Saturday, May 18, 2013

ပြည်သူအများ ကျန်းမာပျော်ရွင်၊ ဘေးကင်းစေဖို့


မေလ ၉ ၊ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ

ကိုဆွေရေ..
ကျွန်တော်တို့ လေယာဉ်က ည ၁၁ နာရီ ၃၀ လောက်ကို ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်တယ်ဗျ။ အဲ့ဒီနောက် ကားငှားစီးပြီး တည်းခိုမယ့်အိမ်ကိုရောက်တော့ မနက် ၁ နာရီလောက်ရှိပြီပေါ့။ အဲ့ဒီမှာ ကျွန်တော့ကျောင်းအစ်မကြီးက ဗိုက်ဆာတယ်ဆိုတာနဲ့ အလင်းဆိုင်တွေရှိတဲ့ဘက်ကို စကားပြောရင်း ခြေလျင်လျှောက်လာခဲ့ကြတယ်။ ဘောလုံးပွဲရှိတဲ့အတွက် ဘောလုံးပွဲပြတဲ့ ဆိုင်တွေမှာ လူတွေကအပြည့်ဖြစ်နေပြီး ထိုင်စရာကိုမရှိဘူး ကိုဆွေရေ။ ဘောလုံးပွဲမပြတဲ့ ဆိုင်တစ်ဆိုင်တွေ့တာနဲ့ အဲ့ဒီဆိုင်ထဲကိုဝင်ပြီး ရတာလေးတွေ မှာစားကြတယ်ဗျ။ ကျွန်တော်တို့ဆီက ဆိုင်တွေရဲ့ ထုံးစံအတိုင်း စားပွဲထိုးက ကလေးတွေဖြစ်ပြီး သန့်ရှင်းမှု အရမ်းအားနည်းတာကို တွေ့ရတယ်ဗျ။

တောင်ကိုရီးယားနိုင်ငံမှာဆိုရင် စားသောက်ဆိုင်တွေဟာ သေးသေးကြီးကြီး သန့်ရှင်းသပ်ရပ်တာကို ခင်ဗျားလည်း ရုပ်ရှင်တွေထဲမှာ သတိထားမိမှာပါ။ သူတို့တွေဟာ စားမဲ့သောက်မဲ့ တူတွေဇွန်းတွေကို အခင်းမပါတဲ့ စားပွဲပေါ်မှာ ဒီအတိုင်းပဲ တင်လိုက်ကြတာကို ခင်ဗျားလည်း မြင်ဖူးတယ်မဟုတ်လား။ ကျွန်တော်တိုနိုင်ငံမှာဆိုရင် စားပွဲပေါ်ကို တူတွေဇွန်းတွေ ဒီအတိုင်းတင်ထားဖို့ နေနေသာသာ တချို့ဆိုင်တွေဆိုရင် လက်တောင်တင်ချင်စရာ မရှိလောက်အောင် ညစ်ပတ်ကြတာကို တွေ့ရမှာပါ။

ကိုဆွေရေ.. ကျွန်တော်တို့နိုင်ငံသား တော်တော်များများဟာ အဲ့ဒီလို ညစ်ညမ်းတဲ့ဆိုင်တွေမှာပဲ ၀င်ထွက်သွားလာ စားသောက်နေကြရတာပါ။ လူနည်းစုကသာ သန့်ရှင်းအဆင့်မြင့်တဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ စားသောက်နိုင်ကြတာပါ။ တတ်နိုင်တဲ့လူနည်းစုဟာ ကျန်းမာရေး ပြသနာတစ်ခုခု ပေါ်ပေါက်ခဲ့ရင်လည်း မပူမပင်နဲ့ နိုင်ငံတကာ ဆေးရုံတွေမှာ သွားရောက်ကုသနိုင်သူတွေဖြစ်ပေမဲ့ လူများစု ဆင်းရဲသားတွေဆိုတာက ရပ်ကွက်ထဲက ဆေးရုံဆေးခန်းတောင် သွားနိုင်တဲ့သူ နည်းပါးပါတယ်။ အဲ့ဒီလို လူများစုဆင်းရဲသားတွေ နေ့စဉ်ဝင်ထွက် စားသောက်နေတဲ့ နေရာတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆိုင်တွင်းသန့်ရှင်းရေးကအစ သေသေချာချာ ကြပ်မတ်ဆောင်ရွက်သင့်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာဆိုရင် စားသုံးသူကာကွယ်ရေး တာဝန်ရှိသူတွေဟာ ဆိုင်အတွင်းအပြင် သန့်ရှင်းမှုရှိမရှိ၊ အစားအသောက်ချက်ပြုတ်တဲ့နေရာမှာ ဆီချေးများပေကျံ မှိုတတ်နေတာမျိုးတွေရှိမရှိ၊ အစားအသောက်ချက်ပြုတ်ရာမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓါတုဗေဒ ဟင်းခတ်အမွှေးအကြိုင်တွေ သုံးမသုံး၊ ရက်လွန်နေတဲ့ ဟင်းချက်ပစ္စည်းတွေ သုံးသလားဆိုတာမျိုးတွေအထိ လိုက်လံကြပ်မတ် ဆောင်ရွက်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့တွေဆီမှာက စည်ပင်ကို လုပ်ငန်းလုပ်ခွင့်လိုင်စင် တင်ရပေမယ့်၊ ဘာမှကြပ်မတ်မှုမရှိတာဟာ စိတ်မကောင်းစရာပါ။ သန့်ရှင်းရေးလိုကိစ္စမျိုးက ဆိုင်ရှင်တွေအနေနဲ့လည်း ထွေထွေထူးထူး ငွေပိုကုန်မယ့် ကိစ္စမျိုးမဟုတ်တာကြောင့် စားသုံးသူတွေ ကျန်းမာရေးအတွက် သေသေချာချာ ကြပ်မတ်ပေးသင့်တယ်မဟုတ်လား ကိုဆွေရေ။

ဒီညတော့ အနီးနားရှိတဲ့ လက်ဘက်ရည်ဆိုင်မှာ သည်းခံစားသောက်ပြီး မနက်အစောကားနဲ့ မန္တလေးပြန်မှာဖြစ်တဲ့အတွက် အိမ်ကိုမြန်မြန်ပြန်လို့ အိပ်ယာဝင်ခဲ့ကြတယ်။ မနက်တော့ အစောကြီးကတည်းက နိုးနေကြတာနဲ့ ကားက ၉ နာရီမှဆိုပေမယ့် ၆း၃၀ ကတည်းက အိမ်ကနေထွက်လာခဲ့တယ်။ ကားတွေကကြပ်တယ် စောစောသွားလို့ ရန်ကုန်နေ သူငယ်ချင်းတွေက မှာထားတာလည်းတစ်ကြောင်း ကိုယ်ကိုတိုင်လည်း ပိုနေတဲ့အချိန်တွေမှာ ဘာမှလုပ်စရာမရှိတာကလည်း တစ်ကြောင်းကြောင့် ခုလို အစောကြီး ထွက်လာဖြစ်ခဲ့တာပါ။ ကိုဆွေရေ ပြောမယုံ.. ကြုံဖူးမှသိ ဆိုသလိုပါပဲ ရန်ကုန်ကားကြပ်တယ်ဆိုတာ တကယ့်ကို ကြောက်ခမန်းလိလိ အချိန်တွေကို ကုန်သွားစေတာပါလားဗျာ။ ကားကြီးဝင်းနားရောက်ကာနီးမှာ ကားတွေဟာ ဘယ်လိုမှသွားလို့မရတော့ဘဲ ငါးမိနစ်တစ်ခါ ခြေတစ်လှမ်းစာလောက်သာ ရွေ့နိုင်ပါတော့တယ်။ တစ်ခါတစ်လေ တက္ကစီသမားတွေဟာ ကားထဲကထွက်ပြီး မိတ်ဖြစ်ဆွေဖြစ်တောင် စကားတွေပြောနေကြပါသေးတယ်။ သူတို့ပြောစကားတွေအရတော့ အဝေးပြေးကားကြီးဝင်းရဲ့ ယာဉ်အ၀င်အထွက်စနစ်တွေ မမှန်ကန်တာကြောင့် ခုလို ကားတွေပိတ်ပြီး သွားလို့မရတာလို့ သိခွင့်ရခဲ့တယ်ဗျ။

ကိုဆွေရေ.. ကားကြီးဝင်းကို လှမ်းမြင်နေရတဲ့ အကွာအဝေးကနေ ကားကြီးဝင်းထဲရောက်ဖို့ မိနစ် ၄၀ လောက်ကိုကြာသွားတာဟာ တကယ်ကို အံ့သြလွန်းလို့ သေတော့မယ်လို့ပဲ ပြောရတော့မှာပါပဲဗျာ။ အဆင်ပြေချောမွေ့တဲ့ အဝေးပြေးကားဂိတ်တစ်ခုဖြစ်ဖို့ဆိုတာ ခုခေတ်ခုအခါမှာ သိပ်ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး၊ နိုင်ငံတစ်ခုခုက ကောင်းမွန်တဲ့ ဂိတ်စခန်းတစ်ခုကို နမူနာယူပြီး လုပ်လိုက်ရင် အဆင်ပြေသွားမယ့် ကိစ္စမျိုးပါ။ ဒီကိစ္စဟာ တခြား နိုင်ငံတော်စီမံကိန်းတွေနဲ့စာရင် အလွယ်တကူ ဖော်ဆောင်လို့ရတဲ့ ကိစ္စမျိုးဖြစ်သလို၊ အလျင်အမြန်လုပ်ဖို့လည်း လိုအပ်နေတာကြောင့် အမြန်ဆုံး အကောင်အထည် ဖော်သင့်တယ်လို့ ကျွန်တော်ထင်တယ်ဗျ။ ကိုဆွေရေ.. လမ်းဆင်းလျှောက်ရအောင်လည်း အထုပ်တွေကများတာကြောင့် သည်းခံပြီးတော့ပဲ တအိအိယာဉ်ကြောနဲ့အတူ ကားဂိတ်ထိလိုက်ခဲ့ရတော့တယ်။

ကားဂိတ်မှာ ကချင်ပြည်နယ်က လိုအပ်နေတဲ့သူတွေဆီကို ပို့မယ်ဆိုတဲ့ အ၀တ်အစားပုံးတွေ တင်နေတာကို မြင်လိုက်ရမှ ကိုယ့်နိုင်ငံသားတွေရဲ့ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ထားကို မုဒိတာပွားသာဓုခေါ်ရင်း အစောက ပင်ပန်းနေတဲ့ စိတ်တွေကို ဖြေဖျောက်ပစ်ရတော့တယ် ကိုဆွေရေ။ အဝေးပြေးကားကြီးတွေကလည်း ဆွစ်ဇာလန်ဖြစ်ကားတွေဖြစ်နေတာကို တွေ့ရတော့လည်း စိတ်ထဲမှာ ကျေနပ်သွားမိတယ်။ ကားပေါ်မှာလည်း SCANIA ကားကြီးတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးစနစ် ကောင်းမွန်ပုံတွေအကြောင်း ကြော်ငြာစာတွေ တွေ့ရလို့၊ ဒီကားတွေ ပိုင်ရှင်ဟာ SCANIA ကားတွေ တင်သွင်းရောင်းချနေတဲ့သူဖြစ်လောက်တယ်လို့လည်း ခန့်မှန်းမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဥရောပစံချိန်စံညွှန်းနဲ့အမီ ထုတ်လုပ်ထားတဲ့ ကားတွေဖြစ်တဲ့အတွက် SAFETY အတွက်တော့ အထူးစိတ်ချရအောင် လုပ်ထားမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူးလို့ တွေးမိနေပြီး သဘောအကျကြီး ကျနေမိပါတယ်။ ကားပေါ်မှာ အေးရင်ခြုံဖို့ ခြုံထည်တွေပါပေးထားတာ တွေ့ရလို့ “အမယ်ငါ့နိုင်ငံက နိင်ငံတကာထက်တောင် SERVICE ကောင်းသေးတယ်” ဆိုပြီး ဂုဏ်ယူနေမိပြန်ပါတယ်။

ဒီလိုနဲ့ ကားကမြို့ထဲကနေ တရွေ့ရွေ့ထွက်ပြီး မြို့ပြင်အဝေးပြေးလမ်းပေါ် ရောက်တဲ့အခါမှာတော့ ကျွန်တော့်လက်က ခါးပတ်ပတ်ဖို့အတွက် ခါးပတ်ကို စမ်းနေမိပါတော့တယ်။ ဒီဘက်နိုင်ငံ (တောင်ကိုရီးယား) မှာ အဝေးပြေးလမ်းမကြီးပေါ်ရောက်တိုင်း ခါးပတ်ကိုပတ်နေကျဆိုတော့ အကျင့်ပါနေတဲ့လက်က အလိုလို ခါးပတ်ကိုရှာဖွေနေမိတာပါ။ အဲ့ဒီအခါကျမှပဲ ကျွန်တော်တို့ကားတွေမှာက ခါးပတ်လုံးဝ မပါတာကို သတိထားမိပါတော့တယ်။ ကားပေါ်ရောက်ကာစက ဥရောပစံချိန်မီကားကြီးဆိုပြီး ကျေနပ်နေတဲ့စိတ်တွေဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဒီထိုင်ခုံတွေကတော့ ဥရောပစံချိန်မီတွေ မဖြစ်နိုင်လောက်ဘူးဆိုတာ တွေးမိပါတော့တယ်။ ကားစီးတဲ့အခါ ခါးပတ်ပတ်ထားမှသာ တစ်ခုခုအရေးကြုံလာရင် ကိုယ့်အသက်အန္တရာယ်ကို အလွယ်တကူ မထိခိုက်နိုင်တာပါ။ ဒါလေးကို ဂရုတစိုက်မလုပ်လိုက်မိရင် အမှိုက်ကစပြသာဒ်မီးလောင်ဆိုသလို အသက်မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မဖြစ်သင့်တာတွေမဖြစ်အောင် နိုင်ငံတကာမှာလို ကားဆရာက “အဝေးပြေးလမ်းမပေါ်တက်တော့မှာဖြစ်တဲ့အတွက် လူကြီးမင်းတို့ရဲ့ ခါးပတ်များကို စနစ်တကျ ပတ်ထားကြပါခင်ဗျာ” လို့ တရိုတသေ မပြောချင်နေပါစေ၊ ခရီးသွားပြည်သူတွေရဲ့ အသက်အန္တရာယ်အတွက်တော့ ခါးပတ်လေးတွေတပ်ဆင်သင့်ကြောင်း အကြံပြုပြောကြားလိုပါတယ်ခင်ဗျာ။

အောင်မောင်း(ပေါက်ချောင်း)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...