Friday, May 10, 2013

ကိုရီးယားက ဇရာအိုနှင့် အာဆီယံက ကညာပျို


ယခုအချိန်ဟာ ကမ္ဘာမှာ ကိုရီးယားလှိုင်း တော်တော် ရိုက်ခတ်အာကောင်းနေချိန်ဖြစ်ပါတယ်။ အာရှတစ်ဝှမ်းလုံးမှာတင်မက အနောက်ဥရောပ၊ အမေရိကတို့အထိပါ ကိုရီးယားတို့တော်တော် ခြေလှမ်းသွက်နေတယ်လို့ဆိုရပါမယ်။ မြန်မာနိုင်ငံမှာလည်း တခြားနိုင်ငံများနည်းတူ ကိုရီးယားရုပ်ရှင် တွေကိုအသည်းအသန် အားပေးကြည့်ရှုရာကနေ ကိုရီးယားမှကိုရီးယားဖြစ်နေတဲ့ အချိန်ကာလတစ်ခုလို့ ပြောရမှာပါပဲ ဒီကမှတဆင့် အလုပ်အကိုင်အခွင့်အလမ်း မျက်နှာစာတွေမှာလည်း ကိုရီးယားဟာ အင်မတန် သွားရောက်လုပ်ကိုင် နေထိုင်ချင်စရာ နေရာ တစ်ခုဖြစ်နေပါတော့တယ်။
မြန်မာတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို ကိုရီးယားနဲ့ ပွင့်ပွင့်လင်းလင်း ဆက်သွယ်ဆောင်ရွက် လာခဲ့တာ မကြာသေးတဲ့ ကာလလောက်ကမှလို့ ဆိုရမှာပါ။ အရင်ရောက်နှင့်နေကြတဲ့ ဆယ်နှစ်ကျော် လုပ်သားကြီးတွေကတော့ အကြောင်းအမျိုးမျိုးဖြင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ရောက်နေကြသူတွေများပါတယ်။ ဒါပေမယ့် အခြားအာဆီယံနိုင်ငံတွေဖြစ်ကြတဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အစရှိတဲ့ နိုင်ငံတွေက အလုပ်သမားတွေ ၀င်ရောက်လုပ်ကိုင် လာခဲ့ကြတာတော့ နှစ်အတော်ကြာခဲ့ပါပြီ။
တရုတ်နိုင်ငံက အလုပ်သမားတွေဆိုရင်လည်း ကိုရီးယားမှာ ၀င်ငွေပိုကောင်းသဖြင့် လာရောက်လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။ အဲဒီလို ကိုးရီးယားနိုင်ငံကို လာရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေထဲမှာ မိမိ မိသားစုအတွက် ဘ၀ကိုရင်းကာ လာရောက်လုပ်ကိုင်နေကြတဲ့ အမျိုးသမီးများလည်း ပါဝင်ပါတယ်။ ကိုရီးယားမှာ တရားဝင်နေထိုင်ခွင့် ရရှိဖို့အတွက် တချို့သောမိန်းကလေးတွေဟာ ကိုရီးယားနိုင်ငံမှ အသက်ကြီးကြီးလူကြီးများနှင့် လက်ထပ်ကာနေထိုင် ကြရပါတယ်။ ဒါမှသာ သူတို့ဟာ ဒီနိုင်ငံမှာ ရေရှည် နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်၍ မိမိ မိသားစုဆီ ငွေလေးကြေးလေး ပို့ပေးနိုင်မှာ ဖြစ်တဲ့အတွက်ပါ။ ကိုရီးယားလူမျိုးများဟာ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများသို့ပါ သွားရောက်ကာ လိင်အပျော်အပါးလိုက်စားတတ်ကြပါတယ်။ ကိုရီးယား မှုခင်းဌာနကြီးက သုတေသနပြုလုပ်၍ ထုတ်ပြန်သော ကြေငြာချက်တွင် “အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်ပြီး လိင်ကိစ္စလိုက်စားတဲ့ နိုင်ငံတွေထဲမှာ ကိုရီးယားတွေဟာ ဂျပန်နှင့် တရုတ်လူမျိုးတို့၏ ရှေ့သို့ပင်ရောက်ရှိနေပြီဖြစ်ကြောင်း” သတိပေးပြောကြားထားပါတယ်။ အပျော်အပါးအတွက်သာမဟုတ် ဇနီးမယားအဖြစ် ပေါင်းသင်းဖို့အတွက်လည်း တချို့သော ကိုရီးယားပုရိသတို့ဟာ အရှေ့တောင်အာရှနိုင်ငံများရှိ သမီးပျိုလေးများထံ ခြေဦးလှည့်တတ်ကြပါတယ်။
အဘယ်ကြောင့်ဆိုသော် ကိုရီးယားအမျိုးသမီးတွေဟာ အင်မတန် လှချင်ပချင်ကြပြီး အသုံးအဖြုန်းကလည်း ကြီးသလို နယ်မြို့တွေထက် ဆိုးလ်မြို့တော်ကြီးမှာသာ နေထိုင်ချင်ကြပါတယ်။ ထို့ကြောင့် တော်ရုံတန်ရုံ ကိုရီးယားပုရိသတွေက ဒါတွေကို မတတ်နိုင်၊ မဖြည့်ဆည်းနိုင်ကြတဲ့အတွက် ကိုရီးယားအမျိုးသမီးတွေ့ရဲ့ နှစ်သက်ရွေးချယ်ခြင်းကို မခံကြရပါဘူးနယ်ဘက်ကလူများအတွက်ဆို မယားရှားတယ်လို့ ဆိုရမလိုပါပဲ။ တစ်ခါက စာရေးသူငှားနေတဲ့ အိမ်ရှင်ဆိုရင် နယ်မှာရှိတဲ့  သူ့ညီအတွက် မြန်မာအမျိုးသမီး ရှာပေးပါ ရှာပေးပါ ဆိုပြီး စာရေးသူကို ပြောဆို ပူဆာတတ်လေ့ရှိပါတယ်။ အခုလက်ရှိ စာရေးသူနေထိုင်နေတဲ့ အိမ်ဘေးမှာတောင်မှ ကိုရီးယားအသက်ကြီးကြီးနဲ့ လက်ထပ်ကာနေထိုင်သူ အရှေ့တောင်အာရှနိုင်ငံများမှ အမျိုးသမီးနှစ်ယောက်ရှိပါတယ်။ တစ်ခါတစ်ခါ ရန်ဖြစ်ကြသံများ ကြားရလေ့ရှိပါတယ်။ အိမ်ဘေးရှိလူကြီးနဲ့ စကားပြောကြရင့်း  သူ့မှာ မိသားစုနှင့်ကလေးများရှိကြောင်း၊ သူနဲ့အတူနေ အမျိုးသမီးမှာလည်း သူ့နိုင်ငံမှာ လက်ရှိလင်ယောက်ျားနှင့် သားသမီးများရှိတယ်လို့သိရပါတယ်။
တချို့သော ကိုရီးယားလူမျိုးတွေဟာ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံများကိုတောင် သွားရောက်လည်ပတ်ကာ ဇနီးမယားအရှာထွက်တတ်ကြတယ်။ ပြီးတော့ ကိုရီးယားကို ခေါ်ဆောင်လာပြီး ပေါင်းသင်းနေထိုင်ကြတဲ့အခါ မကျေနပ်တာရှိခဲ့ရင်လည်း နိုင်ငံခြားသူ ဇနီးမယားတွေက သူတို့ကို ပြန်မလှန်နိုင်ကြပါဘူး။ နေထိုင်ခွင့်ဗီဇာက သူတို့အပေါ်မူတည်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။  တချို့ မိန်းကလေးတွေကတော့ အစကတည်းက ဘာဖြစ်ဖြစ် အလုပ်လုပ်ရရင်ပြီးရော ဆိုတဲ့စိတ်မျိုးနှင့် လာခဲ့ကြတာဖြစ်ပေမယ့် တစ်ဦးနှင့်တစ်ဦး တကယ်ချစ်ကြိုက်တယ်ဆိုတဲ့ ခံစားချက်နဲ့လိုက်လာခဲ့မိတဲ့ မိန်းမပျိုလေးများအဖို့တော့ ကံဆိုးမိုးမှောင်ကျသလိုဖြစ်ရတော့တာပါပဲ။  အစစအဆင်ပြေသွားတဲ့ အိမ်ထောင်တွေ မရှိမဟုတ် ရှိပေမယ့် မပြောပလောက်တဲ့ အရေအတွက်လောက်ပဲဖြစ်ပါတယ်။
ယခု စာရေးသူတို့ မြန်မာပြည်မှာလည်းပဲ ကိုရီးယား အချစ်ဇာတ်ကားတွေကို အကြည့်များလာရာက ကိုရီးယားမှ ကိုရီးယားဖြစ်နေကြတာ အများအသိပါပဲ။ အရင်တုန်းက မြန်မာပြည်ကို  ၀င်ရထွက်ရခက်တာမို့ မြန်မာအမျိုးသမီးများနဲ့ ကိုရီးယားသားတို့ဇာတ်လမ်းက များများစားစားမရှိခဲ့ပေမယ့် ယခုလိုတံခါးဖွင့်လိုက်ပြီးတဲ့ အချိန်အခါမျိုးမှာ ထိုထိုသော ဇာတ်လမ်းတွေဟာ တနေ့တခြား တိုးတက်များပြားလာတော့မှာ အသေအချာပါပဲ။  ဒါပေမယ့် ရုပ်ရှင်ထဲမှမြင်ရတဲ့ မြင်ကွင်းတွေအရ သာယာစရာအဖြစ်အပျက်တွေ စိတ်ကူးယဉ်စရာကောင်းတဲ့ မျှော်လင့်ချက်တွေ ပြည့်လျှမ်းနေတဲ့ဘ၀မျိုးကို တောင့်တပြီးတော့ ကိုယ့်ဘ၀ကိုကိုယ် နှစ်ပစ်လိုက်သလိုမလုပ်မိကြဖို့ လိုအပ်ပါတယ်။ တခြားနိုင်ငံတွေဆီက မိန်းကလေးတွေမှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူဖို့ အထူးပဲ သတိချပ်သင့်ပါတယ်။ တခါက ဗီယက်နမ်နိုင်ငံသားတစ်ယောက်နှင့် ရင်းရင်းနှီးနှီး နေခဲ့ဖူးပါတယ်။ သူဆို ကိုရီးယားတွေဟာ သူ့နိုင်ငံက မိန်းကလေးတွေကို ဖျက်ဆီးနေတဲ့ တရားခံတွေပဲလို့ ပြောလေ့ရှိပါတယ်။ ကိုရီးယားမှာ ဗီယက်နမ်သူနှင့် ကိုရီးယားသားများ ချိတ်ဆက်ပေးတဲ့ ကုမ္ပဏီ အတော်များများရှိပါတယ်။
ကိုရီးယားအိမ်ထောင်သည်ပွဲစားများရဲ့ တချို့သော ကြော်ငြာများမှာတော့ ဗီယက်နမ်သမီးပျိုတို့၏ ဂုဏ်ရည်ကို ဖော်ညွှန်းတဲ့အနေနဲ့ “Vietnamese women never run away” လို့ ရေးသားဖော်ပြထားတတ်ကြပါတယ်။ ကိုရီးယားနိုင်ငံသားတို့အတွက် အဲ့ဒီလို ကြော်ငြာမျိုးဟာ အထူးအဆန်းမဟုတ်ပေမယ့် ဒါကို မြင်တွေ့သွားတဲ့ အမေရိကန် လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက တာဝန်ရှိသူအချို့က သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်တစ်စောင်မှာ ရှုံ့ချတဲ့သဘောထားနဲ့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ထိုကြော်ငြာနှင့်အတူ အရှေ့တောင်အာရှမှ သမီးပျိုများကို အိမ်ထောင်သည်ပွဲစားများမှ လူကုန်ကူးနေကြကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအကြောင်းအရာနှင့် ပက်သက်ပြီး ဟုန်းဂီးတက္ကသိုလ်မှ အမျိုးသမီးရေးရာကျွမ်းကျင်သူ မင်ဂါယောင်း (min ga-young) က သုံးသပ်ပြောဆိုရာမှာ “ကိုရီးယားနိုင်ငံသားတို့အနေဖြင့် တခြားသော နိုင်ငံတကာမှလူများနှင့် လက်ထပ်ထိမ်းမြားခြင်းဟာ မိမိတို့နိုင်ငံအတွက် ကောင်းမွန်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ မိမိတို့ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာမှ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံဖြင့် မည်ကဲ့သို့ အတူယှဉ်တွဲနေထိုင်ရမည်ကို လေ့လာသင်ယူနိုင်သော အခွင့်အရေးရရှိခြင်းကြောင့်ဖြစ်ကြောင်း၊ သို့သော် ထိုအဆင့်ကို ရောက်ရှိဖို့အတွက် မိမိတို့ဘက်မှလည်း တခြားနိုင်ငံသူ၊ နိုင်ငံသားတို့၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့ကို လေးစားတတ်ဖို့လိုအပ်ကြောင်း၊ အိမ်ထောင်ဖက်ကို ငွေဖြင့်ဝယ်ယူကာ ညှဉ်းပန်းနှိပ်စက်နေခြင်းဖြင့် အိမ်ထောင်ရေးကို ရေရှည်ထိန်းသိမ်းနိုင်မည်မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် “ဗီယက်နမ်အမျိုးသမီးများ ဘယ်တော့မှ အိမ်ကထွက်မပြေးပါ” ဟူသော ဆိုင်းဘုတ်များဖြင့် ဆက်လက်အလုပ်ဖြစ်နေကြမည်လား၊ ကမ္ဘာသူကမ္ဘာသားတို့၏ လွတ်လပ်သော လူ့ဘောင်လောကကို ကောင်းစွာနားလည် သဘောပေါက်ကာ လူလူချင်းလေးစားတတ်သောသူများဖြစ်လာမည်လား ဆိုသည်မှာ မိမိတို့အပေါ်တွင် တည်မှီကြောင်း” သုံးသပ်ပြောဆိုသွားပါတယ်။

 ကိုရီးယား နာမည်ကျော် အမျိုးသမီးတက္ကသိုလ်တစ်ခုဖြစ်သော အီဟွာအမျိုးသမီးတက္ကသိုလ် (Ewha Women’s University) မှာ Psychology ဘာသာရပ်ဖြင့် မဟာဘွဲ့တက်ရောက်နေသော ကိုရီးယားနိုင်ငံသူတစ်ဦးကလည်း “ကိုရီးယားတို့သည် အများအားဖြင့် သူတစ်ပါးအကျိုးစီးပွားကို အာရုံစိုက်မှုနည်းလွန်းကြောင်း၊ နိုင်ငံခြားသူ၊သားများနှင့် လက်ထပ်သောကိစ္စတွင်လည်း ကိုရီးယားအိမ်ထောင်သည် ပွဲစားများသည် ငွေရရင်ပြီးရောဆိုသည့် သဘောမျိုးဖြင့် လုပ်ဆောင်မှုများကြောင့် စိတ်မနှံ့သောကိုရီးသားများနှင့် တခြားနိုင်ငံသူများကို လက်ထပ်ပေးသည့်ကိစ္စမျိုးပင် ဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ ထို့ကြောင့် တခြားနိုင်ငံများမှ ကိုရီးယားနိုင်ငံအားမုန်းတီးစိတ် ၀င်လာနိုင်ကြောင်း၊ ဗီယက်နမ်နိုင်ငံဆိုလျှင် ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်မည့်သူများအတွက် တင်းကြပ်သော ဥပဒေများပင် သီးသန့် ချမှတ်လာကြောင်း၊ ထိုကဲ့သို့သော ကိစ္စရပ်များဖြစ်ပေါ်လာခြင်းဟာ နိုင်ငံသိက္ခာကျကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသားများအနေနှင့် မိမိအကျိုး၊ သူတစ်ပါးအကျိုးကို မျှတစွာကြည့်တတ်သောသူများဖြစ်လာရန် ကြိုးစားသင့်ကြောင်း” အကြံပြုပြောဆိုသွားပါတယ်။

ကိုရီးယားအမျိုးသားတို့အနေနဲ့ အထက်မှာ ပြောခဲ့သလို လူသားချင်းစာနာတတ်သောသူများ ဖြစ်လာကြဖို့ လွန်စွာအရေးကြီးပါတယ်။ ကိုရီးယားနိုင်ငံဟာ စီးပွားရေးမျက်နှာစာမှာ အင်မတန် စန်းပွင့်နေပေမယ့် လူမှုရေးစံအပေါ် တန်ဖိုးထားမှုမှာတော့ တဖြည်းဖြည်းအောက်ကို ကျဆင်းနေပါတယ်။ ကိုရီးယားကို လာရောက်လုပ်ကိုင် ပညာသင်ကြားကြသော အာရှနိုင်ငံသားများ တကယ်တမ်း လက်တွေ့မျက်တွေ့ တွေ့မြင်ရတာကတော့ ကိုရီးယားတွေဟာ အနောက်နိုင်ငံကိုသာ အထင်ကြီးလေးစားပြီး မိမိတို့ကို အမြဲတစေနှိမ်ချဆက်ဆံနေတဲ့သူများ ဆိုတာပဲ ဖြစ်ပါတော့တယ်။ ထိုအခြင်းအရာကို ကိုရီးယား K-Pop ဂီတထုတ်လုပ်သူတစ်ဦးကလည်း မကြားသေးမီက သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ မီးမောင်းထိုးကာ ပြောဆိုသွားခဲ့ပါတယ်။

“ကိုရီးယား K-Pop အောင်မြင်လာရခြင်းဟာ အာရှနိုင်ငံများကြောင့် အဓိကဖြစ်ကြောင်း၊ သို့သော် ကိုရီးယားတို့ဟာ အာရှသူအာရှသားများအပေါ်တွင် ဂရုမမူပဲနေတတ်ကြောင်း၊ မိမိတို့အနေဖြင့် အာရှသူအာရှသားများ၏ ချစ်ခင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မှသာလျင် ဆက်လက်အောင်မြင်မည်ဖြစ်ကြောင်း” ပြောဆိုသွားပါတယ်။

မြန်မာမိန်းကလေးတွေအနေနဲ့ ကိုရီးယားဇာတ်ကားတွေ အကြည့်များကာ ကိုးရီးယားနိုင်ငံနဲ့ကိုးရီးယားလူမျိုး (အထူးသဖြင့် ကောင်လေးချောချောတွေကို)ကို အလွန်သဘောကျနေကြပုံရပါတယ်။ ဒါပေမယ့် အရက်ကို မြန်မာတို့ အချိုရည်သောက်သုံးသည်ထက် ပိုပြီး သောက်သုံးတတ်တဲ့ ကိုရီးယားတို့ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ကြမည်ဆိုရင်တော့ အလေးအနက်ထား စဉ်းစားဖို့ လိုအပ်လိမ့်မယ်လို့ သတိပေးလိုပါတယ်။

ဘ၀ဆိုတာ ရုပ်ရှင်ဇာတ်ကားတစ်ကားနဲ့ မနှိုင်းယှဉ်သာအောင် လေးနက်ပြီး အန္တရာယ်များလှပါတယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ရှေ့သွား နောက်ပြန် ခလုပ်နှိပ်ပြီး ကြည့်လို့ရပေမယ့် ဘ၀ကိုတော့ မလိုချင်တဲ့နေရာ မပါအောင် ဖြတ်တောက်ပစ်လိုက်ပြီး ပြန်စမယ်ဆိုလို့ ဖြစ်နိုင်ကောင်းတဲ့ အရာမျိုး မဟုတ်ပါဘူး။ တခုခု မဆုံးဖြတ်ခင် မမှားခင်က အစစအရာရာ ဆင်ခြင်ကြစေချင်ပါတယ်။
တံခါးဖွင့်စီးပွားရေးကာလမှာ မြန်မာအမျိုးသမီးလေးများ အန္တာရာယ်ကင်း ဘေးရှင်းကြပါစေလို့ ဆန္ဒပြုလျက်။


မောင်မျိုး (စက်မှု)



မှတ်ချက်။   ။  ကိုရီးယားကို ဘာမှမသိဘဲ အထင်ကြီးနေကြခြင်းထက် တချို့သော အကြောင်းအရာလေးများကို သိရှိပြီးစဉ်းစား ဆင်ခြင်နိုင်ရန်အတွက် မိမိလက်လှမ်းမီသော အကြောင်းအရာများကို တင်ပြခြင်းမျှသာ။ မည်သူ့ကိုမှ မရည်ရွယ်သလို မည်သူ့ကိုမှလည်း နစ်နာလိုစိတ်မရှိပါ။ မိမိနိုင်ငံသားများ စဉ်းစားဆင်ခြင်နိုင်ရန်အတွက် မိမိကြုံတွေ့ကြားသိခဲ့ရသမျှကို ဖောက်သည်ချခြင်းဖြစ်ပါသည်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...