Sunday, May 5, 2013

အရှိန်အဟုန်နဲ့ ပြောင်းလဲစေဖို့

မေ ၆ ၊ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ
ကိုဆွေရေ..
အရင်စာမှာတော့ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် လိုအပ်တဲ့ စာတစ်စောင်ဖြစ်တဲ့ သက်ဆိုင်ရာ ပါမောက္ခရဲ့ ထောက်ခံစာ သွားတောင်းတဲ့အကြောင်းပြောခဲ့တယ်နော်။ အဲ့ဒီလိုပဲ ကိုယ့်နိုင်ငံကိုယ်ပြန်မှာကို တခြားနိုင်ငံသားဆီမှာ မျက်နှာအောက်ကျခံပြီး အိမ်ပြန်ခွင့်ပြုတဲ့ စာရေးပေးဖို့ တောင်းဆိုခဲ့ရတယ်ဗျ။ ကိုယ့်နိုင်ငံက ကိုယ့်အပေါ် ယုံကြည်မှုမရှိဘူးဆိုတာကို ကမ္ဘာကသိအောင် လုပ်သလိုဖြစ်နေတော့တာပေါ့ဗျာ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားတဲ့ တာဝန်ယူစိတ်ရှိတဲ့ ၀န်ထမ်းကောင်းတစ်ယောက်ကို ဒီလို ပုံစံမျိုးနဲ့တော့ မွေးထုတ်ပေးနိုင်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူးဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစနစ်ကြီးက အသက်ဝင်နေသေးတာဆိုတော့ ကျွန်တော်လည်း သည်းခံပြီး ပါမောက္ခဆီက စာရအောင်ကြံဆောင်ခဲ့တယ်ပေါ့ဗျာ။

သူ့ဆီက စာရတာနဲ့ ကျွန်တော်လည်း ကိုယ့်ဝန်ကြီးဌာနကို စာတင်ပေးဖို့အတွက် သံရုံးကို မြေအောက်ရထားစီးလို့ အပြေးနှင်ခဲ့တယ်ဗျ။ ဒီမှာက ပို့ဆောင်ဆက်သွယ်ရေးတွေက သိပ်ကောင်းတာ။ ရထားတွေဆိုတာ သုံးလေးမိနစ်နေရင် တစ်စီးလာနေတာမျိုးဗျ။ ရထားပေါ်တက်လိုက်တာနဲ့ နွေရာသီဆိုအေးပြီး၊ ဆောင်းရာသီဆိုရင် နွေးလို့ သိပ်ပြီး သက်တောင့်သက်သာ ရှိတာဗျ။ ကျွန်တော်တို့ မြို့တော်ရန်ကုန်မှာလည်း မြေအောက်ရထားတော့ မဟုတ်ဘူး မိုးပျံရထားလုပ်မယ့် စီမံကိန်းရှိတယ်ဆိုလား ကြားမိလိုက်လို့ ၀မ်းသာမိနေသေးတယ်ဗျ။ ဒီနိုင်ငံကလိုများ အများက အားထားရတဲ့၊ အင်မတန် သက်တောင့်သက်သာရှိတဲ့ ပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ဖြစ်လာပါစေလို့တော့ မရဲတရဲ ဆုတောင်းနေမိတာအမှန်ပဲဗျ။
ဒီလိုနဲ့ ကိုယ့်နိုင်ငံ သံရုံးကိုရောက်ပြီး ၀န်ကြီးဌာနကို ကိုယ့်နိုင်ငံကို ပြန်ခွင့်ပြုဖို့ စာလာတင်ကြောင်း သက်ဆိုင်တဲ့သူကို ပြောတဲ့အခါမှာတော့ “ဒီလိုကိစ္စမျိုးဆိုတာ ကြိုကြိုတင်တင်လုပ်ရတာ၊ ခုလုပ်လို့ ခုရတာမဟုတ်ဘူး.. ဘာလို့ ခုမှလာတင်ရတာလဲ” ဆိုတဲ့ အပြစ်တင်တဲ့လေသံနဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာတော့ နိုင်ငံရပ်ခြားကမြန်မာတွေ ပြောနေကြစကားဖြစ်တဲ့ ပြည်ပရောက်နိုင်ငံသားတွေ မသွားချင်ဆုံးနေရာဟာ မြန်မာပြည်သံရုံးပဲဆိုတဲ့ စကားကို သွားသတိရမိလိုက်ပါတော့တယ်။

တကယ်တော့ သံရုံးဆိုတာဟာ အင်မတန်မှာ ကုသိုလ်ရနိုင်တဲ့ လူမှုရေးလုပ်ခွင့်ရတဲ့ နေရာကောင်းကြီးပါ။ ရေခြားမြေခြားမှာ မိဝေးဘဝေး သက်စွန့်ဆံဖျား လာရောက်လုပ်ကိုင်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေကို မိဘသဖွယ် ကြည့်ရှုစောင့်ရှောက်ပေးခွင့်ရတဲ့ အင်မတန်မှ ကုသိုလ်ထူးတဲ့ နေရာဌာန မဟုတ်လားဗျာ။ ဒီလိုဌာနကလူတွေဆိုတာလည်း ကိုယ့်နိုင်ငံသားတွေရဲ့ အရေးကိစ္စတွေကို စိတ်ဝင်တစားရှိပြီး လူမှုရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ချင်သူတွေသာ ဖြစ်သင့်တယ်လို့ ကျွန်တော်တော့ထင်တယ်။ သံအမှုထမ်းတွေဟာ ကိုယ့်ပြည်သူပြည်သားတွေနဲ့ နီးနီးကပ်ကပ် ရှိနေသင့်ပြီး သူတို့ရဲ့ အခက်အခဲတွေကို အမြဲတစေ နားစွင့်နေသင့်တယ်ဗျ။

ကျွန်တော့်အနေနဲ့ကတော့ သံအမှုထမ်းတွေဟာ ကိုယ့်ပြည်သူတွေနဲ့ ဝေးကွာနေတာကို သိပ်ပြီးသဘောမတွေ့လှဘူး။ သူတို့ဟာ ဒီမိဝေးဘဝေးနဲ့ စွန့်စားပြီး ပြည်ပမှာ လာရောက်လုပ်ကိုင်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ အရေးကို ဆောင်ရွက်ဖို့အတွက် ခင်ဗျားတို့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ငွေကြေးတွေနဲ့ ထောက်ပံ့လခပေးထားတယ်ဆိုတာကို သိဖို့ကောင်းတယ်ဗျ။ သံရုံးကိုလာရင် ကျစ်လွှတ်လိုက်၊ ပြီးရင်တော့ ဒီလူတွေရှိတဲ့ နေရာတွေကို မသွားရဲမလာရဲတာမျိုးဟာ ခုလိုအချိန်အခါမျိုးမှာ မရှိသင့်တော့တဲ့ အစဉ်အလာပဲလို့ထင်တယ်။

အဲ ကျွန်တော့်ရဲ့ စာတင်တဲ့ကိစ္စကို ပြန်သွားရရင်တော့ …. ကိုဆွေရေ.. ကြိုကြိုတင်တင်လုပ်ရမယ်တဲ့ အနည်းဆုံး တစ်ပတ်နှစ်ပတ်တော့ကြာမယ်ဆိုတဲ့ ကိစ္စကို ခင်ဗျားပဲ စဉ်းစားကြည့်ပါဗျာ။ ၀န်ထမ်းဖြစ်တာနဲ့ပဲ ကိုယ့်နိုင်ငံကို ပြန်ချင်တဲ့အချိန်ပြန်ဖို့ မဖြစ်နိုင်တော့ဘူးလားဗျာ။ ပြည်သူ့ဝန်ကို ထမ်းနေတဲ့ ၀န်ထမ်းဖြစ်တဲ့အတွက် သူများတွေထက် ထူးတဲ့အခွင့်အရေးတွေတောင် ဖန်တီးပေးထားသင့်တာမဟုတ်လား။ အခုတော့ ၀န်ထမ်းတစ်ယောက်ဟာ အစစ လူဖြစ်ကိုရှုံးလို့ပါလားဗျာ။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ လူ့အခွင့်အရေးကို အပြည့်အ၀ ခံစားခွင့်မရှိတော့ဘူးပေါ့။ လောလောဆယ်တော့ ဒီလုပ်ထုံးလုပ်နည်းတွေဟာ ဆက်လက်ရှိနေသေးတာဖြစ်တဲ့အတွက် ကျွန်တော်လည်း မလွန်ဆန်နိုင်ဘဲ ကိုယ့်စာလေးတင်ပြီး အသာပြန်ခဲ့တော့တယ်။

အိမ်အပြန်ရထားပေါ်မှာတော့ ကိုယ့်နိုင်ငံရဲ့အခြေအနေတွေနဲ့ ဒီနိုင်ငံရဲ့ အခြေအနေတွေကို နှိုင်းယှဉ်စဉ်းစားမိနေတော့တယ်။ သူများနိုင်ငံက စည်းကမ်းတွေ နည်းဥပဒေတွေဆိုတာဟာ ကိုယ့်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့၊ ကိုယ့်ပြည်သူပြည်သားတွေ အန္တရာယ်ကင်းချောမော လွယ်ကူစွာ အလုပ်ပြီးမြောက်စေဖို့ ရည်ရွယ်ကာ ထုတ်ပြန်ထားတာဖြစ်ပေမယ့် ကျွန်တော်တို့နိုင်ငံ နည်းဥပဒေတွေကတော့ ကိုယ့်ပြည်သူတွေ အဆင်ပြေစေဖို့ထက် အညွန့်ချိုးဖို့များ ထုတ်ပြန်ထားတာတွေလားလို့တောင် တွေးထင်စရာရှိပါတယ်။ ဒီလိုအလုပ်မဖြစ်တဲ့ နည်းဥပဒေတော်တော်များများဟာ ယခင် စစ်အစိုးရ လက်ထက်က ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် ထုတ်ပြန်ထားတာတွေ ဖြစ်ပါတယ်။ ဒါတွေကို ယခုလို ခေတ်ပြောင်းကာလမှာ ပြန်လည်ဆန်းစစ်ကာ ဖယ်ရှားပစ်သင့်တာဖြစ်ပေမယ့် ဘယ်သူဘယ်ဝန်ကြီးဌာနမျိုးကမှ ဒီလို ကိစ္စမျိုးတွေမှာ ကြိုးစားအားထုတ်တာမျိုးကို မတွေ့ရပါဘူး။
ဒါတွေဟာ လူတွေပြောပြောနေတဲ့ မူသာပြောင်းတာ၊ လူမပြောင်းပါဘူးဆိုတာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေများလားလို့တောင် တွေးမိပါတယ် ကိုဆွေရေ။ တစ်နေရာရာ လူလိုပြီဆိုရင် ပင်စင်သွားကာနီးကြီးတွေကို ၀တ်စုံပြောင်းဝတ်ခိုင်းတာမျိုးထက် တကယ်တတ်သိနားလည်ပြီး ကြိုးစားချင်စိတ်ရှိတဲ့ လူငယ်လူရွယ်တွေကိုလည်း နေရာပေးလို့ရပါတယ်။ ဒီလိုမှသာ ကျွန်တော်တို့ရဲ့ ခေတ်ပြောင်းဒီမိုကရေစီ ခရီးကြီးမှာ ဖြစ်ပေါ်သင့်တဲ့ အပြောင်းအလဲတွေဟာ အရှိန်အဟုန်နဲ့ဖြစ်ပေါ်လာမှာဖြစ်တယ်လို့ ကျွန်တော်တော့ ပြောလိုက်ချင်တယ်ဗျာ။

အောင်မောင်း(ပေါက်ချောင်း)

(စနစ်ကိုပြောနေတာဖြစ်ပါတယ်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ သူငယ်ချင်းများ နားလည်မယ်လို့ မျှော်လင့်ပါတယ်)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...