Wednesday, September 11, 2013

ဖြစ်နိုင်မယ်ဆိုရင် ချက်ကြီးရွာကို သယ်သွားချင်တဲ့အရာ



ဖြစ်နိုင်မယ်ဆိုရင် ချက်ကြီးရွာကို သယ်သွားချင်တဲ့အရာ
---------------------------------------------------
ဟိုရင်အချိန်တွေကို လွမ်းမိတယ်။ လွမ်းမိတာကလည်း အထွေအထူးတော့ မဟုတ်ဘူး။ အဲ့ဒီအချိန်တွေတုန်းက ဒို့တွေ ရင်ခုန်သံတွေ လတ်ဆတ်လန်းဆန်းခဲ့ကြလို့ပဲ။ အကြောင်းအရာမယ်မယ်ရရ မရှိဘဲ ဟားတိုက်ရယ်လိုက် သစ်ရွက်တွေကြွေတာကို စာဖွဲ့လို့ တစ်ခန်းတစ်နား ရွတ်ဆိုလို့ဆိုခဲ့ကြတယ်။ ပြောရရင်တော့ လွမ်းမောစရာတွေပေါ့.. ဂျပ်ဆင်အောက်က လရိပ်ပြာဆိုလည်းဟုတ်၊ တခြားဘာမဆို ခေါင်းစဉ်တပ်လိုက် အားလုံးကို ဟုတ်နေခဲ့ကြတာပဲ။ ဒီဇာတ်လမ်းမှာ မင်းရယ်၊ ငါရယ်၊ ပေါက်ကြီးရယ်၊ ဂေါက်ကြီးရယ်၊ မှတ်ကြီးရယ်၊ ဆင်ကြီးရယ် အားလုံးပါတယ်လေ။ ဘာမှမကြီးကျယ်တဲ့ဘ၀မှာ ဒို့တွေကြီးကျယ်ခဲ့တာကတော့ နာမည်နောက်က "ကြီး" ဆိုတဲ့အရာပဲ။ မင်းတို့ငါတို့ဘ၀မှာ ပိုင်ဆိုင်မှုက ဒါဘဲရှိတာလေ။ မသေချာတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကြီးကျယ်ခမ်းနားနေတာထက် လတ်တလော ပိုင်ပိုင်နိုင်နိုင်ရှိတာလေးကိုပဲ ဒို့တွေဖက်တွယ်လို့ မင်းဟာအောင်ကြီး၊ ဟိုကောင်က ဂေါက်ကြီး...စသဖြင့် အားလုံးဟာ ကြီးကျယ်လှပခဲ့ကြတယ်။ ဒီလို စိတ်ရူးပေါက်ရာ နာမည်တွေပေးရင်း ဟား တိုက် ရယ်လိုက်ကြပြန်တယ်။ ဘ၀ဟာ ဘာရယ်ညာရယ်မသိဘူး.. ဒါပေမယ့် တော်တော်ပျော်စရာကောင်းတယ်ထင်တယ်။ ပျော်စရာကောင်းတယ် မကောင်းဘူးဆိုတာ ဘာနဲ့တိုင်းမှာလဲလို့ မင်းကမေးဦးမယ်။ ငါတော့ ဒို့ရဲ့ ရယ်မောသံတွေ မင်းဘေးက၊ ငါ့ဘေးကဖြတ် ကျောင်းနံရံတွေဘာတွေကို ဖောက်ထွင်းလို့ ကမ္ဘာကုန်ကျယ်သရွေ့ ခြေဆန့်ထွက်တာကို ကြည့်ပြီး ဒို့ပျော်ခဲ့ကြတယ်လို့ ဆိုလိုက်တာပဲ။ ဟုတ်တယ် ဒို့ရယ်သံတွေ နေရာအနှံ့ပြည့်သိပ်လို့.. တချို့က အဟက်..အဟက်.. တချို့လည်း ဟားဟား.. ဘယ်သူတွေဘယ်လိုပဲ ရယ်ရယ် မင်းရယ်ငါရယ် ဒို့အားလုံး ရယ်မောခဲ့ကြတယ်။ ကောင်းကင်ဟာ ခေါင်းထက်မှာဆိုရင် ဒီတစ်မိုးအောက်မှာ ဒို့တွေ အပျော်ဆုံးပဲလို့ ဆိုရမယ်ထင်တယ်။
ဘာလို့ဒါတွေတွေးနေတာလဲလို့ဆိုရင် အကြောင်းကရှိတယ်။ ရှိတယ်ဆိုတာက ဒီလိုပါ.. တစ်နေ့က ဟိုကောင် မှတ်ကြီးနဲ့တွေ့တယ်။ တွေ့တယ်ဆိုတာက လမ်းမှာ အမှတ်မထင်ပါဘဲ သူကတော့ သူ့လက်မှာပါလာတဲ့ ပြောင်လက်လက်ဟာကြီးကို ငါမြင်အောင် တမင်ပြနေတယ်ထင်တာပဲ။ ဒီကောင် ဒီလိုလုပ်နေတော့ ဒို့တွေ အရင်တုန်းက ပြောခဲ့မိတာတွေကို သွားသတိရမိတယ်။ "မင်းဖြစ်ဖြစ် ငါဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ် ဘာမှမဖြစ်စေနဲ့" ဆိုတာ.. မင်းတို့ငါတို့ ငယ်ငယ်တုန်းက ရွတ်ဆိုခဲ့တာမဟုတ်လား။ ဒီကောင်ကတော့ ငယ်ငယ်ကတည်းက လေဖမ်းဒန်းစီးပြီး ကြီးပွားမယ့်ကောင်လို့ မင်းတို့ငါတို့ ဗျာဒိတ်ပေးခဲ့သလိုပါပဲ ဒီထက်ဒီကောင် ဘာမှမပိုပါဘူး။ ပိုလာတာက သူမမြင်တဲ့ သူ့ကျော်ပေါ်က အကုသိုလ် တစ်ပိဿာကိုပဲ။ အေးလေ လူ့ဘ၀ဆိုတာ တစ်ခုလိုချင် တစ်ခုပေးရတာပဲ မဟုတ်လား။  သူနဲ့တွေ့ပြီး နောင်တတစ်ခုပဲ ရမိတယ်။ အဲ့ဒါကတော့ ဒို့တွေငယ်ငယ်က ထုံးစံအတိုင်း ဘာရယ်မဟုတ်ပဲ ရယ်မောသလိုမရယ်လိုက်ခြင်းပဲ။ ဟုတ်တယ်.. ငါ ရည်ရွယ်ချက်ရှိရှိနဲ့ပဲ မရယ်မောမိအောင် ထိန်းသိမ်းခဲ့တယ်။ ဒါ သူ့အတွက် ငါ့ရဲ့ အကောင်းဆုံး ပေးဆပ်ခြင်းပဲမဟုတ်လား။
အေးကွာ.. မင်းတို့ကောင်တွေကော နေကောင်းကျန်းမာရဲ့ မဟုတ်လား။ ဟိုကောင် ဂေါက်ကြီးကတော့ပြောမှာပေါ့ မင်းဟာမင်းဂရုစိုက် တို့ကရွာမှာလေကို တလတ်ကြီးရှုနေရတာ၊ မင်းလိုဂီလာနအောက်ဆီဂျင်မရတဲ့ နေရာမှာ နေနေတာ မဟုတ်ဘူးလို့။ ဟိုကောင်ကတော့ သူပြောနေကျအတိုင်းပဲ တိုးတက်ခြင်းတွေထဲမှာ တိုတက်တာတွေလဲပါတယ်ဆိုတာ မြို့ကြီးသားမင်း ခုတော့ ကောင်းကောင်းသိပြီမဟုတ်လား ဆိုတာပဲ ပြောဦးမယ်ထင်တယ်။ အေး ပြောရင်းနဲ့ ငါအဓိက ပြောချင်တဲ့ အကြောင်းအရာက မေ့တော့မယ်....
ဒီလိုကွ... တစ်နေ့က အကြောင်းအရာတစ်ခု ငါဖတ်မိတယ်... ဟိုးရှေးအင်္သချေက ကမ္ဘာကြီးစတင်ဖြစ်ပေါ်လာဖို့ ကနဦးဖြစ်တဲ့ ပေါက်ကွဲမှုကြီးက ထွက်လာတဲ့ လှိုင်းတွေကို အခုပြန်ဖမ်းမိဖို့ ကြိုးစားနေတာ အောင်မြင်တော့မယ်ဆိုပဲကွ... ငါတော့ အရမ်းဝမ်းသာတယ်ကွာ။ ဟုတ်တယ်ကွ ဒါဟာ မင်းတို့ငါတို့အတွက် ဟောဒီကမ္ဘာမြေကြီးအတွက် ဧရာမ အောင်မြင်မှုကြီးပဲကွ။ အေး... အဲ့ဒါကြီးသာ အောင်မြင်သွားရင်တော့ မင်းတို့ငါတို့ရဲ့ အတိတ်က ရယ်သံတွေကို ပြန်ရှာဖွေပြီး ဒို့ကုတင်ဘေးက ဒကောက်ဖာ(ထန်းခေါက်ဖာ)လေးတွေထဲမှာ ထာဝရ ထည့်သိမ်းထားကြစို့ကွာ....။

မင်းတို့ကို အမြဲသတိရလျက်.... အဝေးက
ချက်ကြီး

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...