Wednesday, August 7, 2013

ကိုရီးယားရောက် မြန်မာ ကျား ၅ ကောင်


သြဂုတ် ၇၊ ရန်ကုန်တိုင်း နေ့စဉ်



ည ၁၁ နာရီခန့်မှာ ရုတ်တရက်ဖုန်းဝင်လာသည်။
“ဟယ်လို ဘယ်သူလဲမသိဘူး”
“ဟုတ်ကဲ့ကျွန်တော် မောင်မောင်ပါ။”
“ အော် အေး ငါ့ညီ ကိုရီးယားရောက်နေပြီလား အခု ဘယ်မှာလဲ?”
“ဟုတ်ကဲ့အစ်ကို ကျွန်တော် မြောက်ကိုရီးယားနယ်စပ်က စက်ရုံတစ်ရုံမှာ ရောက်နေတယ်အစ်ကို။”
“ဟုတ်လား ဟာ ဒါဆိုရင်တော့ မလွယ်လောက်ဘူးကွ၊ အလုပ်ကအဆင်ပြေရဲ့လား၊ ဘာကူညီပေးရမလဲ”
“ဟုတ်အစ်ကို ကျွန်တော်ခါးတော့နဲနဲနာနေတယ်၊ အလုပ်ပြောင်းလို့ရရင်တော့ ပြောင်းချင်တယ်အစ်ကို။ အခုလောလောဆယ်တော့ အလုပ်လေးရက်ပိတ်တယ်။ ကျွန်တော်တို့ ဘယ်မှသွားစရာလည်းမရှိဘူး၊ အသိလည်းမရှိဘူး။ ဒီမှာ ကျွန်တော်နဲ့ တခြားမြန်မာတစ်ယောက်လည်းရှိတယ်။ အခု အစ်ကိုဖုန်းနံပါတ်ပေးထားတာကို သတိရလို့ ခေါ်လိုက်တာ။”
“အော်.. အေးအေး ကောင်းသားပဲ ဒါဆို ဒီလိုလုပ်ပါလား.. ပိတ်ရက်ကို မြန်မာတွေဆုံလေ့ရှိတဲ့ ဘူဖျောင်းမှာနေလေ။ ဘုန်းကြီးကျောင်းမှာတည်းဖို့ ဆရာတော့်ဆီမှာ  အစ်ကိုလျှောက်ပေးမယ်။ ဘယ်ကိုလာတတ်လဲ ရထားစီးတတ်လား”
“အစ်ကို ကျွန်တော်ဆိုးလ်ဘူတာတော့ လာတတ်တယ်။ “
“အေး ဒါဆိုလည်း ဆိုးလ်ဘူတာကို အစ်ကိုလာကြိုပေးမယ်။ ဆိုးလ်ကိုရောက်ဖို့ ဘယ်နှနာရီလောက်လာရလဲ။”
“နှစ်နာရီလောက်ကြာမယ်အစ်ကို”
“အော်.. ဒါဆို မနက် ၁၀ နာရီလောက်ကို ဆိုးလ်ဘူတာရောက်အောင်လာခဲ့ ဖြစ်လား?”
“ဟုတ်ကဲ့အစ်ကို ကျွန်တော်တို့လာခဲ့မယ်…။”

သူနဲ့ဖုန်းပြောပြီးတဲ့ အခါမှာတော့ ကျွန်တော်လေပြေတစ်ချက် မှုတ်ထုတ်လိုက်သည်။ နောက်တစ်သုတ်ရောက်လာပြန်ပြီ။ ကိုယ့်နိုင်ငံမှာက ငွေဆိုတာ တကယ့်ဘွဲ့တွေတစ်သီကြီး ရယူထားတဲ့သူတွေတောင် နောက်ခံဘက်ဂရောင်းမရှိက မြောင်းထဲရောက်နေကြရသည့်အခြေအနေမဟုတ်ပါလား။ သာမာန်လူတွေအတွက်တော့ ပြည်တွင်းမှာကြိုက်သလောက်ကြိုးစား ထမင်းနပ်မှန်ရုံသာရှိမည်။ ထို့ထက်မပိုနိုင်ပေ။ ဒါ့ကြောင့်လည်း ရရာအလုပ် လုပ်ကိုင်ဖို့အတွက် ထိုင်း၊မလေးရှား၊ ယခုနောက်ပိုင်း ကိုရီးယားသို့ လာရောက်ကြလေသည်။ ကိုရီးယားသို့ လာရောက်ဖို့အတွက် ကိုရီးယား အရည်အချင်းစစ်စာမေးပွဲဖြေကာ၊ ဒီဘက်ကခေါ်တာကို တန်းစီစောင့်ရုံပင်။ ယခင်လို ငွေကြေးအမြောက်အမြားမကုန်ဘဲ အလွယ်တကူလာရောက်နိုင်လာသည်။ ကောင်းသည့်အချက်ကတော့ ဒီနိုင်ငံမှာ လုပ်ကိုင်ပါက အလုပ်ကောင်းလျှင်ကောင်းသလို တစ်လလျှင် ခြောက်သိန်းခန့်မှ ဆယ်သိန်းကျော်ကျော်အထိ မိသားစုထံပြန်လည်ပို့နိုင်ခြင်းပင်။ တချို့သော မြန်မာလူငယ်များက ကိုယ့်ဘွဲ့နှင့်တန်မည့်အလုပ်ကို လုပ်ကိုင်ရမည်ဟူသည့် အိပ်မက်မျိုးဖြင့် ရောက်လာကြသည်များလည်းရှိသည်။ ယခု ကိုရီးယားကခေါ်နေသော E-9 ဗီဇာအလုပ်သမားဆိုသည်မှာ စက်ရုံအလုပ်ရုံ၊ စိုက်ပျိုးရေးစတဲ့ လုပ်ငန်းခွင်တွေမှာ ခိုင်းဖို့အတွက် ကာယလုပ်သားများခေါ်တာဆိုတာကို သေချာနားလည်ထားသင့်ပါသည်။ ကိုရီးယားနိုင်ငံမှ ပညာမတတ်သော ကြမ်းတမ်းသည့်ကာယလုပ်သားများနှင့် တွဲဖက်ကာ တန်းတူအလုပ်လုပ်ရပါသည်။ မြန်မာနိုင်ငံမှ လာရောက်သူများကတော့ ဘွဲ့ရပညာတတ်များသာ အများဆုံးဖြစ်သည်။ ကိုယ့်နိုင်ငံက ပညာတတ်များနှင့် သူများနိုင်ငံက အလုပ်ကြမ်းသမားများကို တန်းတူဆက်ဆံ ခံရတာကိုတော့ စိတ်မကောင်းဖြစ်မိပါသည်။ ပြည်ပရောက်မြန်မာတို့ကတော့ မိမိကိုယ်ကို ရွှေဟုခေါ်ကြပါသည်။ ကိုယ့်နိုင်ငံကိုချစ်စိတ်ဖြင့် ရွှေနိုင်ငံမှလာသူများဟု တင်စားခေါ်ကြခြင်းဖြစ်သည်။ အများစု၏ သွေးချွေးဖြင့် လူတစ်စုအတွက်တော့ အမှန်တကယ် ရွှေဖြစ်စေခဲ့တဲ့နိုင်ငံလို့ပြောလို့ရပေမည်။

ယခုနောက်ပိုင်းလာတဲ့သူတွေ အဓိက ဒုက္ခရောက်ရတာကတော့ ကိုရီးယားဘက်က ခေါ်ဆိုသော အလုပ်ပိုင်ရှင်နှင့် ဘာမှန်းမသိခင်ကတည်းက သုံးနှစ်စာချုပ်ချုပ်ကြခြင်းပင်ဖြစ်သည်။ ထို့နောက် စက်ရုံတွင် အလုပ်ဝင်သည့်အခါ အသက်အန္တာရာယ်နဲ့နီးတဲ့အလုပ်မျိုး၊ ဓါတုဗေဒပစ္စည်းများနဲ့ အမြဲထိတွေ့ရတဲ့အလုပ်မျိုး၊ မနိုင်ဝန်ထမ်းရတဲ့အလုပ်မျိုးစသဖြင့် ကြုံတွေ့ရတတ်ပါသည်။ အလုပ်ပြောင်းချင်ရွှေ့ချင်သည့်အခါမှာတော့ သုံးနှစ်စာချုပ်ချုပ်ထားပြီးဖြစ်သည့်အတွက် ဒုက္ခရောက်ကြတော့သည်။ ထိုကိစ္စမျိုးတွေမဖြစ်အောင် မြန်မာဘက်က တာဝန်ရှိသူတွေက စာချုပ်သက်တမ်းသုံးနှစ်မလုပ်ဘဲ လျှော့ပြီးချုပ်နိုင်အောင်၊ အလွယ်တကူ စက်ရုံပြောင်းရွှေ့နိုင်အောင် ညှိုနိုင်းဆောင်ရွက်ပေးတာမျိုး၊ အလုပ်လုပ်ကိုင်မည့်သူကလည်း စာချုပ်ချုပ်သည့်အခါ စာချုပ်ပါအချက်များကို သေချာဖတ်ပြီးမှစာချုပ် လက်မှတ်ထိုးတာမျိုးကို ပြုလုပ်သင့်ပါသည်။
နောက်တစ်နေ့မနက်တွင်တော့ မနေ့ညက ချိန်းဆိုထားသော မြန်မာအလုပ်သမားအသစ်ကလေးတွေဆီ ဖုန်းဆက်ပြီး ထွက်လာပြီလားဆိုတာမေးလိုက်သည်။ 

ထိုအခါ“အစ်ကို ကျွန်တော်တို့ ထွက်လို့မရဘူးဖြစ်နေတယ်။ ကျွန်တော်အရင်ရက်က ခါးတွေနာနေတယ်လို့ ပြောထားတာရှိတယ်။ အဲ့ဒါဒီမနက်အလုပ်ပိုင်ရှင်ရောက်လာပြီး မင်းခါးနာရင်မြန်မာပြန်ပြီး ဆေးကု၊ ပျောက်ရင်ငါ့ဆီပြန်လာခဲ့ အလုပ်ပြောင်းဖို့တော့ စိတ်မကူးနဲ့။ ငါ့အလုပ်ကနေ ဘယ်သူမှပြောင်းလို့မရဘူးပြောတယ်၊ ပြီးတော့ မင်းတို့ဘယ်မှမသွားနဲ့တဲ့၊ မြန်မာတော့ ကျွန်တော်ပြန်လို့မဖြစ်ဘူးအစ်ကို”

သူ့အသံအားငယ်နေသည်။ တစ်နယ်တစ်ကျေးမှာ ရောက်ကာစ၊ စကားလည်း လည်လည်ဝယ်ဝယ်မတတ်၊ ကိုရီးယားနိုင်ငံသားတို့ကလည်း စကားပြောလျှင် အော်ကြီးဟစ်ကျယ် ရိုင်းရိုင်းစိုင်းစိုင်း ပြောတတ်သဖြင့် သူတို့အတွက် တမင်ခြောက်လှန့်နေသလိုဖြစ်နေပေမည်။ ကျွန်တော့်အတွက်တော့ ဒီလိုဇာတ်လမ်းတွေက ကြားရဖန်များလို့ ရိုးနေပြီဖြစ်သည်။ သို့နှင့် ကျွန်တော်လည်း ဒါတရားဝင်ပိတ်ရက်ဖြစ်တယ်၊ ဘာမှမကြောက်နဲ့ ဆိုးလ်မှာသူငယ်ချင်းနဲ့ ချိန်းထားလို့ သွားမှဖြစ်မယ်လို့ပြောပြီးထွက်ခဲ့ဖို့ အကြံပေးလိုက်သည်။ အဆင်ပြေသွားသဖြင့် သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူတို့နှစ်ယောက်ကို ဆိုးလ်ဘူတာမှာ သွားရောက်ကြိုပြီး မြန်မာအများဆုံဆည်းရာ ဘူဖျောင်းသို့ထွက်ခဲ့လေသည်။ ထို့နောက် ဘုန်းကြီးကျောင်းမှ ဆရာတော်ထံသို့ ၀င်ရောက်ဖူးမြော်လိုက်ကြသည်။ ဘုန်းကြီးကျောင်းတွင် ရှိနေသော တခြားလုပ်သားများနှင့်လည်း သူတို့ကို မိတ်ဆက်ပေးလိုက်ပါသည်။

ထို့နောက် ကိုရီးယားရောက် နှစ်ရှည်လုပ်သားများ၏ ပြောနေကျ ကျားငါးကောင် အကြောင်းကိုလည်း သူတို့ကိုပြောပြလိုက်ပါသည်။ ကျားငါးကောင်ဆိုသည်မှာ  ဘာမှန်းမသိ၊ ညာမှန်းမသိ ဟိုလူပြောလည်း အဟုတ်ထင်၊ ဒီလိုပြောလည်းအဟုတ်ထင်ကာ နဝေတိမ်တောင် နားထောင်နေရသော ကိုရီးယားရောက်ကာစလေးတွေကို အူကြောင်ကျား(ကြား) ဟုခေါ်ပါသည်။ ထို့နောက် လုပ်သက်လေးရလာပြီး၊ စကားလေးလည်း ပြောတတ်ဆိုတတ်ရှိလာတဲ့အခါ၊ ငွေစကြေးစလေးလည်း အနည်းငယ်ကပ်လာတဲ့အခါ ကိုယ့်ဟာကို ဟုတ်လှပြီထင်လာသောသူကို ကိုးတောင်ကျားဟုခေါ်ပါသည်။ အဲ့ဒီနောက် လုပ်သက်ငါးနှစ်ကျော်ခြောက်နှစ်ခန့်ရောက်လာပြီး ဗီဇာသက်တမ်းကုန်ကာ Overstay အခြေအနေဖြစ်လာတဲ့အခါ စစ်ဆေးရေးနဲ့တိုးမှာကြောက်ရ၊ ဟိုလူ့မြင်ကြောက်ရ၊ ဒီလူ့မြင်ကြောက်ရတဲ့သူကို ကြောင်ကြိုကြောင်ကျား(ကြား) ဟုခေါ်ပါသည်။ အဲ့ဒီနောက်တော့ ကိုရီးယားများလို သုံးတတ်ဖြုန်းတတ်လာသလို အလုပ်ကလည်း လက်ကြောမတင်းချင်တော့သောသူကို ဖွတ်ကျားဟု ခေါ်ပါသည်။ ထို့နောက် အဖမ်းခံရကာ၊ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်းခံရပြီး၊ မှတ်ပုံတင်အသစ်၊ ပတ်စ်ပို့စ်အသစ်ဖြင့် ကိုရီးယားသို့ ပြန်လည်ရောက်ရှိလာသောသူကိုတော့ ကျားသစ်ဟုခေါ်ပါသည်။

ထိုသို့ရယ်စရာမောစရာများပြောပြီး သူတို့နှစ်ဦးကို အလုပ်သမားအရေးများ ဆောင်ရွက်ပေးနေသူထံ လိုက်လံမိတ်ဆက်ပေးလိုက်ပါသည်။ ထိုသူနှင့် သူတို့အခြေအနေ၊ စာချုပ်အနေအထား အလုပ်ရှင်အနေအထား၊ အလုပ်ပြောင်းဖို့ ဘယ်လိုလုပ်လို့ရနိုင်မလဲဆိုတာတွေ အကြံဥာဏ်ရယူခဲ့ကြလေသည်။ သူငယ်ချင်းတစ်ယောက်လည်း ရောက်လာပြီး သူတို့နှစ်ယောက်ကို သူ့ဆီခေါ်သွားမယ်ဆိုတာနဲ့ ပိုပြီးအဆင်ပြေသွားလေသည်။ ထို့နောက် ညနေစာကျွေးပြီး သူငယ်ချင်းလက်ထဲ သူတို့ကို အပ်ခဲ့ကာ ဆိုးလ်သို့ပြန်ခဲ့ပါသည်။ ရထားပေါ်တွင်တော့ အတွေးတွေမျိုးစုံဝင်လာသည်။ အပေါင်းအသင်းများရသွားသလို၊ အကူအညီပေးမယ့်သူများနှင့်လည်း သိရှိသွားပြီဖြစ်သဖြင့် အားတက်လာပြီး မိမိကိုယ်ကို ယုံကြည်မှုပြန်လည်ရရှိလာသော သူတို့မျက်နှာကို ပြန်လည်မြင်ယောင်ကာ ပီတိဖြစ်မိပါသည်။ ကျွန်တော်တို့အချင်းချင်း ရင်းနှီးသောသူများ မဟုတ်ပါ။ သူတို့ ဘယ်ဇာတိမှန်းပင် ကျွန်တော်မသိပါ။ ဆိုရှယ်မီဒီယာများ၏ အကျိုးကျေးဇူးကြောင့် ကျွန်တော်တို့ သိကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဆိုရှယ်မီဒီယာများကို လူငယ်များ ကောင်းစွာအသုံးချကြစေချင်ပါသည်။ 

ကိုရီးယားတွင် အလုပ်သမားများအရေး လိုက်လံဆောင်ရွက်ပေးသော မြန်မာအဖွဲ့အစည်းများရှိသလို၊ တစ်ဦးချင်း နီးစပ်ရာလူများကို အကူအညီပေးတတ်သော သူများလည်း ရှိပါသည်။ ကိုယ်ရောက်ရှိရာ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး မြန်မာလူမျိုးတို့ဟာ ကူညီတတ်တယ်၊ မြန်မာအချင်းချင်းကတော့ ဝေးဝေးရှောင်တာကောင်းတယ်၊ မြန်မာဆိုတာ နှစ်ယောက်ရှိ သုံးဖွဲ့ကွဲတတ်တယ် စသဖြင့် အသံမျိုးစုံ ကြားရတတ်ပါသည်။ မိမိဒီနိုင်ငံ လာရောက်ရခြင်းရည်ရွယ်ချက်ပြည့်ဝဖို့၊ မိမိအတွက်နဲ့ သူတစ်ပါး မထိခိုက်ဖို့သာအဓိကထားပြီး မည်သူတွေနှင့် ရေရှည်ပေါင်းသင့်သည်ကို ကိုယ်ပိုင်ဥာဏ်ဖြင့်ဆုံးဖြတ်ကာသာ ရရှိလာသော အချိန်လေးအတွင်း တန်ဖိုးရှိအောင် နေထိုင်ရေးသည်သာ ပဓာနကျပေမည်။


မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...