Tuesday, May 7, 2013

အမိမြန်မာနိုင်ငံမှ လှိုက်လှဲပျူငှာစွာ ကြိဆိုကြပါစို့


မေ ၇ ၊ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ



ကိုဆွေရေ… ဒီနေ့တော့ အိမ်ပြန်ဖို့အတွက် လေဆိပ်ကိုဆင်းဖို့ မနက်ကတည်းက အထုပ်အပိုးတွေ ပြင်ဆင်နေရတယ်။ လေဆိပ်ကိုသွားတဲ့ ဟိုင်းဝေးကားက မိနစ် ၂၀ ခန့်မှာ တစ်ကားခန့်ရှိပါတယ်။ ဘယ်အချိန်မှာ လေဆိပ်သွားတဲ့ကားတွေ ဆိုက်ကပ်မယ်ဆိုတာကို ကားစောင့်တဲ့နေရာမှာ စာရင်းနဲ့ အတိအကျရေးထားတာဖြစ်တဲ့အတွက် ကိုယ်က ဘယ်နှစ်နာရီ ဘယ်နှမိနစ်မှာလာမယ့်ကားနဲ့ လိုက်ပါချင်သလဲဆိုတာ မှတ်သားထားပြီး အဲ့ဒီအချိန် အတိအကျ သွားစောင့်စီးနိုင်တယ်။ အင်မတန်မှ လွယ်ကူအဆင်ပြေပါတယ်။

ကားချိန်နီးလာတဲ့အခါမှာတော့ ကျွန်တော်တို့ ကားဂိတ်ဘက်ကို အထုပ်တွေနဲ့အတူ ထွက်လာခဲ့တယ်။ သူ့အချိန်ရောက်တာနဲ့ ကျွန်တော်တို့ ရန်ကုန်မန္တလေးပြေးတဲ့ Express ကားတွေလိုမျိုး လေဆိပ်သွားတဲ့ ကားကြီးဟာ ဆိုက်ရောက်လာပါတယ်။ ကားပေါ်မှာ ယာဉ်မောင်းတစ်ယောက်တည်းသာ ပါပါတယ်။ ယာဉ်မောင်းကြီးက ဆင်းလာပြီး ကျွန်တော်တို့ အထုပ်တွေကို ကားဝမ်းဗိုက်အောက်ထဲကိုထည့်ပေးပါတယ်။ ခရီးသည်အနေနဲ့ကတော့ ယဉ်မောင်းခကို ကဒ်နဲ့ပေးရင်ပေး၊ ဒါမှမဟုတ် ငွေသားနဲ့ပေးမယ်ဆိုရင် ယာဉ်မောင်းဘေးနားက ငွေထည့်တဲ့နေရာလေးမှာ ထည့်လိုက်ရပါတယ်။ တစ်ဦးနဲ့တစ်ဦး ဘာစကားမှပြောစရာမလိုပါဘူး၊ သူလည်းသူ့အလုပ်သူလုပ်သွားပြီး ကိုယ်ကလည်း ကိုယ့်အလုပ်ကို လုပ်သွားရုံပါပဲ။
နောက်ဆုံးမှတ်တိုင်မှာ လူတင်ပြီးတဲ့အခါမှာတော့ အမြန်လမ်းမကြီးပေါ်မှာ မောင်းတော့မှာဖြစ်တဲ့အတွက် ယာဉ်မောင်းဖြစ်သူဟာ ခရီးသည်အားလုံး ခါးပတ်ပတ်ကြဖို့ ယဉ်ယဉ်ကျေးကျေးပြောဆိုပြီး နောက်ခုံအထိလျှောက်ကာ ခရီးသည်များ ခါးပတ် ပတ်ထားခြင်းရှိ၊မရှိကို လိုက်လံစစ်ဆေးပါတယ်။ ထို့နောက်မှာတော့ ယာဉ်မောင်းသူဟာ အမြန်လမ်းမကြီးပေါ်ကနေ လေဆိပ်ကိုရောက်တဲ့အထိ သူ့ရဲ့ယာဉ်ကိုသာ အာရုံစိုက်လို့ မောင်းနှင်ပါတော့တယ်။ ဒီနေရာမှာ ကိုယ့်နိုင်ငံနဲ့ နှိုင်းယှဉ်ကာ စဉ်းစားကြည့်မယ်ဆိုရင် တော်တော်လေးကို ကွာခြားနေတာ တွေ့ရပါမယ်။

ကျွန်တော်တို့ ဒီ (တောင်ကိုရီးယား) မှာ ကားလာမှာလား၊ မလာဘူးလား ဘယ်အချိန်မှလာမှာလဲ စသဖြင့် စိုးရိမ်စရာတွေ၊ ကားကြပ်မှာကို တွေးပူစရာတွေမလိုပါဘူး။ နောက်ပြီး ခရီးသည်နဲ့ယာဉ်မောင်းအကြားမှာ ဘာစကားမှ ပြောစရာမလိုပါဘူး။ ဆင်းချင်တဲ့မှတ်တိုင်မရောက်ခင် ဘဲလ်လေးနှိပ်လိုက်ရုံပါပဲ။ မြို့ထဲမှာဆွဲနေတဲ့ ဘတ်စ်ကားတွေလည်း ထိုနည်း၎င်းပါပဲ။ နောက် အရေးကြီးတဲ့တစ်ချက်ကတော့ ကားကမြို့ပြင် အမြန်လမ်းမပေါ် တက်တော့မယ်ဆိုတာနဲ့ ခရီးသည်တွေကို ခါးပတ်သေချာ ပတ်ထားဖို့ လိုက်လံသတိပေးတာပါပဲ။ ကျွန်တော်တို့ရဲ့ ရန်ကုန်မန္တလေးလမ်းသစ်ကြီးဟာ အခုဆိုရင် ယာဉ်အတိုက်အခိုက်တွေများလွန်းတယ်ဆိုပြီး သတင်းထွက်နေသလို၊ ခရီးသည်များ သေဆုံးမှုများမှာလည်း အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့ ရန်ကုန်-မန္တလေးကားတွေမှာ ခရီးသည်တွေဟာ ခါးပတ်ပတ်ခြင်းမရှိတာကြောင့်ပါပဲ။ ကျွန်တော့်အထင်မမှားဘူးဆိုရင် ကားတွေမှာ ထိုင်ခုံတွေဟာ ပြန်လုပ်ထားတဲ့ ထိုင်ခုံတွေဖြစ်ပြီး၊ အသက်ကယ် လုံခြုံရေးခါးပတ် ပါကိုမပါဘူးထင်ပါတယ်။ ကိုဆွေရေ.. ဒီလို ခါးပတ်မပတ်လိုက်ရလို့ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးတာတွေ ဘယ်လောက်တောင် များနေပြီလဲဆိုတာ စဉ်းစားစရာပါပဲ။  

ကျွန်တော်တို့ကား လေဆိပ်ကို ရောက်တဲ့အခါမှာတော့ ကားပေါ်ကဆင်းပြီး ကားဆရာက ထုတ်ပေးတဲ့ ကိုယ့်ရဲ့ အိတ်ကလေးတွေကို အသာအယာယူပြီး လေဆိပ်ထဲကိုဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်တော့ လေယာဉ်လက်မှတ် Check-in လုပ်လို့ရတဲ့ စက်ကလေးတွေဆီသွားပြီးတော့ Check-in လုပ်လိုက်ပါတယ်။ ထို့နောက် အိတ်တွေတင်ရမယ့်နေရာမှာ သွားပြီးတော့ ချိန်တဲ့အခါ အလေးချိန် ၅ ကီလိုလောက်ပိုနေပေမယ့် ဘာစကားမှ ပြောစရာမလိုဘဲ သူ့ဟာသူ တင်ပေးလိုက်ပါတယ်။ အားလုံးပြီးစီးသွားတဲ့အခါမှာတော့ စိတ်လွတ်ကိုယ်လွတ်နဲ့ လေဆိပ်ထဲက Duty Free ဆိုင်များမှာ လိုက်လံကြည့်ရှုကြပါတယ်။ လေဆိပ်တစ်နေရာမှာတော့ စတိတ်စင်တစ်ခုရှိပြီး ကိုရီးယားလူငယ်လေးတွေက ကမ္ဘာကျော် Westlife သီချင်းတွေနဲ့ ခရီးသွားပြည်သူတွေကို ဖျော်ဖြေနေတာတွေ့ရပါတယ်။ လေဆိပ်အဆောက်အအုံထဲမှာ ရေပန်းများ၊ ပန်းများနဲ့ အလှဆင်ထားတာဟာ အင်မတန်မှ မျက်စိပသာဒဖြစ်စေပါတယ်။ ဒါ့ကြောင့်လည်း အင်ချွန်းနိုင်ငံတကာ လေဆိပ်ဟာ ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် ၂၀၀၅ မှ ၂၀၁၂ အထိ ၇ နှစ်ဆက်တိုက် သတ်မှတ်ခံရတာပေါ့လို့ တွေးနေမိပါတယ်။

လေယာဉ်ပေါ်တက်ဖို့ စောင့်တဲ့နေရာ ရောက်တဲ့အခါမှာတော့ တိုက်ရိုက်လေကြောင်းလိုင်းဖြစ်တာကြောင့် ကိုရီးယားလူမျိုးများနဲ့ မြန်မာလူမျိုးများကိုသာ တွေ့ရပြီး တခြားနိုင်ငံခြားသားများကို မတွေ့ရပါဘူး။ ကိုရီးယားခရီးသွားများကို မြင်လိုက်ရတဲ့အခါမှာတော့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကြောင့် ခုလို ပြည်ပနိုင်ငံတွေက ခရီးသွားတွေ တိုးတက်လာတာဟု တွေးမိပြီး ပီတိဖြစ်မိပါတယ်။ ကိုရီးယားမှခရီးသွားများ တိုးတက်လာတဲ့အတွက်သာ ယခုလို ကိုရီးယား-မြန်မာ တိုက်ရိုက်လေကြောင်းလိုင်းဆိုတာ ပေါ်ပေါက်လာတာ မဟုတ်လား ကိုဆွေရေ။ ဒီလိုမှမဟုတ်ရင် မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ တရုတ် တစ်နိုင်ငံမှာ လေယာဉ်ပြောင်းကာ စီးနေရဦးမှာ မဟုတ်လား။ အခုတော့ ရန်ကုန်ကနေ မန္တလေးကို ပြန်သလိုပါပဲ၊ လေယာဉ်ပေါ်တက်ကာ တစ်ရေးမှေးလိုက်ရင် ကိုယ့်နိုင်ငံကိုပြန်ရောက်ပါလေရော။ အလွန်အင်မတန်မှ အဆင်ပြေပါတယ်။
လေယာဉ်ပေါ်မှာတော့ ခရီးသည်နည်းပြီး ထိုင်ခုံနေရာတွေဟာ တစ်ဝက်တောင်မပြည့်တာမို့ ခရီးသည်များအားလုံး တစ်ယောက်ကို နှစ်ခုံစီယူပြီး အိပ်ကြပါတယ်။ ရန်ကုန်လေဆိပ်ကိုရောက်ဖို့ တစ်နာရီလောက်အလိုမှာတော့ ရေအိမ်သွားချင်တာနဲ့ ရေအိမ်ဘက်ကို လျှောက်လို့လာခဲ့ပါတယ်။ လမ်းမှာတော့ ကိုရီးယားလေယာဉ်မယ်လေးနဲ့ ကိုယ့်နိုင်ငံသား မြန်မာအလုပ်သမားလေးတစ်ယောက် တစ်ဦးနဲ့တစ်ဦး ပြောဆိုနေရာမှာ ဘာသာစကား အခက်အခဲရှိနေပုံပေါ်တာနဲ့ ဘာများကူညီပေးရမလဲလို့ သွားပြီး မေးဖြစ်ပါတယ်။ အဲ့ဒီအခါမှာ သိလိုက်ရတာကတော့ လေယာဉ်မယ်လေးက မိမိနိုင်ငံသားကို လေဆိပ်မှာပေးရတဲ့ ကဒ်ပြားလေးတွေကို စိတ်ရှည်လက်ရှည် ဖြည့်ပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်တော်ချောက ကိုရီးယားစကားနဲ့ မေးတဲ့အခါ ဘာမေးမှန်းမသိသလို အင်္ဂလိပ်လို မေးတဲ့အခါမှာလည်း နားမလည်တာကြောင့် လေယာဉ်မယ်လေး အခက်တွေ့နေတာဖြစ်ပါတယ်။ ကျွန်တော်သူတို့နားရောက်တဲ့အခါမှာတော့ ကိုယ်တော်ချောက ရီဝေေ၀ဖြစ်နေပြီး ကျွန်တော် ဘီယာတောင်းသောက်တာ ၇ ဗူးရှိပြီဆိုပြီး ရယ်ကျဲကျဲနဲ့ ပြောလာပါတယ်။

ကျွန်တော်တို့ လူမျိုးတွေဟာ အလကားရတာဆိုရင် အခုလို လုပ်တတ်တဲ့ အလေ့အထလေးတွေ ရှိတတ်ပါတယ်။ သူလိုလူမှ မဟုတ်ပါဘူး ကျွန်တော်သိတဲ့ နိုင်ငံခြားတက္ကသိုလ်မှာ ဆရာလုပ်နေတဲ့ ပညာတတ်ကြီးတစ်ယောက်ကလည်း လေယာဉ်ပေါ်ရောက်ရင် ၀ီစကီတွေ တော်တော်တောင်းသောက်ဖြစ်တဲ့အကြောင်း ကျွန်တော့်ကို ပြောပြဖူးပါတယ်။ ဒီလိုအလကားရတာဆိုရင် (ဒီနေရာမှာ ကိုယ်ကလေယာဉ်ခကို တန်ရာတန်ကြေးပေးထားတာ၊ ဒီပေါ်မှာ စားသောက်တာဟာ အလကားရတာမဟုတ်ဘူးလို့တော့ စကားကပ်ပြောလို့ရပါတယ်) တောမီးတောင် ချွေးထွက်အောင်လှုံမယ်ဆိုတဲ့ စိတ်ထားမျိုးတွေကို ကျွန်တော်တို့ ကြိုးစားပြီး ဖျောက်ဖျက်သင့်ပါတယ်။ အထူးသဖြင့် တိုင်းတပါးသားတွေနဲ့ ကူးလူးဆက်ဆံကြတဲ့အခါမှာ အထူးပဲ သတိထားသင့်ပါတယ်။ မိမိရဲ့အပြုအမူ အပြောအဆိုတွေဟာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုနေတယ်ဆိုတာကို အမြဲသတိချပ်သင့်ပါတယ်။

လေယာဉ်မယ်နဲ့ ကိုယ်တော်ချောတို့အကြား အဆင်ပြေအောင် ဆောင်ရွက်ပေးပြီးနောက် ကိုယ့်နေရာကို ပြန်နေရာယူပြီး အသာမှိန်းနေလိုက်ပါတယ်။ ခဏနေတော့ ကျွန်တော်တို့လေယာဉ်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ဆိုက်ရောက်ပါတော့တယ်။ လေယာဉ်ကထွက်လိုက်တယ်ဆိုရင်ပဲ အိုက်စပ်စပ်နွေက ခရီးဦးကြိုပြုလိုက်လို့ အအေးပိုင်းကလာတဲ့ ကျွန်တော်တို့မှာ ချွေးကလေးတွေ စို့လို့လာပါတော့တယ်။ ဒီလိုနဲ့ ကိုယ့်အထုပ်တွေကိုသယ်ပြီး ကားငှားဖို့အတွက် လေဆိပ်ရှေ့ကို ထွက်လာခဲ့ရာမှာ တက္ကစီသမားလား၊ ပွဲစားလားမသိတဲ့ လူတွေကြားထဲမှာ အထုပ်အပိုးတွေနဲ့ စိတ်တွေရှုပ်နေတဲ့ ကိုရီးယားလူမျိုးတွေကိုကြည့်ပြီး သနားနေမိပါတယ်။ သူတို့နိုင်ငံမှာက ဘာစကားမှ ပြောစရာကိုမလိုဘူးမဟုတ်လား။ အခုတော့ သူတို့ခမျာ ဟိုလူကများ ပစ္စည်းဆွဲသွားမှာလား၊ ဒီလူကလည်း ဘာတွေလာပြောနေသည်မသိ စသဖြင့် ဗျာများနေတာကို မြင်ရတာ  တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ဗျားတို့ ကျွန်တော့်နိုင်ငံကို အလည်အပတ်လာတာတောင် ကျွန်တော့်မှာ တာဝန်မကျေနိုင်ဘူးဗျာ၊ ခွင့်လွှတ်ပါဗျာလို့ပဲ စိတ်ထဲကနေ တောင်းပန်နေမိပါတယ်။

ကိုဆွေရေ .. ကျွန်တော်တို့လည်း သူတို့လိုပါပဲ ဘယ်သူက ကားသမားမှန်းမသိ၊ ပွဲစားမှန်းမသိတဲ့လူတွေနဲ့ အူလည်ချာလည်ကို ရိုက်လို့ စိတ်တွေရှုပ်၊ နားတွေကို ရှုပ်နေတော့တာပါပဲ။ ဒီလိုနဲ့ မခံနိုင်တဲ့အဆုံးတော့ ၂၅၀၀ တန်လောက်ခရီးကို ငွေ ၈၀၀၀ ပေးလို့စီးခဲ့ရပါတော့တယ်ဗျာ။ ကိုဆွေရေ ဒီကိစ္စဟာ ပေါ့ပေါ့တွေးလို့မရဘူးနော်.. တကယ်တော့ လေဆိပ်ဆိုတာ ကိုယ့်နိုင်ငံက ခရီးဦးကြိုပြုတဲ့ အ၀င်ဝမုခ်ဦးပါ။ ကိုယ့်ရဲ့မုခ်ဦးထဲဝင်လိုက်တာနဲ့ ပြန်မထွက်ချင်လောက်အောင်ကို စိတ်ချမ်းမြေ့မှုမျိုး ပေးနိုင်သင့်တယ်လို့ ကျွန်တော်ထင်တယ်ဗျာ။ အခုတော့ဗျာ အဲ့ဒီလိုမဟုတ်ဘဲ ရောက်ရောက်ချင်း စောက်နဲ့ထွင်းဆိုသလို နိုင်ငံခြားသားမပြောနဲ့ ကိုယ်လိုမြန်မာနိုင်ငံသားတောင် စိတ်ကုန်ရတဲ့နေရာကြီးဖြစ်နေတာဟာ မသင့်တော်ပါဘူး။ အခုဆိုရင် ကျွန်တော်တို့ဟာ ဆီးဂိမ်းပြိုင်ပွဲတွေ၊ အာဆီယံဥက္ကဌရာထူးတွေကို ယူရတော့မယ်မဟုတ်လား။ နိုင်ငံတကာ အဆင့်မီမဟုတ်တောင် အဲ့ဒီအနေအထားတွေနဲ့တန်အောင် အ၀င်မုခ်ဦးကစလို့ သေသေချာချာ ပြုပြင်သင့်တယ်လို့ ကျွန်တော်တော့ တွေးမိတယ်ဗျ။ အခုဆိုရင် မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားတွေဟာလည်း ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဗုံအလား အောက်မေ့လောက်အောင်ကို စိတ်ဝင်တစားနဲ့ တဖွဲဖွဲဝင်ရောက်လာတာကို တွေ့ရတယ်ဗျ။ အဲ့ဒီလို ကိုယ့်နိုင်ငံကို လာရောက်ကြတဲ့ အနယ်နယ်အရပ်ရပ်က လူကြီးမင်းများကို မခမ်းနားချင်နေပါစေ၊ စိတ်ချမ်းမြေ့ဖွယ် အ၀င်မုခ်ဦးလေးနဲ့တော့ လှိုက်လှဲပျူငှာစွာကြိုဆိုနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းပြောကြားလိုက်ချင်တယ်ဗျာ။

အောင်မောင်း(ပေါက်ချောင်း)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...