူက ပြောကြတယ်။ မူးပြီး တောင်အော်မြောက်အော် အော်တတ်တဲ့သူ့ကို လူမိုက်လို့ ပြောတဲ့သူတွေက ပြောကြတယ်။ တကယ်တော့ သူဟာ မရူးပါဘူး၊ အပျော်ကြူးတတ်တဲ့ သူတစ်ယောက်ပါ။ သူဟာ လူမိုက်တစ်ယောက် မဟုတ်ပါဘူးဗျာ.. သူဟာ တကယ်ကို ကြောက်တတ်တဲ့ လူငယ်လေးတစ်ယောက်ပါ။ ငယ်ရွယ်စဉ်မှာ ပြင်သင့်တာတွေ မပြင်နိုင်ခဲ့ဘဲ ပိုပိုဆိုးသွားတဲ့ တန်ဘိုးရှိတဲ့ လူငယ်လေး တစ်ယောက်ရယ်ပါ။ မှန်ကြီး.. မင်းကွာ.. ငါကသာ ဆေးလိပ်ဖြတ်၊ ကွမ်းဖြတ်၊ မကောင်းတဲ့ စရိုက်တွေပြင်ခဲ့ပေမယ့် မင်းက ဘာတစ်ခုမှ မပြင်ခဲ့ဘူးကွာ...

မှန်ကြီး... မင်းကွာ .. !!!!


မောင်မျိုး(စက်မှု)
ဧပြီ ၇၊ ၂၀၁၃


(အချစ်ဆုံး သူငယ်ချင်း တစ်ယောက်ဆုံးပါးသွားတဲ့အတွက်၊ မျက်စိထဲမှာ သူနဲ့ ပက်သက်တာတွေ အလိုလို မြင်ယောင်လာတယ်။ အဲ့ဒီလို အာရုံမှာ ပေါ်နေတဲ့ ပုံရိပ်ကလေးတွေကို ချရေးခြင်းမျှသာ)





No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...