Saturday, May 4, 2013

ဝန်ထမ်းဖြစ်ရတဲ့ဒုက္ခ

မေ ၂
ရန်ကုန်တိုင်းမ် သတင်းစာ

ကိုဆွေရေ.. တော်တော်ကိုဆိုးပါတယ်ဗျာ၊ အဲ့ဒီ မြောက်ကိုရီးယား ငနဲလေး ကင်မ်ဂျုံအွန်းလေ။ တစ်မျိုးပြီးတစ်မျိုး ခြိမ်းခြောက်လိုက်တာ လွန်ပါလေရော။ သူ့ရဲ့ နူကလီးယား စမ်းသပ်မှုကို UN ကနေ ပိတ်ဆို့မှုအသစ်တွေချမှတ်တာရယ်၊ တောင်ကိုရီးယား အမေရိကန် ပူတွဲစစ်ရေး လေ့ကျင့်မှုတွေရယ်ကို ပြန်လည်တုန့်ပြန်တဲ့အနေနဲ့ ခြိမ်းခြောက်မှုတွေကို ဆက်တိုက်ကို လုပ်ဆောင်လာတော့တယ်ဗျာ။ အဆိုးဆုံးကတော့ အမေရိကန်ကို တိုက်ခိုက်တဲ့ ပုံစံပြုလုပ်ထားတဲ့ ခပ်ညံ့ညံ့ ဗီဒီယိုတစ်ခုကို သူတို့ သတင်းဌာနက ထုတ်လွှင့်ခဲ့သလို Youtube မှာလည်း တင်ခဲ့တယ်လေ။

ဒါတွေဟာ ကျွန်တော်တို့ စိုးရိမ်မှုတွေကို ပိုမိုကြီးမားစေခဲ့တယ်ဗျာ။ အရင်ကတော့ သူတို့ တစ်ခုခုလိုချင်ရင် ဒီလိုပဲ မျောက်ပြဆန်တောင်း လုပ်နေကျပဲလေလို့ သဘောထားပေမယ့် ဒီတစ်ခါတော့ အခြေအနေတွေကလည်း အရင်ကနဲ့ မတူတော့ဘူးလေ။ သူတို့က နူကလီးယားကိုလည်း အောင်မြင်သွားပြီလို့ ကြေငြာထားသလို တိုက်ချင်းပစ် ဒုံးကျည်တွေလည်း ပိုင်ဆိုင်ထားပြီး အဲ့ဒီ နည်းပညာတွေကို အီရန်၊ ဆီးရီးယားလို နိုင်ငံမျိုးတွေကို ဖြန့်ဖြူးနေတာကိုးဗျ။ အဲ့ဒီလို နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို အကြိမ်ကြိမ်ချိုးဖောက်ပြီး အခုတော့ အမေရိကန်ကို တိုက်ရိုက်စိန်ခေါ်မှုတွေကိုပါ လုပ်ဆောင်လာတာဟာ တော်တော်ကို အန္တရာယ်ကြီးပါတယ်။

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မြောက်ကိုရီးယားကို နူကလီးယားကိစ္စ လက်လျှော့ဖို့အတွက် စားပွဲဝိုင်းပေါ်ခေါ်ကာ ရိက္ခာတွေ ဘယ်လိုပေးပေး သူတို့ဟာ စွန့်လွှတ်ခြင်းမရှိဘူးဆိုတာရယ်၊ လက်နက်နည်းပညာ ဖြန့်ဖြူးတာတွေ၊ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်တို့ကို ခြိမ်းခြောက်တာတွေရယ်ဟာ သေချာစဉ်းစားကြည့်ရင် တစ်ခုခုတော့ ပြတ်ပြတ်သားသား လုပ်ကိုင်ဖို့ လိုလာပြီဆိုတာကို ပြသနေတာပါပဲ။ တောင်ကိုရီးယားလို အခြေခံအဆောက်အဦးတွေ နည်းပညာတွေ တောင့်တင်းပြီးသားဖြစ်တဲ့ ကမ္ဘာ့ထိပ်တန်း နိုင်ငံအနေနဲ့ သူ့မြေပေါ်မှာ စစ်ပွဲဖြစ်မှာကို ဘယ်လိုမှ လိုလားမှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ဖက်က အသက် ၃၀ သာရှိသေးတဲ့ အာဏာရှင်လေးရဲ့ စိတ်ကတော့ ခန့်မှန်းရခက်ပါတယ်။

သူ့အနေနဲ့ သူ့ရှေ့က ဟူစိန်၊ ကဒါဖီတို့လမ်းကို လိုက်မလား၊ သူ့နိုင်ငံစစ်အင်အား တောင့်တင်းအောင်လုပ်မလားဆိုတာ ဆွစ်ဇာလန်မှာ ပညာသင်ကြားခဲ့တဲ့ ဒီကောင်လေး စဉ်းစားပြီးသားဖြစ်တယ်ဆိုတာကို လတ်တလော လုပ်ဆောင်ချက်တွေက သက်သေခံနေတယ်မဟုတ်လားဗျာ။ နူကလီးယားကိစ္စ လက်လျှော့ခဲ့တဲ့ သူ့ရှေ့က ခေါင်းဆောင်တွေ ခွေးသေ၀က်သေသေခဲ့ရတာကို ဒီကောင်လေးမြင်ထားပြီး သင်ခန်းစာ ကောင်းကောင်းယူကာ နူကလီးယားကိစ္စကို ရှေ့ဆက်လုပ်ဆောင်သလို၊ ကိုရီးယားတစ်နိုင်ငံတည်း ဖြစ်ရမယ်ဆိုတဲ့ သူတို့လူမျိုးတွေရဲ့ ရည်မှန်းချက်၊ တောင်ကိုရီးယားကို ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ရေဒါရှောင်လွှဲနိုင်တဲ့ တိုက်လေယာဉ်၊ ဗုံးကျဲလေယာဉ်တွေဟာ ကျွန်တော်တို့ရဲ့ စိုးရိမ်စိတ်တွေကို တရိပ်ရိပ် တက်လာစေခဲ့တယ်ဗျာ။ သူ့နိုင်ငံထဲက သံတမန်တွေရဲ့ လုံခြုံရေးကို ဧပြီ ၁၀ ကျော်ရင် တာဝန်မယူနိုင်တော့ဘူး ထွက်ချင်ကထွက်သွားကြလို့ပြော၊ ပြီးတော့ နှစ်နိုင်ငံ ပူးပေါင်းဖွင့်ထားတဲ့ စက်မှုဇုန်ကိုလည်းပိတ်၊ တောင်ကိုရီးယားဘက်က နိုင်ငံခြားသားတွေ စစ်ရဲ့သားကောင်မဖြစ်စေလို အမြန်ထွက်ခွာကြပါလို့ ကမ္ဘာမှာ တစ်ခုတည်းသော ဒေါသတကြီးပြောဆိုသောအသံနဲ့ လွှင့်တဲ့ သူတို့ သတင်းဌာနက ကြေငြာလိုက်တဲ့အခါမှာတော့ အိမ်က ကျောင်းအစ်မကြီးခမျာ သမာဓိက ကြမ်းကြားညှပ်သွားပြီး ပျာပျာသလဲနဲ့ အိမ်ပြန်ဖို့ လေယာဉ်လက်မှတ် အမြန်စီစဉ်တော့တာပဲဗျို့။

အဲ.. အိမ်ပြန်တယ်ဆိုတာ ကျောင်းအစ်မကြီးအတွက် လွယ်ကူပေမယ့် ကျွန်တော်တို့လို ၀န်ထမ်းတွေအတွက်တော့ မလွယ်ဘူး မဟုတ်လားဗျာ။ ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်မှာ ဆိုပေမယ့်… ပြန်ချင်တိုင်း ပြန်လို့ ရတာမဟုတ်ဘူးလေ။ ပထမဦးဆုံး ဒီနိုင်ငံက ကိုယ့်ပါမောက္ခကို အိမ်ပြန်ခွင့်ပြုဖို့ ပြောရတယ်။ သူက “အေးအေး မိဘတွေက စိုးရိမ်နေရှာမှာပေါ့ ပြန်ရင်လည်း ပြန်ပေါ့ သိပ်တော့ မကြာစေနဲ့ပေါ့လို့” ပြောတဲ့အခါ တစ်ဆင့်တိုးလို့ အဲ့ဒီလို ပြန်ခွင့်ပြုတာကို စာနဲ့ ရေးပေးပါလို့ ထပ်ဆင့်တောင်းဆိုရပြန်ပါတယ်။ သူက ကျွန်တော့်ကို နားမလည်နိုင်တဲ့ ပုံစံနဲ့ကြည့်ပြီး “မင်းကို ငါက ပြန်ခွင့်ပေးတယ်လို့ ပြောပြီးပြီလေ ဘာလို့ ငါ့ကို စာထပ်ရေးခိုင်းနေသေးတာလဲ” လို့ ပြောတဲ့အခါမှာတော့ ကျွန်တော်တို့ မင်းမှုထမ်းများရဲ့ ရှည်လျားထွေပြားတဲ့ လုပ်ငန်းစဉ်ကို ရှက်ရှက်နဲ့ ရှေ့မျက်နှာ နောက်ထားပြီး ရှင်းပြရတယ်။

ကိုဆွေရေ.. ခင်ဗျားသိတဲ့အတိုင်းပဲ.. ကျွန်တော်တို့ ကိုယ့်နိုင်ငံကို ပြန်မယ်ဆိုရင် ပထမဦးဆုံး ပါမောက္ခရဲ့ အိမ်ပြန်ခွင့်ပြုသည်ဆိုတဲ့စာ လိုတယ်လေ။ အဲ့ဒီစာပါမှ သံရုံးကနေတဆင့် ကိုယ့်ဝန်ကြီးဌာနကို မြန်မာပြည်ကို ပြန်လာခွင့်ပြုဖို့ ဆက်လက်စာတင်ရတယ်။ ဒီနိုင်ငံက ဆရာ့ဆီ ခွင့်ပြုစာရေးပေးဖို့ တောင်းတဲ့အခါ တော်တော်ဒုက္ခရောက်တယ်ဗျ။ သူတို့တွေက ကိုယ့်နိုင်ငံကို ကိုယ်ပြန်မှာကို ဘာလို့ သူတို့ဆီကနေစာလိုရတာလဲ၊ မင်းဟာ မင်းနိုင်ငံမှာ မင်းမှုထမ်းလား မင်းပြစ်မင်းဒဏ် သင့်ထားသူလားလို့တောင် တွေးထင်သူတွေက တွေးကြတယ်ဗျ။ သူတို့တွေးမယ်ဆိုလည်း တွေးစရာပဲကိုးဗျ.. သူတို့နိုင်ငံမှာက နိုင်ငံခြားကို ဥဒဟို သွားနေကြတာ မဟုတ်လား။ ကျွန်တော်တို့လိုတွေသာ စာတစ်တန်ပေတစ်တန် လုပ်နေရရင် သူတို့ရဲ့ လုပ်ငန်းတွေ ဘယ်လိုမှ လည်ပတ်လို့ ရမှာမဟုတ်ဘူးမဟုတ်လား။

ကျွန်တော်တို့ဆီမှာတော့ ခုလို စာတစ်တန်ပေတစ်တန် အကျိုးမရှိ သူများနိုင်ငံသား ကိုယ့်ကို အထင်သေးစေမယ့် စနစ်ဆိုးမျိုးတွေကို ဘယ်အချိန်က တီထွင်ထားတယ်မသိပါဘူး။ ဒီမိုကရေစီခေတ်ကို ရောက်လာပေမယ့်လည်း ခုလို အကျိုးမရှိတဲ့ လုပ်ငန်းစဉ်တွေကိုပဲ ကိုယ့်ရဲ့တကယ့်အစစ်အမှန် လုပ်ငန်းတာဝန်ကြီး တစ်ရပ်အနေနဲ့ ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ ပညာတတ်ဆိုသူများဟာလည်း အံ့မခန်းပါပဲလားဗျာ။ အထက်က ပြောသမျှ ခိုင်းသမျှ ခေါင်းငုံ့ပြီးလုပ်၊ ခေါ်သံကြားရင် ဘုရားထူးတယ်ဆိုတာ ကျွန်တွေရဲ့ အလုပ်မဟုတ်လားဗျာ။ ဒီနေရာမှာ ဆရာကြီးတက်တိုးရဲ့ နာမည်ကြီး လက်ရာတစ်ခုဖြစ်တဲ့ ၁၉၅၀ ခုနှစ်က စာပေဗိမာန်ဆုရစာအုပ်ဖြစ်တဲ့ “မင်းမှုထမ်း” ဆိုတဲ့ စာအုပ်ထဲက ဖခင်ဦးလှအောင်ကနေ ကောလိပ်သွားမယ့် သားမောင်တင်သိန်းကို ပြောတဲ့စကားကို သွားပြီး သတိရမိတယ်ဗျ။
 “မင်းတို့ အခု သင်နေရတဲ့ပညာဟာ နောက်ဆုံးတော့ ကျွန်အလုပ်လုပ်ဖို့ပါပဲ။ မင်းကို ကောလိပ်ပို့ရတာကတော့ ကျွန်ဖြစ်တာချင်း အတူတူ ကျွန်ကြီးဖြစ်ပါစေဆိုတဲ့ သဘောနဲ့ပါကွာ။ ဒီထက်တော့ ပိုမထူးနိုင်ပါဘူး။”
ဆရာတက်တိုးရဲ့ မင်းမှုထမ်း ၀တ္ထုဟာ မျက်နှာဖြူ အုပ်ချုပ်သူ လူတန်းစားကို ဒူးတုတ်ရှိခိုး၊ ဘုရားထူးရသော ထိုအချိန်က မင်းမှုထမ်းများရဲ့ ဘ၀ကို နောက်ခံထားကာ ရေးဖွဲ့ထားတဲ့ ၀တ္ထုပါ။ ခုခေတ်ခုချိန်ခါမှာလည်း ခိုင်းတာလုပ်၊ ပေးတာယူ၊ စေရာသွား ဆိုတာတွေသာ လုပ်နေမယ်ဆိုရင် ကိုယ်ဟာ ကျွန်တစ်ယောက်နဲ့သာ အလားသဏ္ဍန် တူနေလိမ့်မယ် မဟုတ်လားဗျ။
တကယ်တော့ ခုလိုဒီမိုကရေစီခေတ်မှာက အပြန်အလှန် လေးစားပြီး၊ ဆွေးနွေးညှိနှိုင်း အဖြေရှာတာမျိုးသာ ဖြစ်သင့်တာမဟုတ်လားဗျာ။ ကိုယ်က လက်အောက် ငယ်သားမို့ သူခိုင်းတာ လုပ်ရမယ်ဆိုတဲ့ စိတ်ထားမျိုးကို နိုင်ငံတော် ယန္တရားကြီးရဲ့ ထောက်တိုင်တွေဖြစ်တဲ့ ပြည်သူ့ဝန်ထမ်းတွေ အနေနဲ့ မရှိသင့်တော့ဘူးလို့ ကျွန်တော်တော့ ထင်တယ် ကိုဆွေရေ။ ထောက်ပြပြောဆိုသင့်တာပြော၊ ပြင်သင့်တာတွေ့က တင်ပြ၊ ကိုယ့်ရဲ့ ဥာဏ်စွမ်းဥာဏ်စကို ထုတ်ပြကြဖို့ ကောင်းတယ်လို့ ကျွန်တော်တော့ ပြောလိုက်ချင်တယ်ဗျာ။ အဲ့ဒီလိုတွေသာ မရှိဘူးဆိုရင် ဆရာတက်တိုးရဲ့ ၀တ္ထုထဲကလိုပဲ ကိုယ်ဟာ ကျွန်အမှုထမ်း၊ ကိုယ်သင်ယူခဲ့တဲ့ပညာဟာ အလကား ကျွန်ပညာပဲ ဖြစ်တော့မယ် မဟုတ်လားဗျာ။

ခေတ်ကြီးပြောင်းပြီ စနစ်ကြီးပြောင်းပြီဆိုပြီး လက်ခုပ်တီး သြဘာပေးနေရုံနဲ့ ကိုယ့်တာဝန် ကျေတာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း လိုက်ပါပြောင်းလဲဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့ သတိချပ်သင့်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေ အနေနဲ့ ပြည်သူတွေ အကျိုးရှိဖို့၊ ကိုယ့်နိုင်ငံရဲ့ စီမံအုပ်ချုပ်မှု ယန္တရားကြီး သွက်လက်ချောမောစွာ လည်ပတ်ဖို့အတွက် မိမိတို့ရဲ့ ဥာဏ်စွမ်းဥာဏ်စရှိသလောက် ထောက်ပြပြောဆို ဆွေးနွေးဝေဖန်ပေးဖို့ အထူးပင်လိုအပ်လှပါကြောင်း ကြေငြာမောင်း ခတ်လိုက်ချင်ပါတော့တယ်ဗျာ..။

အောင်မောင်း(ပေါက်ချောင်း)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...