Monday, November 11, 2013

လေကိုရှူသွင်းရှူထုတ်လုပ်ကာ ရှင်သန်နေရသူတွေရဲ့ ကမ္ဘာ့အမြန်ဆုံးနေရာတိုက်ပွဲ



လူတစ်ယောက် နေ့စဉ် အသက်ရှင် ရပ်တည်ဖို့အတွက် အလိုအပ်ဆုံးကတော့ လေဆိုတဲ့အရာပါပဲ။ လေကို ရှူလိုက်ထုတ်လိုက်နဲ့ပဲ လူဆိုတဲ့ သတ္တ၀ါဟာ အသက်ရှင်နေရတာပါ။ မဟာဗောဓိမြိုင်ဆရာတော်ကြီးက သူ့ရဲ့ တရားတစ်ပုဒ်မှာ လူဆိုတာ လေရှိမှ အသက်ရှင်နိုင်ကြောင်း၊ လေကိုအပြင်ထုတ်လိုက်တဲ့ အချိန်မှာတောင်မှ လူ့ကိုယ်ထဲမှာ လေတွေကျန်ရှိနေသေးလို့သာ အသက်ရှင် ရပ်တည်    နေနိုင်တာဖြစ်ကြောင်း ဟောကြားသွားပါတယ်။ အဲ့ဒီလို လေကိုရှူရှိုက်နေတဲ့ လူဆိုတဲ့ သတ္တ၀ါတွေထဲမှာ အမြန်ဆုံးဆိုတဲ့ဘွဲ့ကို ပိုင်ဆိုင်ဖို့အတွက် ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ပြိုင်ပွဲကတော့ မီတာ ၁၀၀ အပြေးပြိုင်ပွဲပဲဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲကနေ ထွက်လာတဲ့ စံချိန်ကိုကြည့်ကာ ကမ္ဘာ့အမြန်ဆုံးဆိုတာကို သတ်မှတ်ကြတာပါ။ အဲ့ဒီဘွဲ့ကို လက်ရှိ ပိုင်ဆိုင်ထားသူကတော့ လူတိုင်းသိကျတဲ့ ဂျမေကာက အပြေးသမားလေး အူစိန်ဘော့ပါပဲ။ သူဟာ ဂျာမနီဘာလင်မှာ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်ထဲနဲ့ပြေးပြီး ကမ္ဘာ့အမြန်ဆုံးဆိုတဲ့ ဘွဲ့ကို သိမ်းယူခဲ့သူပါ။

လူဆိုတဲ့ယန္တရားကြီး လည်ပတ်ဖို့အတွက် လေဆိုတဲ့အရာဟာ အခရာကျသလိုပဲ လုပ်ငန်းလည်ပတ်ဖို့အတွက် လေကို ရှူသွင်းရှူထုတ်လုပ်နေရတဲ့ နောက်ထပ် ယန္တရားတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ ကား၊ ဆိုင်ကယ်၊ မီးစက်၊.. စတာတွေအတွက် သုံးနေရတဲ့ အင်ဂျင်ဆိုတဲ့ အရာပါပဲ။ အင်ဂျင်တစ်လုံးဟာ လေကိုရှူသွင်း၊ ဖိအားပေးပြီး ဆီနဲ့ရော မီးမြှိုက်ကာ လည်ပတ်ရတာဖြစ်ပါတယ်။ အဲ့ဒီလို သဘောတရားနဲ့ လည်ပတ်နေတဲ့ အင်ဂျင်တွေအသုံးပြုထားတဲ့ ယာဉ်တွေထဲမှာတော့ လေယာဉ်ပျံတွေဟာ အမြန်ဆုံးပါပဲ။ ထိုလေယာဉ်ပျံတွေထဲမှာမှ အမြန်ဆုံးဆိုတဲ့ ဘွဲ့ကို သိမ်းပိုက်ထားသူကတော့ ၁၉၆၆ ခုနှစ်က စတင်မိတ်ဆက် ပျံသန်းခဲ့တဲ့ SR-71 Blackbird ဆိုတဲ့ လေယာဉ်ပဲ ဖြစ်ပါတယ်။ တခြား ဒုံးပျံတွေက (Rocket) ပိုမြန်မှာပေါ့လို့ ပြောစရာရှိပါတယ်။ ဟုတ်ပါတယ်.. ဒုံးပျံတွေက ပိုမြန်ပါတယ် ဒါပေမယ့် သူတို့တွေက လေကိုရှူစရာမလိုတဲ့ သူတွေပါ။

SR-71 Blackbird
 ပုံမှန်လေယာဉ် အင်ဂျင်တွေက မီးလောင်ခြင်းကို အားပေးတဲ့ အောက်ဆီဂျင်ကို ရရှိဖို့အတွက် ပတ်ဝန်းကျင်က လေကို အထဲရောက်အောင်သွင်းရပါတယ်။ ထိုပတ်ဝန်းကျင်လေကရတဲ့ အောက်ဆီဂျင်ကို Oxidizer လို့ခေါ်ပါတယ်။ ထိုပတ်ဝန်းကျင်လေကရတဲ့ Oxidizer နဲ့ ကိုယ်သယ်ဆောင်လာတဲ့ ဓာတ်ဆီဖြစ်တဲ့ Fuel ( e.g., JP-1) နဲ့ ပေါင်းစပ်ကာ အင်ဂျင်ဟာ အလုပ်လုပ်ပါတယ်။
Rocket Engine တွေကတော့ ပြင်ပလေထဲက အောက်ဆီဂျင်ကို အားမကိုးပဲ စိတ်ကြိုက် တင်းပြည့်ကျပ်ပြည့် Oxidizer အမျိုးအစားကို ကိုယ်နဲ့တပါတည်း သယ်ဆောင်သွားပြီး Fuel နဲ့ပေါင်းကာ လောင်ကျွမ်းစေပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်လေကို ရှူသွင်းကာ အလုပ်လုပ်တဲ့ လေယာဉ် အင်ဂျင်တွေကို (Air-breathing Engine လေရှူတဲ့ အင်ဂျင်) တွေလို့ ယေဘုယျခေါ်ပြီး၊ Fuel and Oxidizer နှစ်ခုလုံးကို ကိုယ်နဲ့အတူ သယ်ဆောင်သွားပြီး လည်ပတ်တဲ့ အင်ဂျင်တွေကိုတော့ Rocket Engine လို့ အကြမ်းအားဖြင့် ခွဲခြားထားပါတယ်။

လေရှူတဲ့အင်ဂျင် အလုပ်လုပ်ပုံ


လေမရှူတဲ့ Rocket Engine အလုပ်လုပ်ပုံ
 လေရှူဖို့လိုတဲ့အင်ဂျင်တွေထဲမှာတော့ SR-71 ဟာ အမြန်ဆုံးပါပဲ။ ဘယ်လောက်ထိမြန်သလဲဆိုရင် ၁ စက္ကန့်ကို ၀.၆၂၅ မိုင်လောက်ထိကို ပျံသန်းနိုင်စွမ်းရှိပါတယ်။ မြန်မာပြည် တောင်ဖျားကနေ မြောက်ဖျားကို ပျံမယ်ဆိုရင် နာရီဝက်လောက်ပဲကြာပါလိမ့်မယ်။ ဒီလေယာဉ်ဟာ ဆိုဗီယက်ရဲ့ ဝေဟင်မှာ ပျံပြီး ထောက်လှမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် တည်ဆောက်ထားတာပါ။ ဒါ့ကြောင့် ဝေဟင်အမြင့်ကြီးကနေ ဒီနှုန်းနဲ့ ပျံသန်းနိုင်ဖို့ ဒီဇိုင်းထုတ် တည်ဆောက်ထားတာပါ။ ဟိုးအမြင့်ကြီးကနေ ပျံသန်းဖို့ဆိုတာ အဲ့ဒီအချိန်က ဧရာမစိန်ခေါ်မှုကြီးပါ။ အပေါ်ကို တက်တာနဲ့အမျှ လေထုဖိအားက ကျကျလာပါတယ်။ အိမ်မှာရှိတဲ့ ရေအုတ်ကန်ရဲ့ အောက်ခြေမှာ အပေါက်ရှိတဲ့အခါ ရေတွေပန်းထွက်လာတတ်ပြီး၊ အပေါ်ဘက်နားမှာ အပေါက်ဖောက်ကြည့်တဲ့အခါ ပန်းထွက်တဲ့ရေဟာ အောက်ခြေမှာ ပန်းထွက်တဲ့ရေလောက်မများတာကို သတိထားမိကြမှာပါ။ ဒါဟာ ဖိအား သဘောသဘာဝပါပဲ။

 လေထုမှာလည်း လေထုဖိအားဆိုတာ ရှိပါတယ်။ လေထုဖိအားဟာလည်း ရေအုတ်ကန်ထဲကရေလိုပဲ အပေါ်ရောက်တာနဲ့အမျှ ဖိအားကျလာပါတယ်။ 
ဒါ့ကြောင့် အမြင့်ကိုတက်တာနဲ့အမျှ လေယာဉ်အင်ဂျင်တွေဟာ လိုအပ်တဲ့ အောက်ဆီဂျင်ရဖို့ ခက်ခဲလာတတ်ပါတယ်။ နောက်တစ်ချက်ကတော့ အမြင့်ကိုရောက်တာနဲ့ ရာသီဥတုက အေးလာတာဟာလည်း အင်ဂျင်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒါတွေအားလုံးကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့လို့သာ အမြန်ဆုံးလေရှူယန္တရားဖြစ်တဲ့ SR-71 ဆိုတာ အောင်အောင်မြင်မြင် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တာပါ။ SR-71 ဖြစ်ထွန်းမှုအတွက် အရေးပါခဲ့တဲ့ သုတေသနတွေထဲမှာ ဂျက်အင်ဂျင်သုတေသနဟာလည်း ထိပ်တန်းက ပါဝင်ပါတယ်။
ကဲ ကျွန်တော်တို့လည်း ထော်လာဂျီအင်ဂျင် သုတေသနလေး အမှန်အကန်(အရင်ကလိမ်တာလေ) စလိုက်ကြစို့ဗျာ။

မောင်မျိုး(စက်မှု)


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...