Tuesday, July 30, 2013

ကျွန်တော်နဲ့ ပါရဂူဘွဲ့ (ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်)



တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားမှုတွေ မတူညီကြပါဘူး။ တချို့တွေက ပစ္စည်း ဥစ္စာကြွယ်ဝ ချမ်းသာမှုကို တန်ဖိုးထားတတ်ကြတယ်။ တချို့ကတော့ ကျော်ကြားမှုကို မြတ်နိုးကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဦးစားပေး မှုတွေ ကွဲပြားကြတာပေါ့။ ကျွန်တော့်အတွက်တော့ ပညာရေးကို ဦးစားပေးမိခဲ့တယ်။ မိဘတွေကျေးဇူးကြောင့် ငယ်ငယ်က ကျောင်း ကောင်းကောင်း တက်ခွင့်ရခဲ့တယ်။ ကျွန်တော်တက်ခဲ့တဲ့ကျောင်းက အမှန်တော့ တစ်ချိန်က ရန်ကုန်မြို့မှာသာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ အကောင်းဆုံးကျောင်း ဖြစ်တယ်လို့ အများက လက်ခံကြတယ်။
အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းဖြစ်ပြီး ဆူးလေဘုရား လမ်းပေါ်မှာရှိတယ်။ အခုတော့ အထက (၁) ဒဂုံလို့ လူသိများတဲ့ကျောင်း၊ ဒီကျောင်းကပဲ ကျွန်တော် တက္ကသိုလ်ဝင်တန်း အောင်ခဲ့တယ်။ ဘွဲ့ရပြီး အလုပ်ရွေးတဲ့အခါ တက္ကသိုလ်ကျောင်းဆရာ အလုပ်ကို လုပ်ခွင့်ရတယ်။ အဲဒီတုန်းက ရာထူးဝန်အဖွဲ့က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာန နည်းပြဆရာအဖြစ် တာဝန်ယူခဲ့ ရတယ်။ ဘွဲ့လွန် အရည်အချင်းစစ် သင်တန်းတက်ခွင့်ရတယ်။ ကျောင်းဆရာ တစ်ယောက်ဖြစ်လာတော့ ကျွန်တော်ဟာ ပညာရေးလောကထဲမှာ ဘဝကိုမြှုပ်နှံခဲ့တယ်။ စာသင်ကြားမှုကို နှစ်သက်တယ်။ ဦးစားပေးခဲ့တယ်။ ဟိုတုန်းက နည်းပြမို့ နည်းပြသင်တန်းတွေပဲ ကိုင်ခွင့် ရခဲ့တယ်။ ကျွန်တော့်ရဲ့ အတန်းက ကျောင်းသား ကျောင်းသူ ၃ဝ လောက်ပဲ ရှိတာပါ။

ကိုယ့်ရဲ့ ကိုယ်ပိုင်အတန်းဖြစ်တာမို့ တတ်နိုင်သမျှ အိတ်သွန်ဖာမှောက် ကြိုးစားအားထုတ် ခဲ့တယ်။ အတန်းကြီးတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အသက်က သိပ်မကွာ လှဘူး။ နှစ်နှစ်ကျော် လုပ်သက် ရပြီးတော့ နည်းပြသင်တန်းကတစ်ဆင့် Lecture  ပေးခွင့် ရခဲ့တယ်။ ဒါပေမယ့် ပထမနှစ်နဲ့ ဒုတိယနှစ်တွေကိုသာ သင်ခွင့်ရခဲ့တာပါ။ စာရင်းကိုင် အခြေခံနဲ့ ကုန်ကျစရိတ်တွက်ချက်နည်း ဘာသာရပ်တွေကို သင်ခွင့်ရတာ။ ကျွန်တော့်ရဲ့ ကြိုးစား အားထုတ်မှုကြောင့် ထင်ပါရဲ့၊ အတန်းထဲမှာ ကျောင်းသား ကျောင်းသူတွေ အပြည့်။ တစ်ခါတလေ အခန်းမဆံ့လို့ အပြင်ကနေတက်ကြရတယ်။ တခြားအတန်းက ကျောင်းသား ကျောင်းသူတွေလည်း လာတက်ကြတယ်။ Attendance ကို ခိုးထိုးပြီး တက်ကြတဲ့သူတွေက အများကြီး၊ မှန်တာပြောရရင် အခုလိုအောင်မြင်မှု ရတာကို ကျွန်တော် ကျေနပ်မိတာ အမှန်ပါ။

တခြားဆရာ ဆရာမတွေ ကျွန်တော့်အပေါ် ဘယ်လို သဘောထားကြမလဲ ဆိုတာ သိပ်မစဉ်းစားမိဘူး။ အခုလိုဖြစ်နေတာကို လုပ်ဖော်ကိုင်ဖက် တစ်ဦးမှတ်ချက်ပြုတာကို အခုထိမှတ်မိသေးတယ်။ သူက စေတနာနဲ့ပြော တာပါ။ ''ခင်ဗျားကို ဒီကျောင်းသားတွေက သဘောကျတာ အရေးမကြီးဘူး။ ကိုယ့်ရဲ့ အထက်လူကြီး ဆရာတစ်ယောက်ရဲ့ ထောက်ခံ အားပေးတာပိုပြီး အရေးကြီးတယ်''တဲ့။ သူပြောတာ မမှားပါဘူး။ မိမိရဲ့ ရှေ့ရေးအလုပ်မှာ တိုးတက်ဖို့ အထက်လူကြီး၊ ဆရာလုပ်တဲ့သူရဲ့ အားပေးမှုက အဓိကကျတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်က သူပြောတာကို လက်မခံဘူး။ ကျောင်းသားချစ်တဲ့ ဆရာပဲဖြစ်ချင်တယ်။

ကိုယ့်ကို သူတို့ဘာမှ လုပ်မပေးနိုင်ဘူးဆိုတာ သဘောပေါက်တယ်။ သူတို့က ကိုယ့်ကို ဘယ်လိုမှ အလုပ်အကျွေးပြုနိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ မိမိကိုဘယ်လိုမှ အလုပ်အကျွေး မပြုနိုင်တဲ့သူတွေကို ဂရုစိုက်သင့်တယ်လို့ ယူဆမိတယ်။ ကျွန်တော်ကံကောင်းတာက ဆရာဖြစ်တဲ့ ဆရာဝီလျံပေါက တည်ကြည်ရင့်ကျက်တဲ့သူ၊ ဆရာပီသသူ၊ အမြဲတမ်း တပည့်တွေရှေ့က မားမားမတ်မတ် ရပ်တည်ခဲ့သူဖြစ်တယ်။

တက္ကသိုလ်လောကမှာ ထွက်ရပ်ပေါက်က နိုင်ငံခြားပညာတော်သင် ဆုရဖို့ဖြစ်တယ်။ ရဖို့ ကလည်း သိပ်မလွယ်လှဘူး။ ကျွန်တော်ဆရာဖြစ်ပြီး တစ်နှစ်လောက်စပြီး ပြင်ဆင်ခဲ့ရတာ။ ဒီလိုဖြစ်အောင် အားပေးတဲ့ ဆရာ ဆရာကြီးတွေ မှတ်မိသေးတယ်။ မနက်အစောကြီး စီးပွားရေးတက္ကသိုလ်ကို လာရင် အဓိပတိလမ်းမှာ လမ်းလျှောက်နေတဲ့ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်ခ၊ သမီးလေးကို လက်တွဲပြီး ဝိဇ္ဇာခန်းမအနားက ဖြတ်လျှောက် သွားတဲ့ ဒေါက်တာကျော်သက်၊ ဒီတုန်းက ပါရဂူဘွဲ့ယူပြီး ပြန်လာခဲ့တဲ့ ဒေါက်တာ ဦးအေးလှိုင်၊ စာရင်းအင်းပညာဌာနက ဒေါက်တာခင်မောင်ညွန့်တို့ ဖြစ်ပါတယ်။ သူတို့တစ်တွေဟာ ကျွန်တော့်ရဲ့ နမူနာပြပုဂ္ဂိုလ်တွေပါ။  သူတို့ကိုကြည့်ပြီး သိပ်အားကျမိတာ။

ကျွန်တော် မမီလိုက်ပေမယ့် လေးစားရတဲ့ ဆရာကြီး ဒေါက်တာ ဦးလှမြင့်၊ ထူးခြားတာ တစ်ခုက မြန်မာနိုင်ငံမှာ စီးပွားရေးပညာ ထူးချွန်တဲ့သူတွေ အများကြီးမွေးထုတ် နိုင်ခဲ့တဲ့ ကမ္ဘာ့ဘဏ်မှာ တာဝန်ယူခဲ့တဲ့ ဒေါက်တာ ထွန်းသင်၊ စီးပွားရေးမှာ ကျွန်တော့်ရဲ့ ဆရာဖြစ်တဲ့ ဒေါက်တာ Ronald Findlay။ ဝါဏိဇ္ဇဗေဒဌာနမှာ ဆရာကြီးဒေါက်တာ ခင်မောင်ကြည်၊ နောက်ပိုင်းပြန်ရောက်လာခဲ့တဲ့ ဒေါက်တာမြင့်၊ ဒေါက်တာ မျိုးညွန့်၊ ဒေါက်တာ ခင်အုန်းသန့်၊ ဆရာအရင်း ဒေါက်တာ ခင်မောင်ြွကယ်။ သူတို့တစ်တွေဟာ ကျွန်တော်စံထားခဲ့ရတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။သူတို့ကို ကြည့်ပြီး သူတို့လို ဖြစ်ချင်တဲ့ဆန္ဒပြင်းပြခဲ့တယ်။
နိုင်ငံခြားပညာတော်သင်ကို ပထမအကြိမ်လျှောက်ခဲ့ပေမယ့် နှုတ်ဖြေစာမေးပွဲ မှာ တခြားသူ တစ်ဦး ရသွားပါတယ်။ အခုလိုဖြစ်ခဲ့လို့ စိတ်ထဲမှာမကျေမနပ် ဖြစ်ခဲ့ရတယ်။ ဝမ်းနည်းခဲ့ရတယ်။ မိမိရဲ့ ကိုယ်ပိုင်အရည်အချင်းအပေါ် အခြေခံပြီး ဆုံးဖြတ်တာမဟုတ်ဘဲ ကျွန်တော်ဘာမှ မတတ်နိုင်တဲ့ မမွေးခင် ကတည်းကဖြစ်ခဲ့တဲ့ အကြောင်းအချက် တစ်ခုကြောင့် အပယ်ခံခဲ့ ရတယ်။ မရတာက ကောင်းတယ်လို့ နောက်မှစဉ်းစားမိတယ်။ မရလိုက်တဲ့ ပညာသင်ဆု ဟာ ပိုလန်နိုင်ငံက ပညာသင်ဆုလေ။
ဒုတိယအကြိမ်ကျတော့ ချောချောမောမောပါပဲ။ အဖေလုပ်သူရဲ့ကျေးဇူးနဲ့ ဖြစ်ခဲ့တဲ့ အကြောင်း ကိစ္စကို ဖြေရှင်းနိုင်ခဲ့တယ်။ ဒုတိယအကြိမ်မှာ ပညာသင်ဆုရရုံမက တစ်ကျော့ပြန် အနောက်နိုင်ငံတစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံကို သွားခွင့်ရပါတယ်။ တစ်ဖက်ကလည်း ကျွန်တော် အင်္ဂလန်သွားတဲ့အချိန်မှာပဲ မိခင်လုပ်တဲ့သူဟာ ကျွန်တော်နဲ့အတူ အင်္ဂလန်မှာ ဆေးကုသခွင့်ရ ခဲ့ပါတယ်။

နိုင်ငံခြားပညာသင်ရတဲ့အချိန်မှာ နည်းပြဆရာသက်တမ်း ငါးနှစ်ပြည့်ခဲ့ပြီမို့ အတော်အတန်ရင့်ကျက်ပြီး လုပ်သက်လည်းရှိနေပြီ။ နိုင်ငံခြားပညာသင်ဆုက ကိုလံဘို စီမံချက်နဲ့ သွားရတာ။ တက်ရမယ့်တက္ကသိုလ်ကို လျှောက်တဲ့အခါ လိုချင်တဲ့ မဟာသိပ္ပံ သင်တန်းတက်ခွင့်မရဘဲ စမ်းသပ်အနေနဲ့ ဘွဲ့လွန်စီမံခန့်ခွဲမှုပညာ ဒီပလိုမာ သင်တန်းကို တက်ခွင့်ရခဲ့တယ်။ ဒီပလိုမာသင်တန်းက စာတွေက ကျွန်တော့်အဖို့ အခက်အခဲ မရှိလှဘူး။ ရန်ကုန်မှာကတည်းက သင်ကြားခဲ့ပြီးတဲ့ ဘာသာတွေကအများစု။ ဒါနဲ့ ပထမနှစ်တက်ပြီး ဘွဲ့လွန်ဒီပလိုမာဘွဲ့ကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့တယ်။

ဟိုတုန်းက နိုင်ငံခြားပညာသင်သွားရတာက ဖောင်ဖျက်ပြီးသွားရတာ။ ဘွဲ့မရမချင်း အိမ်ပြန်ခွင့် မရှိဘူး။ ပညာကိုမလိုက်နိုင်ရင်လည်း ချက်ချင်းပြန်လွှတ်တာ။ ဒုတိယနှစ်မှာတော့ မဟာ သိပ္ပံဘွဲ့ သင်တန်းကို University of Warwick မှာ တက်ခွင့်ရခဲ့တယ်။ ကျွန်တော်တို့ဌာနက Operations Research လို့ခေါ်တဲ့ အသုံးချသုတေသနဘာသာနဲ့ မဟာသိပ္ပံဘွဲ့ကိုယူခိုင်းတာ။ ဒီဘာသာ ကခက်တယ်။ စီမံခန့်ခွဲမှုပညာကို သင်္ချာပညာ ရှုထောင့်က လေ့လာရတာ။ သင်္ချာအတွက်အချက်တွေ သိပ်များတာမို့ အတန်းထဲမှာ အတန်းသား ၂ဝ လောက်ပဲရှိတယ်။ နိုင်ငံအမျိုးမျိုးကလာကြတာ။ အဆောင်မှာနေရတယ်။ ကျွန်တော်နဲ့အတူ ဆူဒန်နိုင်ငံက သင်တန်းသားတစ်ဦးပါဝင်ပါတယ်။ အဆောင်မှာလည်း အတူတူနေရတော့ ရင်းနှီးခဲ့ကြတယ်။

ရယ်စရာတစ်ခုကို သူနဲ့အတူ ကြုံရတယ်။ စာမေးပွဲဖြေတဲ့အချိန်မှာ စာမေးပွဲစနစ်က Open bookဖြစ်လို့ ကြိုက်တဲ့စာအုပ်၊ စာရွက်စာတမ်းတွေ စာမေးပွဲ အခန်းထဲ ယူခွင့်ရှိတယ်။ ဒါကိုလည်းသိရော ဟန်ကျပြီဆိုပြီး လိုမယ်လို့ထင်တဲ့ စာအုပ်တွေကို သေတ္တာထဲထည့်ပြီး ကျွန်တော်ရယ်၊ သူငယ်ချင်းရယ် နှစ်ယောက် သား အပင်ပန်းခံပြီး သယ်ဆောင်သွားကြတယ်။ စာမေးပွဲအခန်းထဲရောက်ပြီး မေးခွန်းတွေ ဖတ်ပြီး အဖြေပါမယ်ထင်တဲ့ စာအုပ်တွေ၊ စာရွက်တွေကို ရှာလိုက် ရတာ အမောသာအဖတ်တင်တယ်။ အဖြေတွေက စာအုပ်ထဲမှာ မရှိဘူးလေ။ သူငယ်ချင်းနှစ်ယောက် ရှက်ရှက်နဲ့ပဲ စာအုပ်တွေကို စာမေးပွဲပြီးတော့ အခန်းထဲ ပြန်သယ်လာခဲ့ရတယ်။

မဟာသိပ္ပံသင်တန်းမပြီးမီ ပါရဂူသင်တန်းတက်ဖို့ သင့်တော်မယ့် တက္ကသိုလ်တွေကို စုံစမ်းရတယ်။ ကျွန်တော်အထူးပြုတဲ့ ဘာသာရပ်က စီမံခန့်ခွဲမှုသိပ္ပံ (Management Sciences) ဘာသာဖြစ်တယ်။ ဒီဘာသာနဲ့ ပတ်သက်ပြီး ပါရဂူအဆင့် သုတေသန လုပ်ငန်းလုပ်ဖို့ တက္ကသိုလ် သုံးလေးခုကိုသွားပြီး စုံစမ်းခဲ့တယ်။ မိမိကိုကြီးကြပ်ပေးမယ့် ပါမောက္ခနဲ့လည်း တွေ့ခွင့်ရခဲ့တယ်။ နောက်ဆုံး ပါရဂူသုတေသနသို့  University of Manchester Institute of Sciences and Technology (UMIST) မှာ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ UMIST က နာမည်ကြီးတက္ကသိုလ်၊ အင်္ဂလန်နိုင်ငံမှာ စက်မှုသိပ္ပံ ဘာသာရပ်နဲ့ ပတ်သက်ပြီး နာမည်ရတာ၊ တချို့က အင်္ဂလန်နိုင်ငံရဲ့ MIT လို့ သတ်မှတ်ကြတယ်။ အမေရိကန်နိုင်ငံမှာ နာမည်ကြီးတဲ့ စက်မှုသိပ္ပံတက္ကသိုလ်က MIT ဖြစ်တယ်။

ကျွန်တော်ရဲ့ ကြီးကြပ်သူက ပါမောက္ခ ဒေါက်တာ Brian Moores၊ သူက အင်္ဂလန်နိုင်ငံသား၊ သူ့ရဲ့ပါရဂူဘွဲ့ကို အမေရိကန်နိုင်ငံက ရထားတာ။ သူ့ရဲ့ ကြီးကြပ်မှု အောက်မှာ ပါရဂူ ကျောင်းသား ငါးယောက်ရှိတယ်။ ပါမောက္ခလုပ်သူက ကျောင်းသား ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သုတေသနလုပ်နေတဲ့သူ၊ သူ့ရဲ့ကြီးကြပ်မှုအောက်မှာ တာဝန် ယူရတာမို့ ကျွန်တော်လည်း ကျန်းမာရေးလောကနဲ့ နီးစပ်ခဲ့တယ်။ ဟိုတုန်းက ကွန်ပျုတာ တွေက အခုလို အရွယ်အစားမရှိဘူး။ အကြီးကြီးတွေ၊ ခန်းလုံးပြည့်ပြီးတော့ ကတ်ပြား (Punch card) တွေသုံးပြီးမှ ကွန်ပျူတာကို တာဝန်ပေးရတယ်။ ကွန်ပျူတာနားလည်တဲ့ Program တွေရေးပြီး စာရင်းတွေသွင်း၊ လိုအပ်တဲ့ တွက်ချက်မှုတွေလုပ်ခဲ့ရတာ။

ဒီတုန်းက ကျွန်တော်နဲ့အတူ ပါရဂူသုတေသနလုပ်နေတဲ့သူ မြန်မာ ကျောင်းသား တစ်ဦးလည်း ရှိတယ်။ သူကကိုစိန်ခိုင်၊ အာဇာနည် မန်းဘခိုင်ရဲ့ သား၊ သိပ်သဘော ကောင်းတယ်၊ သိမ်မွေ့တယ်၊ ထမင်းချက် ဟင်းချက် သိပ်ကောင်းတယ်။ စနေ၊ တနင်္ဂနွေ အလုပ်အားတဲ့ အချိန် သူနဲ့ပဲ အချိန်ဖြုန်းခဲ့တယ်။ ညီအစ်ကိုလို နေခဲ့ကြတဲ့သူ ဖြစ်ပါတယ်။

ပါရဂူတက်နေစဉ် တစ်နှစ် တစ်ခေါက် လန်ဒန်မြို့သွားပြီး သံရုံးကကျင်းပတဲ့ တွေ့ဆုံပွဲတွေ တက်ရတယ်။ ဒီတုန်းက နိုင်ငံခြားပညာသင် အများစုက ဆရာဝန်တွေ၊ ကျွန်တော်တို့လို စီးပွားရေးပညာ တက်နေသူတွေက လူနည်းစု၊ ဆရာကြီး ဦးဇော်သန်း၊ ဆရာဦးဥာဏ်လင်းတို့ ရှိတယ်၊ ကျွန်တော် တက်နေတဲ့ တက္ကသိုလ်ရဲ့ မလှမ်းမကမ်း တက္ကသိုလ်မှာ ဓာတုဗေဒဘာသာနဲ့ ပါရဂူတက်နေကြတဲ့ မြန်မာကျောင်းသားတစ်ယောက် ရှိတယ်။ Manchester တက္ကသိုလ်မှာ တက်နေတဲ့ ဆရာဝန်တွေလည်း ရှိတယ်။

Liverpool  တက္ကသိုလ်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကိုခိုင်ဇော်၊ အခုတော့ သူရော ကိုစိန်ခိုင်ရော ကွယ်လွန်သွားကြပြီ။ ကျွန်တော်က ပညာရေး လောဘကြီးတယ်။ တ်ာရုံတန်ရုံနဲ့ မကျေနပ်ဘူး။ သုံးနှစ်လောက် သုတေသနတွေ ဆောင်ရွက်ပြီး ကြီးကြပ်သူဆရာက ကျမ်းကြီးကို စရေးဖို့ ခွင့်ပြုလိုက်တယ်။ ပါရဂူဘွဲ့ယူတဲ့ ကျောင်းသားအဖို့ ဒီအခြေအနေ ရောက်ဖို့က အလွန်အရေးကြီးတဲ့ မှတ်တိုင်၊ မိမိဆောင်ရွက်ခဲ့တဲ့ သုတေသနအလုပ်တွေ ပြည့်စုံမှ ဆရာလုပ်သူက ကျမ်းကြီးကိုရေးခွင့်ပြုတာ။ ကျမ်းကြီးပြုစု ရတာက စာအုပ်တစ်အုပ် ရေးရသလိုပါပဲ။ စုစည်းထားတဲ့ အချက်အလက်တွေကို စနစ်တကျ ဖော်ပြမှုဖြစ်တယ်။ ခေါ်တာကိုက Ph.D.Thesis  လို့ ခေါ်တာ။  Thesis ဆိုတာ မိမိရဲ့ တွေ့ရှိချက်တွေကို စနစ်တကျ ဖော်ထုတ်မှုဖြစ်ပါတယ်။ ကျွန်တော်က ကျမ်းကြီးကို အကောင်းဆုံးဖြစ်ချင်လို့ ပြီးပြည့်စုံအောင် ကြိုးစားရေးရင်း ရေးရင်းနဲ့ လက်လွန်ပြီး ကျမ်းကြီးက စာအုပ်တစ်အုပ်နဲ့ မလုံလောက်ဘဲ စာမျက်နှာ ၆ဝဝ ကျော်ခဲ့လို့ ၃၆ အုပ်ခွဲပြီး ထုတ်ခဲ့ရတယ်။
ကျမ်းကြီးရေးသားပြုစုပြီးချိန်မှာ ကျမ်းကိုစစ်ဖို့ နှုတ်ဖြေစာမေးပွဲ Oral Examination  ကို ကျင်းပရပါတယ်။ နှုတ်ဖြေစာမေးပွဲကျင်းပမယ့် အကြောင်း ကို သတင်းစာမှာ ကြော်ငြာပါတယ်၊ အဓိပ္ပာယ်က ကြိုက်နှစ်သက်သူတွေ တက်ရောက်ခွင့်ရှိပါတယ်။ ကျွန်တော် နှုတ်ဖြေစာမေးပွဲ ကျင်းပတဲ့ အကြောင်း ကို မနေ့တစ်နေ့ကလိုပဲ မှတ်မိနေမိတယ်။ ပါမောက္ခရဲ့ ရုံးခန်းမှာ ကျင်းပလို့ ကျွန်တော်နဲ့ သုတေသနအတူလုပ်တဲ့သူတွေက အခန်းထဲမှာရှိကြတယ်။ ကြီးကြပ်တဲ့ ပါမောက္ခအပြင် နှုတ်ဖြေစာမေးပွဲကိုစစ်မယ့် ပါမောက္ခ၊ ဒီပါမောက္ခက ကမ္ဘာကျော် စီးပွားရေးပညာရှင်၊ သူကိုယ်တိုင်စစ်မှာမို့ နည်းနည်းတော့ စိတ်ပူမိပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ဆရာ မိတ်ဆက် စကားပြောပြီး စာစစ်ဆရာရဲ့ စကားကို ကြားလိုက်ရတော့ ပါရဂူဘွဲ့ရပြီဆိုတာ ကို သိလိုက်ရတယ်။ သူက ကျွန်တော်ပြုစုတင်သွင်းခဲ့တဲ့ ကျမ်းကြီးကို သဘောကျကြောင်း၊ အခုလို ပြည့်ပြည့်စုံစုံပြုစုထားတဲ့ ကျမ်းကြီးတစ်စောင် မဖတ်ခဲ့ရဖူးဘူးလို့ ပြောတာမို့ ပထမ ငါးမိနစ်လောက်မှာပဲ ကိစ္စပြီးသွားခဲ့ ပါတယ်။ ပါမောက္ခဆရာက အားနာလို့ထင်ပါရဲ့။ ငါးမိနစ်နဲ့ နှုတ်ဖြေစာမေးပွဲပြီး ရင် ကြည့်မကောင်းမှာ စိုးလို့ထင်ပါရဲ့။ ကျွန်တော့်ကို ဟိုမေးဒီမေး လုပ်ပြီးနောက် မိနစ် ၂ဝ လောက် ကုန်ဆုံးခဲ့တယ်။ နှုတ်ဖြေ စာမေးပွဲတစ်ခုကို အချိန်တိုအတွင်း ပြီးခဲ့တာကို အားလုံးက အံ့သြနေကြတယ်။
ကျွန်တော် အခန်းအပြင်ထွက်ပြီး စာစစ်သူနှစ်ဦးရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်း ခဲ့ပါတယ်။ စောင့်နေရင်း သူငယ်ချင်းတွေက ဝိုင်းအားပေးကြ ပါတယ်။ ငါးမိနစ်အကြာမှာ ပါမောက္ခက အခန်းအပြင်ထွက် ကျွန်တော့်ကို အခန်းထဲကို ခေါ်ပါတယ်။ အခန်းထဲ ရောက်တော့ ဆရာနှစ်ဦးစလုံးက မတ်တတ်ရပ်ပြီး Congratulations Doctor  လို့ နှုတ်ဆက် ပါတယ်။
အဓိပ္ပာယ်က အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ဖြစ်ချင်လှတဲ့ ဒေါက်တာ တစ်ဦး ဖြစ်ခဲ့ပါတယ်။ အချိန်ကာလက ၁၉၇၇ ခုနှစ်မို့ နှစ်ပေါင်း ၃၆ နှစ် ရှိခဲ့ပါပြီ။ ပါရဂူဘွဲ့ရပြီးချိန်မှာ ဘွဲ့နှင်း သဘင်အခမ်းအနားကို ကျွန်တော် မတက်နိုင်ဘဲ မြန်မာပြည်ပြန်ခဲ့ရပါတယ်။ ဒီတုန်းက ဖခင်ဖြစ်သူက အသည်းအသန် နေမကောင်းဖြစ်နေတာကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော့်ကို မပြောဘဲထားခဲ့တာ။ ဒါကြောင့်လည်း ပြီးပြီးချင်း မြန်မာပြည်ကို ပြန်ခဲ့တာပါ။
ကျွန်တော်ဟာ ကိုယ်မြတ်နိုးလှတဲ့၊ တန်ဖိုးထားလှတဲ့ ပါရဂူဘွဲ့ကို ချွေးနဲ့ မျက်ရည်တွေကျပြီး ရယူခဲ့ပါတယ်။ စုစုပေါင်း လေးနှစ်တိတိ နေ့မနား၊ ညမနား အင်အား ထုတ်ပြီး ရယူခဲ့တာ ဖြစ်ပါတယ်၊ အခုလိုတန်ဖိုးထားတဲ့ အရာကို အလွဲသုံးစားလုပ်နေတာ တွေ့ရလို့ ရင်ထဲမှာ နင့်ရပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံမှာ ပါရဂူဒေါက်တာဘွဲ့ ရထားသူတွေက ရေတွက် လို့တောင် မကုန်နိုင်တော့ဘူး။

တစ်ခါတလေ သတင်းစာထဲမှာ Ph.D(USA)  တို့ Ph.D(UK) ဆိုတဲ့ အသုံးအနှုန်းတွေ သုံးစွဲနေတာ တွေ့ရပါတယ်။ ရုတ်တရက်ကြည့်ရင်  USA ဟာ အမေရိကန်ပြည်ထောင်စုက ရထားသလိုလို UK  ဆိုပြန်တော့ အင်္ဂလန်နိုင်ငံက ရထားတဲ့သဘော၊ အမှန်တော့ ကျွန်တော် မကြာခဏပြောသလို  USA ဆိုတာက U Sa (ဦးစ) ဆိုတဲ့သူက ပေးတာဖြစ်တယ်။ ဘာ့ကြောင့် ဒီလို ပြောရသလဲဆိုရင် ပါရဂူဘွဲ့ကို နိုင်ငံတစ်နိုင်ငံက ပေးနိုင်တဲ့အခွင့် မရှိပါဘူး။ ဘွဲ့ကို တက္ကသိုလ်ကသာ ပေးနိုင်စွမ်းရှိပါတယ်။
ကျွန်တော်က အတုနဲ့အစစ် ခွဲစေချင်တယ်။ ပါရဂူဘွဲ့ကို မိမိရဲ့အလုပ် အတွေ့ အကြုံနဲ့ ယူလို့ ရတယ်လို့ ပြောကြတဲ့သူတွေရှိကြတယ်။ အမှန်တော့ ပါရဂူဘွဲ့ ကို ရယူနိုင်ဖို့ နည်းလမ်းတစ်ခု ပဲရှိတယ်။ ဒါက သုတေသနလုပ်ရ မယ်။ ဒီသုတေသနကို ကျမ်းကြီးအဖြစ် စာတမ်းပြုစုရမယ်။ ဒီစာတမ်းကို ပညာရှင် အချင်းချင်း စိစစ်ပြီးမှ အရည်အချင်းပြည့်မပြည့် ဆုံးဖြတ်နိုင်တယ်။ တစ်ခုတော့ရှိတယ်။

 ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကတော့ တစ်မျိုးဖြစ်တယ်။ ဒါကတော့ ပုဂ္ဂိုလ် တစ်ဦးရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုပြီးပေး တာ။ ဒါကိုလည်း တက္ကသိုလ်ကသာ ပေးခွင့်ရှိတာ။ တစ်ချိန်က ကျွန်တော်တို့ နိုင်ငံမှာ ထူးဆန်းစွာ ပါရဂူဘွဲ့ပေးခဲ့တာရှိပါတယ်။ ဒါကတော့ ပါရဂူဘွဲ့စာ ကျမ်းကြီးသုံးစောင် စိစစ်တဲ့သူတွေကို ပါရဂူဘွဲ့အပ်နှင်းခြင်းဖြစ်တယ်။ ဝေဖန်စရာမရှိပါဘူး။ ထူးဆန်းတယ်လို့ပဲ ကောက်ချက်ချလို ပါတယ်။
ကျွန်တော်ကတော့ ဒီဆောင်းပါးကို လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးသားနေ တာ ဖြစ်တယ်။ လူငယ်တွေကို ကြိုးစားစေချင်တယ်။ အမှန်တရား ကို မြတ်နိုးစေချင်တယ်။ ဖြတ်လမ်းနည်းနဲ့ယူတာကို အားမပေးချင်ဘူး။ ဘွဲ့တစ်ခုရဲ့တန်ဖိုးဟာ ဘွဲ့ယူခဲ့တဲ့တက္ကသိုလ်နဲ့ ဆိုင်ပါတယ်။ ဒါ့ကြောင့်လည်း နာမည်ရ၊ နာမည်ကြီးတဲ့ တက္ကသိုလ်တွေတက်ပြီး ခက်ခက်ခဲခဲနဲ့ပါရဂူဘွဲ့တွေရယူစေလိုပါတယ်။ လူငယ်တွေပညာရေးကို အလေးထား တန်ဖိုးထားနိုင် ကြပါစေလို့ ဆုတောင်းမိပါတယ်...။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်
Credit to : မြန်မာ့နိုင်ငံရေးဆောင်းပါးများ

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...