Tuesday, June 11, 2013

ကိုရီးယားနိုင်ငံ၏ အရက်ယဉ်ကျေးမှု

မေ ၁၁၊ ရန်ကုန်တိုင်းမ် သတင်းစာ

ကမ္ဘာပေါ်မှာ အရက်အသောက်ဆုံး လူမျိုးကိုပြပါဆိုလျင် ကိုရီးယားလူမျိုးများကို ပြရမည်ထင်သည်။ ဘာပဲဖြစ်ဖြစ် အရက်ဟာ သူတို့ဘ၀မှာမပါမပြီးတဲ့ အရာတစ်ခုပါ။ ကိုရီးယားလူမျိုးများဟာ သူတို့ရဲ့ရိုးရာအရက်ဖြစ်တဲ့ ဆိုဂျူကို နေ့တိုင်းနီးပါး သောက်သုံးမှီဝဲလေ့ရှိပါတယ်။ တကယ်တော့ မြန်မာတို့ အချိုရည်သောက်သုံးသည်ထက်ပင် ကိုရီးယားတို့ ဆိုဂျူသောက်တဲ့နှုန်းက ပိုပါလိမ့်မယ်။ ဒီလိုယမကာကို မက်မက်မဲမဲ သောက်သုံးကြတာကြောင့်လည်း အရက်သောက်ခြင်းကို တားမြစ်ထားတဲ့ မူလဗုဒ္ဓဘာသာကို လိုက်နာကျင့်ကြံသူ ဒီနိုင်ငံမှာ တစ်နေ့တခြား နည်းပါးလာပါတယ်။


 ရုံးပိတ်ရက်များတွင် အရက်ဆိုင်ဘားဆိုင်သို့ သွားလေ့ရှိသော အမေရိကနှင့်ဥရောပနိုင်ငံသားများပင် ကိုရီးယားများကို တော်တော်သောက်နိုင်တဲ့သူတွေဟု သြချကြရပါတယ်။ တစ်ခါက ကျွန်တော်တက်ရောက်နေတဲ့ စာတမ်းဖတ်ပွဲသို့ American Institute of Aeronautics and Astronautics (AIAA) မှ ဥက္ကဌလည်း လာတက်ရောက်ပါတယ်။ ထို အမေရိကန်ပုဂ္ဂိုလ်က နောက်တစ်နေ့မှာ ဟောပြောပွဲစဉ်မြင့်ပေါ်ကနေ သူနဲ့ ကိုရီးယားက သက်ဆိုင်ရာအကြီးအကဲတို့ ယမန်နေ့ညက အရက်ပြိုင်သောက်ရာမှာ သူရှုံးနိမ့်သွားကြောင်းပြောပြီး ကိုရီးယားလူမျိုးတို့ဟာ အလုပ်ကိုနိုင်သလို အရက်ကိုလည်း တော်တော်နိုင်ကြသူများဖြစ်တယ်လို့ ချီးမွမ်းပြောဆိုသွားပါတယ်။ ကိုရီးယားလူမျိုးတို့ဟာ နေရာတကာ အဆုံးစွန်ထိလုပ်တတ်သူများဟု သတ်မှတ်ရမလိုပင်။

အလုပ်ကြိုးစားမှုတွင်လည်း သြချစရာကောင်းလောက်အောင် ကြိုးစားကြသူများဖြစ်ပါတယ်။ သူတို့ရဲ့ မဆုတ်မနစ်သော ကြိုးစားမှုတို့ကြောင့် ကိုရီးယားနိုင်ငံဟာ ယခုအခါ ကမ္ဘာမှာ လက်မထောင်နိုင်သော နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိလာတာဆိုရင်မမှားပါဘူး။ လူတစ်ကိုယ်တွင် အဆိုးအကောင်း ဒွန်တွဲနေသကဲ့သို့ နိုင်ငံတစ်နိုင်ငံတွင်လည်း အဆိုးအကောင်းတို့ ဒွန်တွဲနေပေသည်။ အကောင်းအဆိုးတို့ကိုတော့ မိမိကိုယ်ပိုင် ဥာဏ်ဖြင့်ဆုံးဖြတ်ကာ ယူသင့်သည်ကိုယူ၊ ပယ်သင့်သည်ကို ပယ်ရမည်မှာ ဆင်ခြင်တုံတရားရှိသော လူတို့၏အရိပ် လဏ္ခာတစ်ခုပဲဖြစ်ပါတယ်။ ဆက်လက်ဖော်ပြမည့် ကိုရီးယားနိုင်ငံ၏ အရက်ယဉ်ကျေးမှုသည် လူငယ်များအား လမ်းမှားသို့ပို့ရန်မရည်ရွယ်ပါ။ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို သိရှိရန်အတွက်သာ ရည်ရွယ်ပါတယ်။
စားသောက်ပွဲတွင် တည်ခင်းလေ့ရှိသော အရက်များ

ကိုရီးယားလူမျိုးတို့၏ စားသောက်ပွဲများတွင် တည်ခင်းလေ့ရှိသော ပင်တိုင်စံအရက်ကတော့ သူတို့၏ရိုးရာအရက်ဖြစ်သော ဆိုဂျူပဲဖြစ်ပါတယ်။ သံခင်းတမန်ခင်းပွဲများတွင်တော့ ၀ီစကီနှင့် ၀ိုင်အရက်များပါဝင်လေ့ရှိသော်လည်း သာမာန်ပွဲများကတော့ ဆိုဂျူနှင့် မတ်ဂျုဟု ခေါ်သော ဘီယာပဲဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံထွက် ဘီယာများ အရည်အသွေးညံ့ပါတယ်။ ဒီလိုစီးပွားရေးထိပ်တန်းနိုင်ငံကထုတ်တဲ့ ဘီယာညံ့တယ်ဆိုတာ အံ့အားသင့်စရာပါပဲ။ ကိုရီးယားနိုင်ငံထုတ်ဘီယာတို့သည် ဂျပန်နိုင်ငံထုတ်ဘီယာတို့၏ အရသာနှင့်ခပ်ဆင်ဆင်တူသော်လည်း ဂျပန်ဘီယာတို့လောက် သောက်မကောင်းပေ။ ကိုရီးယားထွက်ပစ္စည်း ဘာမဆိုကို ကမ္ဘာမှာအကောင်းဆုံးဟု ပြောလေ့ရှိသော ပါမောက္ခကြီးများပင် ကိုရီးယားဘီယာ ညံ့ကြောင်းကိုတော့ ၀န်ခံကြပါတယ်။ မြန်မာဘီယာသောက်သုံးဖူးသော ကိုရီးယားလူမျိုးတို့သည် ဒီလိုနိုင်ငံကဒီလို ဘီယာကောင်းကောင်း ထုတ်လုပ်နိုင်သည်ကို အထူးတလည် ချီးမွမ်းကြလေ့ရှိပါတယ်။
တချို့သော ကိုရီးယားများကတော့ သူတို့တခြားနိုင်ငံရောက်ခဲ့စဉ်က ၀ယ်ယူခဲ့သော အရက်တစ်လုံးကို အထူးအရက်အဖြစ် စားသောက်ဝိုင်းမှာ တည်ခင်းဧည့်ခံတတ်ပါတယ်။ ထိုဟာ ကုန်သည်နှင့် ဆိုဂျူနှင့်နှစ်ပါးသွားကြပါတော့တယ်။ လက်ရှိ ဆိုဂျူသည် အရင်ခေတ်များနှင့်မတူ အလွန်ပျော့သော ရေသာသာ သာရှိသည်ဟု ပါမောက္ခတစ်ယောက်က ပြောပြဖူးပါတယ်။ ကိုရီးယားဆိုဂျုဟာ မြန်မာပြည်မှာဆို ဘီအီးနဲ့အဆင့်တူမယ်ထင်ပါတယ်။ ထိုဆရာပြောပုံအရဆိုလျင် ဟိုးယခင် ဆိုဂျုသည် မြန်မာပြည်မှ ဘီအီးလောက်ပြင်းအားရှိမယ်ထင်ပါတယ်။ တစ်ခါတစ်ရံ ကိုရီးယားလူမျိုးတွေဟာ ဆိုဂျူနှင့်မတ်ဂျု (ဘီယာ)ရောနှောကာ ဆိုးမတ်အဖြစ် သောက်သုံးတတ်ကြပါတယ်။ နှစ်ပင်လိမ်ကာ ပို၍မူးစေသည့် သဘောဖြစ်ပါတယ်။ ကိုရီးယားတွင် မြန်မာခေါင်ရည်နှင့် ဆင်တူသော မက်ကောလီဟူသော အရက်တစ်မျိုးလည်း ရှိပါတယ်။ သာမာန်အလုပ်ကြမ်းသမားများနှင့် လူကြီးများသာ အသောက်များပါတယ်။

လူကြီးများနှင့် သောက်ကြရာဝယ်

လူကြီးသူမများနှင့် သောက်သုံးပါက၊ ပထမဦးစွာ အထူးအရက်ဖြင့် ဧည့်ခံပါက ထိုအရက်ကို အားလုံးသောသူတို့၏ ခွက်များထဲသို့ ဧည့်ခံသူလူကြီးက လိုက်လံငှဲ့ပေးလေ့ရှိပါတယ်။ ထို့နောက် သူ၏ခွက်ထဲသို့ နီးစပ်ရာ တစ်ယောက်ယောက်မှ ပြန်လည်ငှဲ့ပေးရပါတယ်။ ကိုရီးယားတွင် ကိုယ့်ခွက်ကို ငှဲ့မသောက်ရပါ။ အပြန်အလှန်ငှဲ့ပေးရပါတယ်။ ပါမောက္ခများနှင့် အရက်ဆိုင်အတူတွဲထိုင်လေ့မရှိသော မြန်မာများအဖို့ ကိုယ့်ပါမောက္ခက ကိုယ့်ကိုအရက်ငှဲ့ပေးတာကို လက်ခံရသည်မှာ အောင့်သီးအောင့်သက် နိုင်လှပါတယ်။ ဆရာများကို လက်ဆောင်ပေးရာတွင်လည်း အရက်များကို ပေးလေ့ရှိပါတယ်။ အရက်ခွက်ကို သောက်ခါနီးတွင်တော့ ကိုရီးယားတို့သည် တစ်စုံတစ်ခုကို ကြုံးဝါးပြောဆိုကာ “၀ီဟာရော
ဟု ၀ိုင်းဝန်းအော်ပြီးမှ သောက်သုံးလေ့ရှိပါတယ်။
ဥပမာအားဖြင့်- လေကြောင်းဌာနတွင် တစ်စုံတစ်ခု လုပ်ငန်းအောင်မြင်သည့် အထိမ်းအမှတ်အဖြစ် သောက်သည်ဆိုပါစို့၊ ထိုအခါ ရှေ့မှတိုင်ပေးသူက မိမိတို့အလုပ်အကြောင်း ပထမဦးစွာ စကားဆိုကာ နောက်ဆုံး.. လေကြောင်းဌာနကြီးရဲ့ အောင်မြင်မှု ဟု သူကအော်လိုက်ချိန်တွင် နောက်မှလူများက သံပြိုင်လိုက်၍ ၀ီဟာရော (အတွက်)ဆိုသည့် သဘောဖြင့် အော်ပေးရပါတယ်။ ထို့နောက် လက်ထဲမှအရက်ခွက်ကို သောက်ရာတွင် မိမိကရာထူးငယ်လျင် ခွက်ကိုလက်ကလေးဖြင့် အုပ်ကာ နောက်ဘက်သို့ ခါးလေးလှည့်၍ သောက်သုံးရပါတယ်။

လူငယ်အချင်းချင်းသောက်သုံးခြင်း

လူငယ်အချင်းချင်းဟုဆိုရာတွင် နှစ်ပိုင်းခွဲပြောရပေမည်။ ကိုရီးယားတွင် မိမိထက်အတန်းကြီးသူကို ရာထူးကြီးသူတစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံရပါတယ်။ စီနီယာ၊ ဂျူနီယာ တန်းမတူသည့်သဘောဖြစ်၏။ မိမိဝိုင်းတွင် မိမိအထက် စီနီယာများပါလာပါက အထက်ကဆိုခဲ့သလို လူကြီးများနှင့် သောက်သုံးသကဲ့သို့ သောက်သုံးရပါတယ်။ ကိုယ့်ရွယ်တူ အချင်းချင်းကတော့ စိတ်ကြိုက်သောက်သုံးနိုင်ပါတယ်။ သို့သော် ကိုယ့်ခွက်ကို ကိုယ်တိုင်အငှဲ့မခံကြပေ။ တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုငှဲ့သောက်က ထိုသူသည် မိန်းမချောချော ရတတ်သည်ဟု လူငယ်များကြားတွင် ပြောဆိုလေ့ရှိပါတယ်။

ကိုရီးယားနိုင်ငံတွင် အသက်၂၀ ပြည့်မှသာ အရက်ကိုသောက်သုံးခွင့်ပြုပါတယ်။ တချို့သောဆိုင်များတွင် အရွယ်ရောက်မရောက် သိချင်သဖြင့် မှတ်ပုံတင်ပြခိုင်းခြင်းမျိုးရှိတတ်ပါတယ်။ တက္ကသိုလ်များတွင် တစ်နှစ်တစ်ခါ ကျင်းပသောပွဲတော်တစ်ခုရှိပါတယ်။ ထိုပွဲတော်ကာလတွင် မေဂျာပေါင်းစုံမှ ဆိုင်ခန်းများထွက်ကာ တက္ကသိုလ်တ၀န်းလုံး အရက်ဆိုင်များပြည့်နှက်နေတတ်ပါတယ်။ ညဆိုလျင် တစ်ကျောင်းလုံးရှိကျောင်းသားများသည် ထိုဆိုင်များတွင် အရက်သောက်ကြကာ ပျော်ကြပါးကြပါတယ်။ အချင်းချင်းလက်ချင်းချိတ်ကာ ၀မ်းရှော့ဟုအော်ကာ ခွက်ထဲရှိအရက် မကုန်မချင်း သောက်ကြသည်များလည်း ရှိပါတယ်။ မည်မျှပင် မူးယစ်နေစေကာမူ လူငယ်အချင်းချင်း ရန်ပွဲများမရှိခြင်းကတော့ ချီးမွမ်းစရာကောင်းပါတယ်။ ကိုရီးယားလူမျိုးတို့သည် တစ်ဆိုင်ပြီးတစ်ဆိုင် လှည့်လည်ကာ မိုးလင်းအထိ သောက်သုံးတဲ့အခါများလည်း ရှိတတ်ပါတယ်။ အရက်သောက်ပြီး နောက်ရက်တွင်တော့ ဟယ်ဂျန်းဂုဟု အမည်ရသော ၀က်သားပြုတ်ရည်ကို သောက်သုံးကာ အားပြန်ဖြည့်လေ့ရှိကြပါတယ်။

အရက်ကြောင့်ဖြစ်သော ပြ
နာများ

အရက်ဟူသည်မှာ လူတစ်ယောက်ကို ပုံမှန်စဉ်းစားတွေးခေါ်မှု လမ်းကြောင်းမှ သွေဖယ်စေတတ်သော အရာဖြစ်ပါတယ်။ အရက်ကလေးဝင်သွားတာနဲ့ လူကြီးလူငယ်မရွေး နောက်ဆက်တွဲ အမှားများကို ကျူးလွန်ရန်ဝန်မလေးတော့ပေ။ ဒါ့ကြောင့် နိုင်ငံရေးနယ်ပယ်မှ လူကြီးများ၊ မင်းသားမင်းသမီးများမှသည် အောက်ခြေသာမာန် လူတန်းစားအထိ လိင်ကိစ္စ ပြဿနာများဖြစ်တတ်ကြပါတယ်။ အဆိုးရွားဆုံးကတော့ အမူးလွန်နေသော မိန်းကလေးများ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရသောကိစ္စရပ်များပဲဖြစ်ပါတယ်။ လတ်တလောသတင်းများတွင် အမူးလွန်သောမိန်းကလေးကို သူ့ရည်းစားအယောင်ဆောင်၍ တက္ကစီပေါ်မှခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်၊ သွားများကျိုးပဲ့သည်အထိ နှိပ်စက်ကလူပြုကာ သတ်ဖြတ်ခဲ့သောအမှုကို တွေ့မြင်နေရပါတယ်။ မိမိတို့နိုင်ငံသားများ (အထူးသဖြင့်မိန်းကလေးများ) ထဲမှ ရောမရောက်ပြီး ရောမလိုကျင့်ချင်သူများအနေဖြင့် အထူးသတိထား ဆင်ခြင်သင့်ပေသည်။


မောင်မျိုး (စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...