Wednesday, May 8, 2013

စိတ်ဖိစီးမှု လျော့နည်းအောင် ထိန်းသိမ်းနေထိုင်ခြင်း


မေ ၈၊ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ

မနှစ်က ကိုရီးယားမှာ ပညာလာသင်နေတဲ့ ကျောင်းသားတစ်ယောက် ခါးနာတာ လမ်းတောင်မလျှောက်နိုင်လို့ ဆေးရုံတက်ပါတယ်။ ကိုရီးယားက နောက်ဆုံးပေါ် စက်တွေနဲ့ စမ်းသပ်ပေမယ့် ဘာရောဂါမှ မပေါ်ပါဘူး။ ဒါနဲ့ ကျွန်တော်လည်း အင်တာနက်မှာ ရှာကြည့်တော့ စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်တယ်ဆိုတာ သွားတွေ့ပါတယ်။ တစ်ပတ်လောက် ဆေးရုံတက်ပြီး သူလည်းပဲ သက်သာသွားပါတယ်။ အဲ့ဒီအချိန်ကတည်းက ယခုလို စိတ်ဖိစီးမှုနဲ့ ကျန်းမာရေး အကြောင်းကို ရေးချင်ခဲ့တာပါ။ လုံလောက်တဲ့ Knowledge မရှိလို့ မရေးဖြစ်ခဲ့ဘဲ အခုမှပဲ ရေးဖြစ်ပါတယ်။ အားလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။


လူ့ကိုယ်ခန္ဓာမှာ စိတ်ဖိစီးမှုကို အလိုလျောက် တုံ့ပြန်ထိန်းချုပ်တဲ့ စနစ်တစ်ခု အလိုလိုပါရှိပြီးသား ဖြစ်ပါတယ်။ ဒီစနစ်ဟာ သင့်ကိုအကာအကွယ် ပေးဖို့အတွက် သဘာဝတရားကြီးက လက်ဆောင်ပေးထားတာပါ။ ဒါပေမယ့် အဲ့ဒီစိတ်ဖိစီးမှုကို တုံ့ပြန်ထိန်းချုပ်တဲ့စနစ်ကြီးဟာ လိုအပ်တဲ့အချိန် ခဏလေးအတွင်းမှာသာ အလုပ်လုပ်တာ မဟုတ်ဘဲ အမြဲတမ်းနီးပါး အလုပ်လုပ်နေရပြီဆိုရင်တော့ သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတော့တယ်။ ဒါ့ကြောင့် သင့်စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

ကျွန်တော်တို့ လူသားတွေဟာ မိသားစု စားဝတ်နေရေး၊ ရုံးလုပ်ငန်းတွေ၊ လူမှုရေးကိစ္စ အစရှိသည်တို့နဲ့ နေ့စဉ်လုံးပမ်းနေရတာပါ။  အဲ့ဒီလို နေ့စဉ်ဗာဟီရလေးတွေဟာ သင့်ကိုယ်ခန္ဓာကို အန္တာရာယ် ပေးနိုင်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဒီလုပ်ငန်းလေးတွေဟာ သင့်ကျန်းမာရေး ချို့ယွင်းအောင် နေ့စဉ်ရက်ဆက် တိုက်ခိုက်နေကြတာပါ။ သို့သော် သိပ်တော့ ပူပင်စရာမရှိပါ။ သင့်အနေနဲ့ သူတို့ကို ကောင်းကောင်းပြန်လည် ချေဖျက်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေက သင့်အပေါ်ကို လွှမ်းမိုးထိန်းချုပ် သွားမှာမျိုးကို လက်သင့်မခံသင့်ပါဘူး။

အလိုလျောက် စိတ်ဖိစီးမှုတုံ့ပြန်သောစနစ်ကို နားလည်သဘောပေါက်ခြင်း

သင့်စိတ်နဲ့ ခန္ဓာဟာ စိတ်ဖိစီးမှုတွေနဲ့ အမြဲရင်ဆိုင် နေရတယ်ဆိုရင် သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲလို့ဆိုရင် သင့်ခန္ဓာကိုယ်ရဲ့ အလိုလျောက် စိတ်ဖိစီးမှုတုံ့ပြန်တဲ့စနစ် (Fight-or-Flight Reaction) ဟာ အချိန်တိုင်း အလုပ်လုပ်နေရလို့ပဲ ဖြစ်ပါတယ်။
အခက်အခဲတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ (ဥပမာ- ခွေးလိုက်ကိုက်တာ) လူ့ဦးနှောက်ကနေပြီး ကျောက်ကပ်နားမှာရှိတဲ့ adrenal glands ကို သွားပြီးတော့ အချက်ပေးပါတယ်။ အဲ့ဒီကနေမှ adrenaline နဲ့ cortisol ဆိုတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။

Adrenaline ကတော့ သင့်ရဲ့ နှလုံးခုန်နှုန်းကို မြန်ဆန်စေပြီး၊ သင့်ရဲ့ သွေးပေါင်ချိန်ကို မြင့်တက်စေကာ စွမ်းအင်ကို သာမာန်ထက် ပိုလို့ထုတ်ပေးပါတယ်။ Cortisol ကတော့ သွေးထဲမှာ သကြားဓါတ် ပိုမိုများပြားစေပြီး တစ်ရှူးတွေကို ပြင်ဆင်ပေးနိုင်တဲ့ ဓါတ်ပစ္စည်းတွေလည်း ထုတ်လွှတ်ပေးပါတယ်။ Cortisol ဟာ စိတ်ဖိစီးမှု တုံ့ပြန်ရာမှာ မလိုအပ်တဲ့ တခြားဘေးထွက် ဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ သူဟာ လူ့ကိုယ်ခံအားစနစ်ရဲ့ အလုပ်လုပ်ပုံတွေပြောင်းစေခြင်း၊ အစာခြေတဲ့စနစ်ကို ပျက်စီးစေခြင်းနှင့် ကြီးထွားမှုဖြစ်စဉ်တွေကို ထိခိုက်စေခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။

စိတ်ဖိစီးမှုတုံ့ပြန်သောစနစ် ပျက်ယွင်းလေသောအခါ

လူ့ကိုယ်ခန္ဓာရဲ့ စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့စနစ်ဟာ စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အချိန်မှာ လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး၊ စိတ်ဖိစီးစရာ အဖြစ်အပျက်ကို ကျော်လွန်သွားတဲ့အချိန်မှာတော့ သင့်ကို နဂိုပုံမှန် အခြေအနေအတိုင်းရောက်အောင် ပြန်လည်ထိန်းညှိပေးပါတယ်။ အဲ့ဒီအချိန်မှာ သင့်ရဲ့ adrenaline နဲ့ cortisol တွေပြန်ကျပြီး၊ သင့်နှလုံးခုန်နှုန်းနှင့် သွေးပေါင်တွေဟာလည်း နဂိုမူလအခြေအနေကို ပြန်လည်ရောက်ရှိကာ၊ တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာလည်း သူ့အလုပ်သူပုံမှန် ပြန်လည် လုပ်ဆောင်ကြပါတော့တယ်။

သင်ဟာ အမြဲပဲ စိတ်ဖိစီးနေရပြီး၊ သင့်ရဲ့ flight-or-fight တုံ့ပြန်တဲ့ စနစ်ကြီးဟာလည်း အမြဲတမ်း အလုပ်လုပ်နေရပြီဆိုရင်တော့ သင့်ကျန်းမာရေးဟာ တစ်နေ့တစ်ခြား ဆိုးရွားလာမှာ အသေအချာပါပဲ။ စိတ်ဖိစီးမှုဟာ ရှိရှိသမျှ ခန္ဓာကိုအစိတ်အပိုင်းများရဲ့ စနစ်တွေကို ထိခိုက်စေပြီး နှလုံးရောဂါ၊ အိပ်မပျော်ခြင်း၊ အစာမကြေခြင်း၊ စိတ်ကျရောဂါ၊ အ၀လွန်ခြင်း၊ မှတ်ဥာဏ်ချို့ယွင်းခြင်း၊ အသားအရေအား ထိခိုက်စေခြင်း စတဲ့ ရောဂါဘယတွေကို ဖြစ်ပေါ်စေပါတယ်။

တစ်ဦးနှင့်တစ်ဦး စိတ်ဖိစီးမှုကို တုံ့ပြန်ပုံကွဲပြားခြင်း

စိတ်ဖိစီးမှုကို တုံ့ပြန်ပုံတွေဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြားတတ်ပါတယ်။ တစ်ချို့တွေဟာ အေးအေးဆေးဆေးနဲ့ ထိန်းချုပ်နိုင်ပြီး၊ တချို့ကတော့ ရှူးရှူးရှဲရှဲနဲ့ တုံ့ပြန်တတ်ကြပါတယ်။ ဒီလိုကွဲပြားတဲ့ အချက်တွေဟာ လူတစ်ယောက်ရဲ့ မျိုးရိုးနဲ့လည်း အနဲငယ် ပက်သက်မှု ရှိပါတယ်။ ရှူးရှူးရှဲရှဲ တုံ့ပြန်တတ်သူ အများစုကတော့ ငယ်စဉ်က ကြီးပြင်းခဲ့ကြတဲ့ ပတ်ဝန်းကျင်ကြောင့် အဲ့ဒီလို ပုံစံဖြစ်ကြတာများပါတယ်။ ငယ်စဉ်အခါမှာ ပြစ်ပယ်ခံ၊ အဆူအငေါက်ခံရတတ်တဲ့ ကလေးဟာ ကြီးလာတဲ့အခါမှာလည်း စိတ်ဖိစီးမှု များနေတတ်ပါတယ်။

မှန်ကန်သောနည်းလမ်းဖြင့် စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်း

စိတ်ဖိစီးမှုဆိုတာ တကယ်တော့ ဘ၀မှာမဖြစ်မနေ ကြုံတွေ့နေရတာပါ။ လက်ရှိအခြေအနေကို မပြောင်းလဲနိုင်သေးဘူးဆိုရင် သင့်အနေနဲ့ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး လျော့နည်းအောင် နေ့စဉ်ဘယ်လို
ရင်ဆိုင်ဖြတ်သန်းမလဲဆိုတာကို စဉ်းစားကာ အဖြေရှာရမှာဖြစ်ပါတယ်။ သင့်အတွက် အသုံးဝင်မယ့် စိတ်ဖိစီးမှုထိန်းကျောင်းနည်းလေးတွေကတော့....
- မျှတစွာ စားသောက်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။   
  များများအိပ်ပါ။
- စိတ်ပြေလျော့စေမယ့် နည်းနာများကို
  သင်ယူလေ့ကျင့်ပါ။
- မိတ်ကောင်းဆွေကောင်းများနှင့်
  ရှာဖွေပေါင်းသင်းပါ။
- ဟာသဥာဏ်ရှိပါစေ။
- လိုအပ်ပါက နားလည်တတ်ကျွမ်းသာ
  ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပါ။

စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ခြင်းဖြင့် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်ကာ သက်ရှည်ကျန်းမာ စေကြောင်းပါခင်ဗျာ။


မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...