Monday, November 4, 2013

သူရဲကောင်းဆိုတာတွေ့ဖူးချင်ရင် မြစ်တောင်ဘက်ကမ်းကိုကူးခဲ့

ကျုပ်တို့ရွာက မြစ်တောင်ဘက် ကမ်းမှာရှိတယ်။ ဘယ်မြစ်ရဲ့ ဘယ်တောင်ဘက် ကမ်းလဲဆိုတာတော့ သေချာရှင်းမပြတော့ဘူး။ အဲ့လိုမလိုတာတွေ လျှောက်လျှောက်ရှင်းနေရရင် ကိုယ်လိုချင်တဲ့နေရာ ရောက်မှာမဟုတ်ဘူးလို့ ရွာကထွက်သွားပြီး အကောင်ဖြစ်နေတဲ့ ကိုဘမောင်ကြီးက ပြောဖူးတယ်။ ရွာက မြစ်တောင်ဘက်ကမ်းမှာပဲ .. မြို့ပေါ်ကနေ ကားနဲ့မြစ်ကမ်းဘေးကို ရောက်အောင် နှစ်နာရီလောက်စီးလိုက်၊ မြစ်ဆိပ်ရောက်ရင် လှေကိုခဏစောင့်ပြီး တအောင့်လောက် စီးလိုက်ရင် ကျုပ်တို့ရွာစပ်က မြစ်ဆိပ်ကိုရောက်ပြီ။ အဲ့ဒီမြစ်ဆိုတာကြီးကလည်း မြစ်လို့သာဆိုတယ် ပြောရရင်တော့အခက်သား။ တကယ်တော့ ချောင်းသာသာလောက်ရှိတာ။ ဒါကိုပဲ အရင်ရှေးလူကြီးတွေက မြစ်လို့ခေါ်ခဲ့လို့ ကျုပ်တို့က ရိုးရာမပျက်မြစ်လို့ခေါ်နေရတာ။

ဒီမြစ်လို့ခေါ်တဲ့ဟာကြီးက အရင်တုန်းကတော့ တကယ့်အကျယ်ကြီးဆိုပဲ.. ဟိုနေ့က အသက်တစ်ရာပြည့်သွားတဲ့ အောင်ဘတို့ ဘကြီးက သူ့ကြားဖူးနားဝကို ခုလို ပြန်ပြောပြတယ်။ "ငါ့မြေးတို့ မယုံမရှိကြနဲ့ကွယ့်။ ဟိုးအရင် ဒီမြစ်ကြီးက ဟိုဘက်ကမ်း ဒီဘက်ကမ်းတောင် လှမ်းမြင်တာ မဟုတ်ဘူးကွဲ့။ သားကြီးငါးကြီးတွေဆိုတာလည်း ပေါမှပေါ။ ရာသီအလိုက်ကျတတ်တဲ့ ငါးအမျိုးအမျိုးတွေလည်း ရှိတယ်။ အို တို့ဘိုးဘွားတွေဆို စားစရာသောက်စရာ လှိုင်လှိုင်ပေါမှပေါပဲကွဲ့။ အဲ့ဒီလိုနဲ့ တနေ့မှာတော့ နဂါးကြီးတစ်ကောင် ရေသောက်ဆင်းလာသတဲ့၊ အဲ့ဒီကစလို့ တစ်စတစ်စနဲ့ မြစ်ကြီးဟာ တိမ်ကောလာသတဲ့"။

အဲ့ဒါပဲကြည့် ဘကြီးဘယ်လောက်ပုံပြောကောင်းသလဲဆိုတာ၊ ကျုပ်တို့ကတော့ ပျင်းရင် ဘကြီးရဲ့ အဲ့ဒီလို ပုံပြင်တွေကို ဇိမ်ကျပလိမ်ကျ သွားသွားနားထောင်နေကျဗျ။ အဲ့ဒီအခါ ဘကြီးကလည်း သူ့ရဲ့ ရှားပါးလှတဲ့ ထန်းလျက်ခဲလေးတွေ ပြန်ပြန်ကျွေးတတ်တယ်။ အဲ့ဒါကြောင့် ဇိမ်ကျပလိမ်ကျလို့ ကျုပ်ကပြောတာ။ ကျုပ်တို့ရွာက ရွာတွေထဲမှာတော့ ခပ်သေးသေးပဲ။ ဘယ်လောက်သေးသလဲဆို ရွာဒီဘက်ထိပ်ကနေအော်ရင် ဟိုဘက်ထိပ်က အသာလေးကြားရတယ်ဆိုပဲ။ ဒါကို မယုံလို့စမ်းကြည့်တဲ့သူက ရှိသေးတယ်။ ကိုကြီးသာလေ.. နဂိုကတည်းက ခပ်ဆိုးဆိုး ခပ်ရွဲ့ရွဲ့သမားဆိုတော့ စမ်းပြီးအော်ကြည့်လိုက်တာ ဖင်လိပ်ခေါင်းထွက်သွားပါရောလား။ အဲ့ဒါနဲ့ သူအခု ရွာက ဘကြီးဘုန်းကြီးဆီမှာ မြဲနေတယ်လေ။ သူ့လိပ်ခေါင်းကုဖို့အတွက် ဘကြီးဘုန်းကြီးဆီက ဆေးလိုချင်တာနဲ့ ခုဆို အရက်တွေဘာတွေဖျက်ပြီးတော့ ဘုန်းကြီးကျောင်းမှာ အမြဲတမ်း ကပ္ပိယဖြစ်နေလေရဲ့။

တလောက မြို့တစ်ခေါက်လောက်တက်ပြီး ဆရာကြီးလုပ်လုပ်နေတဲ့ ပွကြီးဆိုတဲ့ကောင်ပြောတဲ့စကား ရှိတယ်။ ဘာတဲ့ မင်းတို့ကောင်တွေ မိုက်ရူးရဲ မဆန်ကြနဲ့ ဒုက္ခရောက်ကုန်မယ်တဲ့။ အဲ့ဒါနဲ့ ကျုပ်တို့ကာလသားတွေကလည်း ပြန်ပြောလိုက်တယ်။ မိုက်ရူးရဲဆန်လို့ ကောင်းရာမွန်ရာရောက်သွားတဲ့ သူတွေရှိပါတယ်ကွာလို့။ မယုံရင် ကိုကြီးသာကိုသာကြည့်လို့။ အရင်က ပုဆိုးတခြားလူတခြားနဲ့ အခုဆို ခေါင်းပေါင်းကြီးနဲ့ ဘကြီးဘုန်းကြီးနားကပ်လို့ ဆိုတော့ သူ့ခမျာ ကြောင်အမ်းအမ်း ဖြစ်နေရှာတယ်။

အဲ့ဒီလိုပါပဲ ကျုပ်တို့ရွာက တစ်ယောက်နဲ့တစ်ယောက်က စကားနိုင်လုလိုက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပဲ။ တစ်ယောက်နဲ့တစ်ယောက်က တကယ့် ညီအစ်ကို မောင်နှမတွေလိုပဲနေကြတာ။ နေဆို.. ကျုပ်တို့ရွာသားတွေအားလုံးက ဒီမြေမှာမွေးဒီမြေမှာကြီးကြတဲ့ သူတွေချည်းပဲလေ။ အပြင်သွေးဆိုလို့ မြစ်ထဲကရတဲ့ ငါးတွေမှာပဲပါတယ်။ အဲ့ဒါကြောင့် ငါးတွေကို သတ်ပြီးမှ ရွာထဲကို ယူခွင့်ရှိတယ်။ အဲ့ဒီလောက် မျိုးစစ်တဲ့ကောင်တွေလေ။ ဒါ့ကြောင့်လည်း ညီအစ်ကိုရင်းလို ချစ်ကြခင်ကြတာကိုး။ လသာတဲ့ညတွေဆို ရွာလယ်မှာစုပြီးတော့ ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ ပျော်စရာကြီးပေါ့ဗျာ။ အဓိကပြောဖြစ်ကြတာကတော့ ရွာကလူတွေအကြောင်းပဲ။ ဟုတ်တယ်ဗျ ရွာထဲက လူတွေအကြောင်းကတော့ အမျိုးမျိုးအဖုံဖုံနဲ့ ပြောကို မကုန်နိုင်ဘူးဗျာ။

ဘာတဲ့.. ဟိုတနေ့ကဆို ရွာတောင်ဘက်က ကိုလှမောင်ကြီးလေ။ မူးမူးရူးရူးနဲ့ ပုဆိုးစလွယ်သိုင်းပြီး လှည်းလမ်းကို ပိတ်ရက်ထားပြီးတော့ သူ့ကိုယ်သူ နွားနဲ့အားပြိုင်မယ်လုပ်နေလို့ မနဲဝိုင်းဆွဲကြရတယ်။ အဲ့ဒါကို ရွာကဓါတ်သိ ဒေါ်စောကြည်က ဟိုဘက်လှည်းပေါ်ကနေ လှမ်းအော်လိုက်တဲ့ "ဟဲ့အကောင် လှမောင် နင့်ဟာနင် ထရည် (ထန်းရည်) အကြွေးရလို့ သောက်ပြီး မူးချင်မူး၊ အရူးထပြီးနွားကျမယ်တော့မကြံနဲ့" ဆိုတဲ့ စကားကြောင့် ရွာသားတွေ ၀က်ဝက်ကွဲ ရည်ကြပါလေရော။

 တခါတုန်းကတော့ ရွာက ခပ်အေးအေးနဲ့ ကိုအုန်းဖေဆိုတဲ့လူအကြောင်းက ရွာက လူတွေပါးစပ်ဖျားမှာ ရေပမ်းအစားဆုံးပဲ။ ဖြစ်ပုံကဒီလိုဗျ... အဲ့ဒီတုန်းက ရွာထဲကို ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ ခွေးရူးတစ်ကောင် ၀င်လာပြီး သောင်းကျန်းနေတာ။ အဲ့ဒီခွေးကြီးကို ရွာသားတိုင်းကြောက်လို့ ပုန်းနေကြတဲ့အချိန်မှာ ကိုနှင်းမောင်ကြီးက မနက်စောစော ဝေလီဝေလင်းကြီးမှာပဲ အသေသတ်လာပြီး တရွတ်တိုက်ဆွဲလာလို့ ရွာမှာတော့ တကယ့်ကို ဟီးရိုးကြီးဖြစ်လို့ဗျ။ တကယ်တမ်းက သူက အဲ့ဒီခွေးကို သတ်လာတာမဟုတ်ဘူးရယ်။ အဲ့ဒီအကြောင်းကို သိတာက ရွာထဲက ချက်ကြီးတို့အုပ်စုပဲ။ သူတို့တွေပဲ အဖြစ်မှန်ကိုသိပြီး နောက်ကွယ်မှာ ပြောပြောပြလို့ တအုံနွေးနွေးနဲ့ လူတွေအကုန်သိကုန်ကြတာ။ ဖြစ်ပုံက ဒီလို..

ကိုအုန်းဖေက လူပျိုကြီး၊ သူပိုးပန်းနေတာက သူကြီးသမီးနုနု။ သူကြီးအိမ်ဆိုတော့ ညအစောပိုင်းဆို ကာလသားတချို့က စောင့်ရှောက်ပေးလေ့ရှိတယ်။ အဲ့ဒီတော့ သကြီးသမီးနုနုနဲ့ ကိုအုန်းဖေကြီးတို့က ချိန်းတွေ့ကြရင် သူကြီးတို့အိပ်မောကျ၊ အစောင့်ကောင်လေးတွေပါ အိပ်မောကျတဲ့ မနက် ၃ နာရီလောက်မှာ ချိန်းတွေ့ကြတယ်။ အဲ့ဒီညကလည်း သူတို့ချိန်းတွေ့ပြီး အပြန်မှာ အဆိပ်မိပြီး သေနေတဲ့ ခွေးသေကြီးကို ဆွဲပြီး ဟန်ရေးပြနေတာတဲ့။ "ချက်ကြီး... ဒါဆို ကိုနှင်းမောင်ကြီးက တကယ်မသတ်ဘဲ ဟန်လုပ်နေတာပေါ့" ဆိုတော့ ချက်ကြီးက "ဘယ်ကလာ ခွေးရူးသတ်ရဲရမှာလည်းကွာ ခွေးရူးသတ်ဖို့နေနေသာသာ ခြေသံကြားလို့ လန့်ပြီးခုန်လိုက်တာတောင် သူကြီးခြံပြင်ရောက်တယ် မင်းကိုနှင်းမောင်က။ .. အဲ့ဒီညက သူတို့နှစ်ယောက်ချိန်းတွေ့တာကို တို့တစ်ဖွဲ့လုံးချောင်းကြည့်နေတာ အစအဆုံးသိတယ်"ဆိုပြီး ဟန်ကျပန်ကျပြောလို့ ကျုပ်တို့မယ် ရယ်လိုက်ရတာဆိုတာ ပြောမနေပါနဲ့တော့။
အဲ့ဒီလို ပုံမကျပန်းမကျတွေက ကျုပ်တို့ရွာသားတွေရဲ့ ပါးစပ်ဖျားမှာတော့ ဟီးရိုးကြီးတွေပေါ့ဗျာ။ လသာသာဆို ဒီလိုအကြောင်းတွေစုပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြောနေရတာကိုက ကျုပ်တို့ရွာသားတွေရဲ့ ဘ၀ပဲ။ ရွာမှာကတော့ အဲ့လိုပဲ ထန်းရည်မူးပြီး ကျွဲခိုးပေါ်တဲ့ ကိုသော်ကြီးလည်း ကျုပ်တို့ သူရဲကောင်းကြီးပဲ၊ ခွေးရူးကြီးမသတ်ဘဲဆွဲလာတဲ့ ကိုအုန်းဖေဟာလည်း သူရဲကောင်းကြီးပဲ၊ ကျည်ဆံမရှိတဲ့ သေနတ်ကြီးကိုင်ထားတဲ့ ရွာကသူကြီးကလည်း ကျုပ်တို့ သူရဲကောင်းဖြစ်တတ်တာပါပဲ။ ခင်ဗျားတို့တွေ သူရဲကောင်းတွေပေါပေါသီသီ မြင်ဖူးချင်ရင် မြစ်တောင်ဘက်ကမ်းကိုသာ ကူးခဲ့ကြပေတော့ဗျာ..။


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...