Sunday, April 7, 2013

သူငယ်ချင်းမှန်ကြီး မဆုံးပါးခင်က ပြိုင်ဘက်မှန်ကြီးက အမှတ်တရ ရေးခဲ့တဲ့စာ


အချစ်ဆုံး သူငယ်ချင်းတစ်ယောက် အဖြစ်ဆိုးနဲ့ ဆုံးပါးသွားခဲ့တယ်။ သူမဆုံးခင်က သူ့သူငယ်ချင်း၊ ကျွန်တော့်အခန်းဖော်က သူ့အကြောင်း အမှတ်တရ ဒီလိုရေးခဲ့တယ်။

Roll No. 2EP-49 နဲ့ ကျောင်းတော်က မဟာပြိုင်ဘက်
---------------------------------------------

ပြိုင်ဘက်… ပြိုင်ဘက်… 
ဟုတ်တယ် … ဒီကောင်နဲ့ ကျုပ်နဲ့က မဟာပြိုင်ဘက်တွေ … 
Engineering X-University Friends မှာ ဖိုးချမ်းရေးထားတာ ဖတ်လိုက်ရတော့
ဒီကောင့်အကြောင်း ခေါင်းထဲရောက်လာတယ် …
ဒီကောင်နဲ့ကျုပ်နဲ့က တစ်ယောက်နဲ့တစ်ယောက် အရည်အချင်းကတော့ သိပ်မကွာလှဘူးရယ် …
ကျုပ်ကို အညာမှာ အမေမွေးထဲက အသားညိုတယ် အရပ်ပုတယ် …
ဒီကောင်ကလည်း ကျုပ်လိုပဲ သိပ်မထူးလှဘူး ... အသားညိုညို အရပ်ခပ်ပုပု …
ဒီကောင်ဟာ မွေးကတည်းက ကျုပ်နဲ့ပြိုင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်လာသလားလို့တောင်ထင်ရတယ် …
ပြင်ဦးလွင်မှာတုန်းကတောင် ကျုပ်တို့ရဲ့ပြိုင်ဆိုင်မှုက ဒီလောက်မကြီးသေးဘူး…
ရန်ကင်းဆောင်တစ်ခုထဲမှာ အတူတူနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဘာသိဘာသာရယ် …
MTU ဆိုတဲ့ ကျောင်းတော်ကြီးကိုရောက်မှ ဒီကောင်နဲ့ ကျုပ်ရဲ့ဇာတ်လမ်းကစတာ …
ငယ်ငယ်တုန်းက ကျုပ်ဘာသာ သိုင်းစာအုပ်တွေအတွဲလိုက် အဖတ်ကောင်းလို့
၅ တန်း ၆တန်း ထဲက ပါဝါမျက်မှန်အထူကြီး တပ်ရတယ်ဗျာ …
ဒါကိုဒီကောင်က ကျုပ်နဲ့ လိုက်ပြိုင်တယ် …
သူကလည်းမျက်မှန် အထူကြီးနဲ့ ...
အထက်တန်းကျောင်းမှာ ငယ်ပေါင်းတွေက ကျုပ်ကို မှန်ကြီးလို့ခေါ်ကြတယ် …
ဒါကိုဒီကောင်က ကျုပ်နဲ့ လိုက်ပြိုင်တယ် …
MTU မှာ မှန်ကြီးဆိုတဲ့နာမည် ဒီကောင်ယူသွားပြန်တယ် …
ကျုပ်က လည်ပင်းမှာ အပူအကျိတ်ပေါက်ပြီး Minor Operation လုပ်ရလို့
လည်ပင်းမှာအနာကြီးနဲ့ ကျောင်းမှန်မှန် မတက်နိုင်ဘူးဗျာ …
စာမေးပွဲဖြေဖို့ သတ်မှတ်ထားတဲ့ Roll Call အပြည့် မရဘူး …
ဒါကိုဒီကောင်က ကျုပ်နဲ့ လိုက်ပြိုင်တယ် …
ဘယ်တော့မှ ကျောင်းမှန်မှန် မတက်ဘူး ...
Lecture ချိန်တွေမှာ ကျုပ်က ကဗျာရေးသလို စာတွေးသလိုနဲ့ ရှေ့ကဆရာတွေသင်သွားတာ ဘာမှ မသိလိုက်ဘူး …
စာမေးပွဲဖြေတော့ အမှတ်တွေက အနည်းဆုံးရတယ် …
ဒါကိုဒီကောင်က ကျုပ်နဲ့ လိုက်ပြိုင်တယ် …
ဘယ်တော့မှ အမှတ်မကောင်းဘူး ...
EP Major မှာ ကျုပ်ရဲ့ဒုတိယနှစ် ခုံနံပါတ်က 2EP-49
ဒုတိယနှစ် စာမေးပွဲအောင်စာရင်းတွေထွက်တော့ သူများတွေ Roll-1 ရဖို့ ပြိုင်ကြသလိုပေါ့ဗျာ …
ဒီကောင်နဲ့ ကျုပ်နဲ့ ပြိုင်ကြတယ် …
ဘယ်လိုပြိုင်လဲဆိုတော့ …
စာမေးပွဲဖြေပြီး ကျောင်းနှစ်ပတ်ပိတ်လို့ အိမ်ပြန်သွား …
ခွင့်ရက်စေ့လို့ကျောင်းကိုပြန်လာတော့ အဝတ်အစားအိတ်တွေ ဘေးမှာချ Main Building ရဲ့ မျက်နှာစာမှာ အောင်စာရင်းကြည့်တယ် …
ကိုယ့်နံမည် စာရွက်မှာပါပြီဆိုမှ ဒီနှစ်အတွက်တော့ စိတ်အေးရပြီဆိုပြီး သက်ပြင်းကိုအသာချ ...
ဒါနဲ့တင် မပြီးသေးဘူးဗျ …
EP Major ရဲ့ နောက်ဆုံးဘိတ် Roll No. ကိုရဖို့ ဒီကောင်နဲ့ ကျုပ်နဲ့ ပြိုင်ကြတယ် …
ကျုပ်ရဲ့ Roll No.က (54) …
တစ်မေဂျာလုံးပေါင်းမှ လူအယောက် (60) ...
အဆင့်မြင့်မြင့်နဲ့ နောက်ဆုံးကအောင်တယ် …
ဒီကောင်နဲ့ ကျုပ်နဲ့ ပြိုင်ကြတာမှာ
ဘယ်သူနိုင်သွားသလဲတော့ မပြောပြတော့ပါဘူး …
ဖိုးချမ်းရေးထားတာ ဖတ်ပြီးတော့ ကျုပ်ရဲ့ ကျောင်းတော်က မဟာပြိုင်ဘက်ကြီးကို သတိတရဖြစ်မိလို့
ဒီစာကိုကောက်ရေးလိုက်တာပါ …
ဟိုတစ်လောကတော့ မှန်ကြီးလို့ ကျွန်တော်တို့ချစ်စနိုးခေါ်တဲ့ ဥက္ကာဗိုလ် ဝန်ကြီးရုံးကို ကျောင်းကိစ္စတစ်ခုနဲ့ ရောက်လာပါရော ...
ကျွန်တော့်ကိုတွေ့တော့ ဒီကောင်ဘာပြောတယ်ထင်လဲ ...
ဟေ့ကောင် စိုးမင်းထွန်း မင်း EP မှာ ငါ့ကို မယှဉ်နိုင်လို့ ကြောက်ပြီး ရန်ကုန်က Aero မေဂျာကို ပြောင်းပြေးသွားတာမဟုတ်လားတဲ့ ...
သြော် … ပြိုင်ဘက်… ပြိုင်ဘက်…

{… ဒီစာလေးရေးဖြစ်ဖို့ အတိတ်က ဖြစ်ရပ်များကို အစဖော်ပေးသော ဖိုးချမ်းအား ကျေးဇူးအထူးတင်ပါသည် …}


စိုးမင်းထွန်း

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...