Friday, November 15, 2013

ကျောင်းထဲက ဆောင်းဦးအမှတ်တရ ဓါတ်ပုံများ


မနက် ၂ နာရီလောက် က ကျောင်းကနေ အိမ်အပြန်မှာ အပင်တွေက အရွက်တွေလှတယ် ရိုက်ခဲ့ပေးဖို့ အမြဲပူစာပြီး ကင်မရာထည့်ပေးလိုက်တဲ့ ကျွန်တော့် ကျောင်းအစ်မကြီးအတွက် ပုံလေးတွေ ရိုက်ယူခဲ့မိတယ်။ ညဘက်ဆို ဒေါက်နဲ့ရိုက်မှ အဆင်ပြေမှာကို ဒေါက်မပါဘဲ ဒီအတိုင်းရိုက်ယူလာခဲ့တယ်။ ဒါ့ကြောင့် ပုံတွေကတော့ တော်တော်ညံ့တယ်။ ဒါပေမယ့် ဆောင်းဦးပုံပြင်လေးတော့ ထင်ဟပ်စေတယ်ထင်လို့ တင်ပေးလိုက်ပါတယ်။

Engineering Building

ကျောင်းရှေ့က ကွန်ဒိုမီနီယံ

သရဲကားစတိုင် အ၀ါးရိုက်

ကျွန်တော်နှစ်ပေါင်းများစွာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရတဲ့လမ်း
ကိုယ်က သစ်ရွက်တွေလှလို့ ရိုက်ချင် သူတို့ကလည်းမဖယ် ကဲ .. ရိုက်တယ်

အထက်ကပုံမှာ မြင်တဲ့အတိုင်းပါပဲ မနက် ၂ နာရီရှိနေတာတောင်   ကောင်လေးနဲ့   ကောင်မလေးက   အေးဆေးပါပဲ ကဲနေကြတာ။ မိန်းကလေးတွေ အဲ့ဒီလို လွတ်လပ်တာပါ။ ဘာလို့ မိန်းကလေးတွေ လွတ်လပ်တယ်လို့ ဖိပြောရသလဲဆိုရင် ကျွန်တော်တို့ အိမ်မှာဆိုရင် အမေက ညမှောင်တာနဲ့ ကျွန်တော်လို ယောက်ျားလေးတောင် အပြင်ထွက်တာ လုံးဝ မကြိုက်ပါဘူး။ ကျွန်တော်က အဲ့ဒီလို နေရာက လာခဲ့တာဆိုတော့ ဒီမှာ မိန်းကလေးတွေ မနက်လင်းတဲ့အထိ မူးမူးရူးရူးနဲ့တောင် လမ်းမှာ တွေ့တွေ့နေရတာ အစက တော်တော်ကို မျက်စိနောက်ခဲ့ပါတယ်။ ငါ့အမေနဲ့များတွေ့ရင်တော့ သူတို့တွေ သေမှာပဲလို့တောင် တွေးမိပါတယ်။ 

ဒီမှာတွေးစရာက သူတို့တွေ ဒီလိုသွားရဲလာရဲတာဟာ လုံခြုံမှုရှိလို့ပါ။ အထူးသဖြင့်တော့ ဆိုးလ်မှာက ပိုပြီး လုံခြုံပါတယ်။ တခြားမြို့တွေမှာတော့ ကြောက်ရပါတယ်။ လူလည်းပြတ်တတ်ပါတယ်။ မူးနေတဲ့မိန်းကလေးကို ခေါ်သွားပြီး မုဒိမ်းကျင့် သတ်ဖြတ်ပြစ်တာမျိုးတွေ အဖြစ်များပါတယ်။ ဒါ့ကြောင့် ဆိုးလ်မှာသာ အကဲဆုံးလို့ ပြောရမှာပါ။ အနေကြာလာတဲ့အခါမှာတော့ သူတို့ ကဲတာတွေဟာ ကိုယ့်အတွက် ယဉ်ပါးလာပါတော့တယ်။ လူထုဒေါ်အမာစကားနဲ့ပြောရရင် အရင်က အိမ်ထောင်သည်တွေ မမြင်ကွယ်ရာမှာနေတဲ့ ပုံစံမျိုးကို ခုကလေးတွေက လူမြင်ကွင်းကြီးမှာ နေနေကြတယ်လို့ ပြောရမှာပါ။
မြင်ပါများတော့လည်း ရိုးပြီး အထူးအဆန်းမဟုတ်တော့ဘဲ ယဉ်ပါးလာပါတော့တယ်။

ဒါဟာ ပတ်ဝန်းကျင်ကနေ ကိုယ့်ကို တဖြည်းဖြည်း ကူးစက်လာတဲ့ သဘောပါပဲ။ ဒါ့ကြောင့် ငယ်ရွယ်စဉ်မှာ မိဘတွေက အပေါင်းအသင်းတွေ ပေါက်တတ်ကရ မပေါင်းဖို့ အမြဲပဲ သတိပေး ဆုံးမကြတာပါ။ မကောင်းတဲ့ အမူအကျင့်တစ်ခု ကိုယ့်ဆီကို မကူးစက်နိုင်အောင် ကိုယ်က ဟန့်တားထားနိုင်တယ်ပဲထားဦး အနည်းဆုံးတော့ အဲ့ဒီမကောင်းတဲ့ အမူအကျင့်ကို ကိုယ်ကိုယ်တိုင်က ယဉ်ပါးလာတတ်ပြီး စက်ဆုတ်စရာလို့ မမြင်တတ်တော့တာဟာ မကောင်းတဲ့ဘက်ကို တစ်စိတ်ပါသွားတဲ့ သဘောပါပဲ။ ဒါ့ကြောင့် လူငယ်တွေအနေနဲ့ ကောင်းရာမွန်ရာ တွန်းပို့မယ့် အပေါင်းအသင်းမျိုး၊ ပတ်ဝန်းကျင်မျိုးကို ရှာဖွေပေါင်းသင်း နေထိုင်ကြဖို့ အထူးပင် လိုအပ်လှကြောင်း စေတနာထား တိုက်တွန်းလိုက်ပါရစေ။

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...