Wednesday, August 7, 2013

ဒလဂန်းနမ်းစတိုင်ကိုမြင်တွေ့ရတော့မလား

ဇွန် ၂၄ ၊ ရန်ကုန်တိုင်းမ်သတင်းစာ

သာယာအေးမြသောလေညှင်းကလေးများက တနေကုန် ပင်ပန်းနွမ်းလျနေသော စိတ်အစုံကို လန်းဆန်းတက်ကြွလာအောင် အားအင်သစ်များပေးနေသလိုပင်။တစ်ချက်တစ်ချက် ကမ်းစပ်ကိုလာရောက် ရိုက်ခတ်သော လှိုင်းဂယက်လေးများကလည်း ငယ်စဉ်တောင်ကျေးကလေးဘ၀က မြူးတူးပျော်ပါး ပြေးလွှားဆော့ကစားခဲ့ရသော ငယ်ဘ၀ကို ပြန်ပြောင်းအောက်မေ့စေပါတယ်။မြစ်ကမ်းပါး မြက်ခင်းပြင်ပေါ်မှာ၊ မြစ်ကမ်းစပ်မှာ စုဖွဲ့သိုင်းဝိုင်းကာ စကားပြောဆိုပျော်မြူးနေကြသော ဆယ်ကျော်သက်ကလေးများ၊ သက်တူရွယ်တူများစုဝေးကာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေကြသောသက်ကြီးရွယ်အိုများ၊ မြစ်ကမ်းတစ်လျှောက်တွင် စက်ဘီးလှည့်လည် စီးနင်းနေကြသော လူလတ်ပိုင်းအရွယ်များစသဖြင့်အရွယ်စုံအလွှာစုံမှ တောင်ကိုရီးယားလူမျိုးတို့ဟာ ဒီမြစ်ကမ်းနံဘေးမှာ လာရောက်၍ အပန်းဖြေကာအသက်ရှည်အောင်ကြံဆောင်ကြပါတယ်။

ဒီနေရာလေးကတော့တခြားမဟုတ်ပါဘူး တလောက တစ်ကမ္ဘာလုံးမှာ ၀က်ဝက်ကွဲအောင်မြင်စေခဲ့တဲ့ အိုပါးဂန်းနမ်းစတိုင်သီချင်းစာသားထဲမှာပါဝင်တဲ့ တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မြို့တစ်ဘက်ကမ်းကဂန်းနမ်းဆိုတဲ့နေရာပါပဲ။ ဂန်းနမ်းဆိုတာကတော့ မြစ်တောင်ဘက်ပိုင်းလို့ အဓိပ္ပာယ်ရပါတယ်။သူဟာလည်း ဆိုးလ်မြို့ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
တောင်ကိုရီးယားနိုင်ငံတလျှောက်တသွင်သွင်စီးဆင်းလျက်ရှိတဲ့မြစ်ပြင်ကျယ်ကြီးကို ဟန်မြစ်လို့ခေါ်ပါတယ်။ ဟန်မြစ်ဆိုတာတကယ်တမ်းတော့ ကိုရီးယားမြစ်လို့ မြန်မာလိုခေါ်လို့ရပါတယ်။  ကိုရီးယားတွင်ဟန်ဂူလ်း၊ ဟန်ဂျာ၊ ဟန်ဂုဂ်..စသဖြင့် ဟန်ဟာကိုရီးယားကို ကိုယ်စားပြုတဲ့စာလုံးတစ်လုံးအဖြစ် ကိုရီးယားစာတွေထဲမှာ အလွယ်တကူတွေ့နိုင်ပါတယ်။ တကယ်တော့ဟန်မြစ်ဟာ မြန်မာနိုင်ငံက ဧရာဝတီမြစ်နဲ့ တူတဲ့အချက်တွေ အများကြီးရှိပါတယ်။ဟန်မြစ်စတင်ဖြစ်ပေါ်လာတာကတော့ တောင်ကိုရီးယားဘက်မှာရှိတဲ့ တောင်ဟန်မြစ်နဲ့မြောက်ကိုရီးယား တောင်စောင်းတစ်ခုမှ မြစ်ဖျားခံစီးဆင်းလာတဲ့ မြောက်ဟန်မြစ်တဲ့ပေါင်းဆုံရာကနေစတင်ဖြစ်ပေါ်လာတာပါ။

တကယ်တော့၁၉၈၀ ခုနှစ်တွေတုန်းက ဂန်းနမ်းဆိုတဲ့နေရာဟာ ဘာမှဖွံ့ဖြိုးသေးတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။နောက်ပိုင်းမှ စီးပွားရေးတဟုန်ထိုး တိုးတက်လာမှုနဲ့အတူ လူဦးရေ တစ်နေ့တခြား ထူထပ်သိပ်သည်းလာတဲ့ဆိုးလ်မြို့တော်ကို မဟာဗျူဟာမြောက်တိုးချဲ့ရာမှာ ဂန်နမ်ဟာ အဓိကအခန်းကဏ္ဍကပါဝင်လာပြီးအရေးပါတဲ့နေရာဒေသတစ်ခုအဖြစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ကိုရီးယားစစ်ပွဲပြီးကာစ၁၉၆၀ အချိန်ကာလတုန်းက တောင်ကိုရီးယားဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲကနိုင်ငံတစ်ခုသာဖြစ်ပါတယ်။နောက်ပိုင်း စက်မှုကဏ္ဍကို တိုးမြှင့်လုပ်ကိုင်ဖို့ အသားပေးခဲ့တာဟာ တောင်ကိုရီးယားနိုင်ငံရဲ့အလှည့်အပြောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။ ဆိုးလ်မြို့တော်မှ စက်မှုလုပ်ငန်းရှင်တွေဟာ ၁၉၈၀ကာလတစ်ဝိုက်မှာ နိုင်ငံတော်အစိုးရရဲ့ အားပေးလှုံ့ဆော်မှုနဲ့အတူ ပြည်ပက၀င်ရောက်လာတဲ့အကူအညီတွေကိုထိထိရောက်ရောက် အသုံးချကာ ယခင်က ခေတ်မမီတော့တဲ့ လုပ်ငန်းတွေကို ခေတ်နဲ့လျော်ညီတဲ့ နည်းပညာအသုံးပြုထားတဲ့ စက်ရုံတွေအဖြစ် လျင်လျင်မြန်မြန် ပြောင်းလဲအကောင်အထည် ဖော်နိုင်ခဲ့ကြပါတယ်။အကျိုးရလဒ်အနေနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေဟာ တစ်ရှိန်ထိုး တိုးတက်လာပြီး နိုင်ငံ့စီးပွားရေးကိုတစ်မျိုးတစ်ဖုံပြောင်းလဲဖို့ဖြစ်လာပါတယ်။ စက်မှုကဏ္ဍကို တိုးချဲ့မြှင့်တင်ခဲ့တဲ့အတွက်အထူးသဖြင့် နိုင်ငံခြားပို့ကုန်တွေ တိုးတက်လာစေပြီး ထိုသို့တိုးတက်လာမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့စက်မှုလုပ်ငန်းတွေကို ဆက်လက်တိုးချဲ့ လုပ်ဆောင်ဖို့ လိုအပ်လာကြပါတော့တယ်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်ဖို့အတွက် အနယ်နယ်အရပ်ရပ်က ကိုရီးယား ပြည်သူတွေဟာလည်း ဆိုးလ်မြို့တော်ကိုစုပုံရောက်ရှိလာကြပါတယ်။ အဲ့ဒီလို ရောက်ရှိလာတဲ့ လုပ်သားတွေကြောင့်ပဲ ဆိုးလ်မြို့တော်ဟာပြည့်ကြပ်သပ်ကာ လူနေသိပ်သည်းလာပြီး ရေရှည်မှာ မြို့တော်အင်္ဂါရပ်နဲ့ မညီနိုင်တော့တဲ့အတွက်တာဝန်ရှိသူတွေဟာ မြို့ကိုချဲ့ထွင်ဖို့အတွက် အပြင်းအထန်စဉ်းစားကာ စနစ်တကျ အကောင်အထည်ဖော်ခဲ့ကြပါတယ်။အဲ့ဒီမှာပဲ ဆိုးလ်မြို့တစ်ဘက်ကမ်းမှာရှိတဲ့ ဂန်းနမ်ဘက်ကို မြစ်ကူးတံတားများထိုးပြီးဆိုးလ်မြို့ကို တိုးချဲ့တည်ဆောက်ခဲ့ကြပါတယ်။ ထို့နောက် ဂန်းနမ်ဟာ မဟာဗျူဟာမြောက်မြို့တစ်မြို့ဖြစ်လာခဲ့ပြီး အထူးစည်ကားတဲ့ မြို့တစ်မြို့ဖြစ်လာပါတော့တယ်။

ကိုရီးယားပြည်တွင်းကုမ္ပဏီကြီးများဖြစ်တဲ့ GS Group, Hankook Tire, Hyundai Department Store Group၊ ကိုရီးယား K-Pop ဂီတတွေ ထုတ်လုပ်တင်ဆက်နေကြတဲ့FNC Entertainment, JYP Entertainment, Cube Entertainment နှင့် မီဒီယာလုပ်ငန်းများဖြစ်ကြတဲ့NH media, Top media တို့ဟာ ဂန်းနမ်မှာ ရုံးစိုက်ကြပါတယ်။ ပြည်တွင်းလုပ်ငန်းများအပြင်Google, IBM, Toyota အစရှိတဲ့ ပြည်ပကုမ္ပဏီကြီးများဟာလည်း ဂန်းနမ်ဘက်အပိုင်းမှာ ရုံးစိုက်ကြပါတယ်။ထိုကဲ့သို့ ကုမ္ပဏီအများစု ရုံးစိုက်ကြတဲ့အပြင် ဂန်းနမ်ကို လူကြိုက်များစေတဲ့အချက်ကတော့ပညာရေးမြို့တော်တစ်ခုအနေနဲ့ တည်ဆောက်ထားတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့နံပါတ်တစ် တက္ကသိုလ်ဖြစ်သော ဆိုးလ်အမျိုးသား တက္ကသိုလ်(Seoul National University) ဆိုရင်လည်းဂန်းနမ်မှာရှိပါတယ်။

ကိုရီးယားလူမျိုးတို့ဟာ သူတို့ရဲ့ ကလေးငယ်များ ပညာရေးနဲ့အနာဂတ်အတွက် ဂန်းနမ်းကိုပဲ ရွေးချယ်ကြပါတယ်။ ၂၀၁၀ ခုနှစ် ကိန်းဂဏန်းများအရ နိုင်ငံလူဦးရေရဲ့၁ ရာခိုင်နှုန်းသာရှိတဲ့ ဂန်းနမ်နေထိုင်သူတွေထဲက ဆိုးလ်အမျိုးသားတက္ကသိုလ် ၀င်ခွင့်ရသူဦးရေရဲ့၆ ရာခိုင်နှုန်းအထိရှိပါတယ်။ ဂန်းနမ်းဟာ ဆိုးလ်ဧရိယာထဲမှာ စတုတ္ထလူနေ အသိပ်သည်းဆုံးဖြစ်ပြီးအရွယ်အစားအားဖြင့်တော့ တတိယအကြီးဆုံးဖြစ်ပါတယ်။ ကိုရီးယားလူမျိုးတွေအတွက်တော့ ဒီနေရာမှာတိုက်ခန်းတစ်ခန်းလောက် ပိုင်ဆိုင်ရဖို့ဆိုတဲ့ အိပ်မက်ဟာ ဘ၀ရဲ့အမြင့်မားဆုံး ရည်မှန်းချက်လို့ပြောရလောက်အောင်ကို လူချမ်းသာတွေ ပေါများပြီး အိမ်ခြံမြေဈေးတွေဟာလည်း ကယ်လီဖိုးနီးယားကBeverly Hills မှ တိုက်ခန်းတွေလောက်ကို ဈေးရှိနေတတ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုလောက်ကကိုရီးယားတို့ရဲ့ အမြင်ကျယ်မှု၊ စည်းစနစ်ကျမှု၊ မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်တတ်မှုတွေကြောင့်ယခင်က အာပလာဂန်းနမ်းဟာ ယခုတော့ စူပါဂန်းနမ်းဖြစ်လာခဲ့ပါပြီ။

ဒီလိုအမြော်အမြင်ရှိခဲ့တဲ့ တောင်ကိုရီးယားတွေဟာ ရန်ကုန်မြစ်တစ်ဘက်ကမ်းက ဒလကိုမျက်စိကျပြီးရန်ကုန်-ဒလမြစ်ကူးတံတားတစ်စင်းကို ဆောက်လုပ်ပေးပြီး ဒလဘက်မှာ ကိုရီးယားစက်မှုလုပ်ငန်းတွေလာရောက်တည်ထောင်ချင်ပါတယ်ဆိုပြီး တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်လာရောက်ခဲ့တဲ့ခရီးစဉ်မှာပြောသွားခဲ့ပါတယ်။ ယခု ခရီးစဉ်မတိုင်မီ တောင်ကိုရီးယား ဂျွန်းအန်းသတင်းစာကနေပြီးမြန်မာနိုင်ငံမှာ တရုတ်၊ ဂျပန်တို့ ခြေလှမ်းသွက်နေတာကို ထောက်ပြပြီး၊ ကိုရီးယားအစိုးရအနေနဲ့လက်မနှေးပဲ အစိုးရကိုယ်တိုင် ၀င်ရောက်ကြိုးစားလုပ်ကိုင်ဖို့ တိုက်တွန်းခဲ့တာတွေ့ရပါတယ်။ထိုဆောင်းပါးပါအပြီး တစ်လအတွင်းမှာပဲ တောင်ကိုရီးယားကနေ တံတားဆောက်ပြီး စက်မှုဇုန်တည်ဖို့ကတိက၀တ်ပြုသည်အထိ အခြေအနေဖြစ်လာခဲ့ပါတယ်။

ယခုအချိန်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ယပ်ခေါ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း လက်ရှိမြို့တော်ဖြစ်တဲ့ရန်ကုန်ကို အဆင့်မြှင့်တင်ဖို့၊ တိုးချဲ့တည်ဆောက်ဖို့ လိုအပ်နေတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။လက်ရှိယာဉ်ကြော ပိတ်ဆို့မှုတွေကို ကြည့်ရင်ကိုပဲ ရန်ကုန်မြို့ဟာ လက်ရှိအနေအထားနဲ့ နောင်ဆယ်နှစ်၊အနှစ်နှစ်ဆယ်ကို ဒီပုံစံအတိုင်း ဘယ်လိုမှ ဖြတ်သန်းလို့ မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ရန်ကုန်ဆိုတာက ၁၈၅၂ ဒုတိယကမ္ဘာစစ်အပြီးမှာ ယာယီတည်ခဲ့တဲ့မြို့ကနေ တဖြည်းဖြည်း အဆင့်မြှင့်တင်လာတဲ့မြို့ဖြစ်ပါတယ်။တကယ်တော့ လှည်းစီးတဲ့ခေတ်မှာ တည်ခဲ့တဲ့ ဒီမြို့ဟာ အခုလို မော်တော်ယာဉ်တွေ၊ လေယာဉ်တွေဥဒဟို ၀င်ထွက်သွားလာနေတဲ့ ခေတ်ကြီးနဲ့ လျော်ညီသင့်မြတ်မှုရှိရဲ့လားဆိုတာ ယာဉ်ကြောပိတ်ဆို့မှုတွေ၊လမ်းပေါ်ရေလျှံတာတွေကို ကြည့်ရင်သိနိုင်ပါတယ်။ တစ်ဖန် နိုင်ငံတကာနဲ့ ကူးလူးဆက်သွယ်တဲ့နေရာမှာအရေးအကြီးဆုံးဖြစ်တဲ့ လေကြောင်း၊ ရေကြောင်းဆက်သွယ်ရေး အပိုင်းကို ကြည့်ပြန်ရင်လည်းလိုအပ်ချက်တွေ များနေတာကို တွေ့ရမှာပါ။ ရန်ကုန်မှာရှိတဲ့ ဆိပ်ကမ်းတွေဟာ သင်္ဘောအနည်းငယ်သာဆိုက်ကပ်နိုင်တာဖြစ်ပြီး ထိုလုပ်ကွက်များဟာလည်း လူနည်းစုလက်ထဲတွင်သာ ရှိနေတာဖြစ်ပါတယ်။တစ်ချိန်က ရွှေထီးဆောင်းခဲ့တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာလည်း ၁၉၅၉ ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်က အရှေ့တောင်အာရှမှာ အကြီးဆုံးလေယာဉ်ကွင်းဖြစ်ခဲ့ပေမယ့် အခုဆိုရင် သူများနိုင်ငံကရထားဘူတာရုံလေးလောက်သာ အဆင့်ရှိပါတော့တယ်။

နောက်ဆုံးပေါ်လေယာဉ်ကြီးတွေဖြစ်တဲ့Airbus A 380 တွေ၊Boeing 787 တွေ ၀င်ထွက်သွားလာနိုင်ဖို့အတွက် ၊ လေကြောင်းလိုင်းများများ အထိုင်ချထားနိုင်ဖို့အတွက်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတစ်ခုဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ယခင်အကောင်အထည်ဖော်ခဲ့တဲ့ လေဆိပ်နေရာတွေ၊ အကောင်အထည် ဖော်နေဆဲနေရာတွေဟာ လက်ညှိုးညွှန်ရာ လိုက်လုပ်ရတဲ့ခေတ်ကအကောင်အထည် ဖော်ခဲ့ကြတာဖြစ်တဲ့အတွက် မဟာဗျူဟာကျကျ လေ့လာဆန်းစစ် အကောင်အထည် ဖော်ခဲ့တာမျိုးမဖြစ်နိုင်ပါဘူး။နိုင်ငံတကာ လေယာဉ်တွေ ဥဒဟိုဝင်ထွက်သွားလာပြီဆိုပါက လေယာဉ်တွေဟာ ၂၄ နာရီနေ့ညမရွေး ၀င်ထွက်သွားလာကြမှာဖြစ်ပါတယ်။ဒါ့ကြောင့် ဆူညံမှုသက်သာဖို့အတွက် လူနေတိုက်တာတွေနဲ့ ခပ်ဝေးဝေးမှာ လေဆိပ်ကို တည်ဆောက်ရမှာဖြစ်ပါတယ်။တောင်ကိုရီးယားရဲ့ အင်ချွန်းနိုင်ငံတကာ လေဆိပ်ကိုကြည့်မယ်ဆိုရင်လည်း လေယာဉ်တွေဟာ ပင်လယ်ဘက်ခြမ်းကနေချဉ်းကပ်ဆင်းသက်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး လူသူနဲ့ဝေးပြီး မြစ်ပြင်ဘက်ကနေလေယာဉ်တွေ ချဉ်းကပ်ဆင်းသက်နိုင်ဖို့ လေယာဉ်ကွင်းတစ်ခု ဆောက်မယ်ဆိုရင် ဒလဘက်ဟာ အသင့်တော်ဆုံးနေရာဖြစ်လိမ့်မယ်ထင်ပါတယ်။နောက်ပြီး ဒလဟာ သံလျင်နဲ့နီးသလို ရန်ကုန်နဲ့လည်း အလှမ်းမဝေးပါဘူး။ နေရာအခက်အခဲဖြစ်နေတဲ့ရန်ကုန်ဆိပ်ကမ်းတွေထက် ပိုမိုကောင်းမွန်တဲ့ ဆိပ်ကမ်းတွေကို အကောင်အထည်ဖော်ချင်တယ်ဆိုရင်လည်းဒလဘက်မှာ ဖြစ်နိုင်ခြေတွေအများကြီးရှိပါတယ်။

ဒီလိုအကွက်အကွင်းတွေကပဲ တောင်ကိုရီးယားအစိုးရကို မျက်စိကျစေခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားဟာ ၁၉၈၀ တစ်ဝိုက်တုန်းက ဆိုးလ်မြို့ကိုချဲ့ထွင်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ရန်ကုန်မြို့ကြီးကို တိုးချဲ့လုပ်ကိုင်ရာမှာ ၀င်ရောက်လုပ်ကိုင်ဖို့ စတင်ချဉ်းကပ်လာပါတယ်။ရန်ကုန်-ဒလ တံတားဆောက်ပြီး စက်မှုဇုန်တည်ဆောက်၊ အိမ်ယာစီမံကိန်းတွေကို စနစ်တကျ စဉ်းစားအကွက်ချ၊နိုင်ငံတကာ ကုမ္ပဏီကြီးတွေ လာရောက်ရုံးဆိုက်ဖို့ ဆွဲဆောင်နိုင်မယ်ဆိုရင် အချိန်တိုအတွင်းမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တ၀ကြီး လှိမ့်ဝင်လာမှာ အသေအချာပါပဲ။ ဒါ့အပြင် နိုင်ငံတကာလေဆိပ်နဲ့သင်္ဘောများ ဆိုက်ကပ်နိုင်ဖို့ ဆိပ်ကမ်းတွေကိုပါ အကောင်အထည် ဖော်နိုင်မယ်ဆိုရင် ဒလဟာပတ်ဝန်းကျင်နိုင်ငံတွေက နာမည်ကြီးမြို့တော်တွေကို ယှဉ်နိုင်တဲ့ မက်ဂါစီးတီးကြီးအဖြစ်ရောက်ရှိသွားမှာကြိမ်းသေပါပဲ။ မဆလခေတ်ကတည်းက အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တဲ့ ဒလမြို့ပြစီမံကိန်းဟာယခု တောင်ကိုရီးယားတို့ရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ အကောင်အထည်ပေါ်လာတော့မယ့် အခြေအနေပါပဲ။ယခုစီမံကိန်းကြီး တကယ်တမ်းစတင်ဖြစ်ခဲ့တယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ ဒလဟာ မြန်မာနိုင်ငံရဲ့ဂန်းနမ်းများ ဖြစ်လာလေမလားဆိုတာ…..။

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...