Thursday, April 4, 2013

တောင်ကိုရီးယားကို ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ F-22 တိုက်လေယာဉ်တွေ စစ်ဖြစ်ခဲ့ရင် ဘယ်လိုအသုံးတော်ခံမလဲ

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ Eagle Foal စစ်ရေးလေ့ကျင့်မှုတွေအတွက်ဆိုပြီး ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကနေ တောင်ကိုရီးယားနိုင်ငံ အိုဆန်ကို အမေရိကန်ရဲ့ နောက်ဆုံးပေါ် တိုက်လေယာဉ်ဖြစ်တဲ့ F-22 တိုက်လေယာဉ်တွေ ရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်ဟာ မကြားသေးခင်ကပင် ရေဒါရှောင်လွှဲနိုင်သော ဗုံးကြဲလေယာဉ် B-2 နှင့် B-52 ဗုံးကြဲလေယာဉ်တွေ ပို့လွှတ်ခဲ့ပြီး၊ ယခုတဖန် ရေဒါရှောင်လွှဲနိုင်သော နောက်ဆုံးပေါ် တိုက်လေယာဉ်တွေ ဆက်လက်လို့ ပေးပို့လာခဲ့ပါတယ်။ အမေရိကန်ဟာ မြောက်ကိုရီးယားကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီဆိုရင် ယခု ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ခေတ်အမီဆုံး တိုက်လေယာဉ်တွေဟာ ဘယ်လိုတွေများ အသုံးတော်ခံပါမလဲ ?

ဗုံးကြဲလေယာဉ်တွေဆိုတာ တကယ်တမ်းတော့ သတ်မှတ်ထားတဲ့ ပစ်မှတ်အပေါ်ကို အတိအကျ ဗုံးကြဲချနိုင်အောင် တည်ဆောက်ထားကြတာပါ။ သူတို့ရဲ့ အားနည်းချက်ကတော့ ရန်သူ့ဘက်ကနေ ဝေဟင်ပေါ် သူတို့ရောက်ရှိနေတာကိုသာ သိရှိသွားပြီး တိုက်လေယာဉ်တွေ (Interceptors,Fighters) နဲ့ လိုက်လံ ပစ်ခတ်မှာကို စိုးရိမ်ရတာပါပဲ။ အမြန်နှုန်းအားဖြင့်လည်း တိုက်လေယာဉ်များကို မယှဉ်သာသလို၊ ပြန်လည်တိုက်ခတ်နိုင်စွမ်းလည်း မရှိသလောက်ပါ။ ဒါ့ကြောင့် အမေရိကန်ရဲ့ B-2 ဗုံးကြဲလေယာဉ်မှူးများရဲ့ ပထမ အားကိုးရာကတော့ သူတို့လေယာဉ်ရဲ့ ရေဒါရှောင်နိုင်တဲ့ Stealth နည်းပညာပါပဲ။ ရန်သူ့နယ်မြေထဲဝင်တာနဲ့ အဆက်အသွယ်တွေ အားလုံးဖြတ်တောက်ကာ တိတ်တိတ်ကလေး ဗုံးကြဲလို့၊ မိမိတို့ဗုံး မြေပေါ်မကျခင် လာရာလမ်းအတိုင်း ပြန်လှည့်ကာ သုတ်ခြေတင် ပြေးကြရတာပါ။
သူတို့ရဲ့ ဒုတိယ အားကိုးအားထားပြုရတာကတော့ ယခုလောလောဆယ်မှ ကိုရီးယားမြေပေါ်ခြေကျလာတဲ့ သူတို့လို ရေဒါရှောင်လွှဲနိုင်တဲ့ နောက်ဆုံးပေါ် တိုက်လေယာဉ် F-22 တွေပါပဲ။ ဒီတိုက်လေယာဉ်တွေဟာ သူတို့နဲ့အတူ လိုက်ပါပျံသန်းပြီး သူတို့အပေါ်ဒုက္ခပေးလာနိုင်တဲ့ ရန်သူ့တိုက်လေယာဉ်တွေကို တိုက်ခိုက်ချေမှုန်းပေးနိုင်ကြပါတယ်။ F-22 လေယာဉ်တွေဟာ ဝေဟင်မှာ စီးချင်းထိုးဖို့အတွက် အဓိကထားပြီး အထူးပြု တည်ဆောက်ထားတဲ့ လေယာဉ်တွေပဲဖြစ်ပါတယ်။ ကြိုက်တဲ့သူတက်လာခဲ့ ဝေဟင်မှာ လေယာဉ်မရွေးဘူးဆိုပြီး လက်ခမောင်းခတ်နိုင်တဲ့ လေယာဉ်တွေဖြစ်ပါတယ်။ မြောက်ကိုရီးယားဘက်မှာ ရှိနေတဲ့ ခေတ်မမီတော့တဲ့ ရုရှားလုပ် MiG လေယာဉ်တွေကတော့ တောင်ကိုရီးယားတပ်မှာ ရှိနေတဲ့ အမေရိကန်ထုတ် F-15 တိုက်လေယာဉ်တွေကိုပင် ယှဉ်နိုင်ဖွယ်မရှိပါဘူး။

F-22 လေယာဉ်တွေဟာ ဝေဟင်စီးချင်းထိုးဖို့ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ယမန်နှစ်က အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ဒေါ်လာ 6.9 ဘီလျံအကုန်အကျခံကာ F-22 လေယာဉ်တွေရဲ့ Software and Hardware တွေကို အဆင့်ထပ်မြှင့်ထားလိုက်တဲ့အတွက် အခုဆိုရင် F-22 တွေဟာ ဘက်စုံသုံးလို့ရတဲ့ လေယာဉ်တွေအဆင့်ကို ပြောင်းလဲသွားပြီဖြစ်ပါတယ်။ F-22 တွေဟာ ခုဆိုရင် ဝေဟင်ပစ်မှတ်တွေသာမက မြေပြင်က ပစ်မှတ်တွေကိုပါ ထောက်လှမ်းနိုင်တဲ့ Synthetic Aperture Radar (SAR) တွေ တပ်ဆင်ထားပြီးဖြစ်သလို၊ ပေါင် ၂၅၀ ခန့် အလေးချိန်ရှိတဲ့ အသေးစား မြေပြင်ပစ်ဗုံးတွေကိုပါ သယ်ဆောင်သွားနိုင်ပြီဖြစ်ပါတယ်။

ဒါ့ကြောင့် F-22 လေယာဉ်တွေဟာ B-2, B-52,B-1 လေယာဉ်တွေကို လိုက်ပါကာကွယ် စောင့်ရှောက်ပေးတဲ့ HVAAE (Hight Value Air Asset Escort) လုပ်ငန်းစဉ်အပြင်၊ အကယ်၍ လိုအပ်ပါက ဗုံးကြဲလေယာဉ်များ ကြဲချရာပစ်မှတ်ကိုပင်ဖြစ်စေ၊ တခြားနီးစပ်ရာ မြေပြင်ပေါ်မှ ပစ်မှတ်များကိုဖြစ်စေ (Air to Surface) ကူညီပစ်ခတ်ပေးနိုင်စွမ်းရှိသော ကမ္ဘာ့စွမ်းရည်အမြင့်မားဆုံး ပဉ္စမမြောက်မျိုးဆက် တိုက်လေယာဉ်များဖြစ်ပါကြောင်း ။  ။

မောင်မျိုး(စက်မှု)

(စစ်ပွဲ သုံးသပ်ချက် မဟုတ်ပါ၊ ကိုယ့်သုတေသနနဲ့ ပက်သက်ပြီး ဟိုး ၁၉၈၀ လောက်ကတည်းက သန္ဓေတည်ခဲ့တဲ့ F-22 ဖြစ်လာစေမယ့် သုတေသနတွေကို ဖတ်ရှုလေ့လာနေစဉ်ကတည်းက F-22 ကို အရမ်းမြင်ဖူးချင်၊ သဘောအကျကြီးကျခဲ့တာပါ။ တကယ့်ကို Perfect Beauty and the Beast ပါပဲ။ အကြောင်းတိုက်ဆိုင်လာလို့ သူ့အကြောင်းလေး အနည်းငယ် ရေးလိုက်တာပါ။)
F-22 အကြောင်း ယခင်က အနည်းငယ် ရေးထားတာကို အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...