Wednesday, November 20, 2013

စုံထောက်ကြီး ဦးစံရှားနှင့် ချဲလင်ဂျာ(Challenger) အာကာသယာဉ် ပျက်ကျမှုကြီး

အချိန်က ၁၉၈၆ ၊ ဇန်န၀ါရီ ၂၈.

ထိုနေ့ နံနက်စောစောအချိန်မှာပဲ ချဲလင်ဂျာ (Challenger) အာကာသယာဉ်ကြီးဟာ အာကာသထဲကို သွားဖို့အတွက် အသင့်အနေအထားနဲ့ လွှတ်စဉ်ပေါ်မှာ အခန့်သားကြီးရှိနေပါတယ်။ ရာသီဥတု ဆိုးဝါးတာနဲ့၊ အသေးစား စက်ချို့ယွင်းမှုတွေကြောင့် လွှတ်တင်မယ့်ရက်ဟာ နောက်ဆုတ်ရင်းနဲ့ ဒီနေ့အထိ  ရောက်ရှိလာခဲ့ပါတော့တယ်။ NASA က တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ အစိတ်အပိုင်းကို ထုတ်လုပ်ပေးသူတွေဟာ ရင်တမမနဲ့ နေနေရတာလည်း ရက်ပေါင်းအတော်ကြာပြီ ဖြစ်ပါတယ်။ ဒီအာကာသယာဉ် ချောချောမွေ့မွေ့ လွှတ်တင်ပြီးမှသာ သူတို့တာဝန်ကျေမှာ ဖြစ်တဲ့အတွက် ဒီချဲလင်ဂျာအာကာသယာဉ် မလွှတ်တင်သေးသရွေ့ သူတို့တွေ ကောင်းကောင်း အိပ်မပျော် စားမ၀င်ကြပါဘူး။ ဒါ့ကြောင့် ကော်ဖီသောက်လိုက်၊ ဆေးလိပ်သောက်လိုက်၊ စကားစမြည်ပြောလိုက်၊ ရာသီဥတု အကြောင်းပြောလိုက်နဲ့ပဲ နေလာခဲ့ကြတာဟာ တစ်ပတ်ခန့်ပင် ရှိပါပြီ။

ဒီနေ့မနက်မှာလည်း နာဆာနဲ့ တခြားအဓိက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒုံးအင်ဂျင် ထုတ်လုပ်ပေးတဲ့ Thiokol ကုမ္ပဏီတို့ဟာ အာကာသယာဉ်ကို ဒီနေ့ လွှတ်တင်သင့် မတင်သင့်ကို အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။ Thiokol ဘက်က အင်ဂျင်နီယာ တစ်ချို့ဟာ လက်ရှိ ရာသီဥတု အခြေအနေဟာ အေးလွန်းတဲ့အတွက် သူတို့ရဲ့ အင်ဂျင်တွေ ကောင်းကောင်း အလုပ်မလုပ်မှာကို စိုးရိမ်ကြပါတယ်။ ဒါ့ကြောင့် လွှတ်တင်မယ့်ရက်ကို ဆက်လက်ရွှေ့ဆိုင်းဖို့ အကြံပြုကြပါတယ်။ ယခင်အတွေ့အကြုံတွေအရ အာကာသယာဉ်တွေ လွှတ်တင်ဖူးတဲ့ အအေးဆုံး အခြေအနေဟာ ၁၂ ဒီဂရီစင်တီဂရိတ်သာရှိပါတယ်။ ဒီနေ့ရောက်ရှိနေတာကတော့ -၁ ကနေ -၄ အထိကို အေးနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နာဆာအင်ဂျင်နီယာတွေ အနေနဲ့ ဆုံးဖြတ်ချက်ချဖို့ ခက်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာကလည်း နာဆာရဲ့ လုပ်ငန်းတွေကို ပြည်သူတွေ စိတ်ဝင်တစားရှိအောင်၊ ကျောင်းသားလူငယ်တွေ သိပ္ပံကို စိတ်ဝင်တစားရှိအောင်ဆိုပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမတွေထဲကနေတစ်ယောက်ကို ရွေးချယ်ပြီး ယခုလွှတ်မယ့် အာကာသယာဉ်နဲ့အတူ လိုက်ပါစေတဲ့ အစီအစဉ်ကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူတွေဟာ ယခုလွှတ်မယ့် အာကာသယာဉ်ကို တီဗွီတွေကနေ စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။

ဒီလို လူစိတ်ဝင်တစားဖြစ်နေတဲ့ အစီအစဉ်ကြီးကို တစ်ရက်ပြီး တစ်ရက်ရွှေ့နေရတာဟာလည်း နာဆာတာဝန်ရှိသူတွေအတွက် အရှက်ရစရာဖြစ်နေပါတော့တယ်။ တာဝန်ရှိသူတွေဟာ ဒုံးလွှတ်စဉ်ပေါ်မှာ ကပ်နေတဲ့ ရေခဲချပ်တွေကိုကြည့်လိုက် သက်ပျင်းချလိုက်လုပ်နေရင်းကပဲ ဒီနေ့မနက်တော့ ရာသီဥတုကလည်း အရင်ကထက်စာရင် တော်တော် ကောင်းလာပြီဖြစ်တဲ့အတွက် တချို့ စိုးရိမ်စရာရှိတာလေးတွေကို မျက်ကွယ်ပြုပြီး လွှတ်တင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။
လွှတ်တင်ဖို့အတွက် Countdown စတင်ပါပြီ ...
5
4
3
2
1
 Liftoff........!!

ပုံမှန်အတိုင်းပဲ ဒုံးအင်ဂျင်တွေအလုပ်လုပ်ပြီး အာကာသယာဉ်ကြီးကို ဝေဟင်ထဲ မတင်သွားကြပါတော့တယ်။ နိုင်ငံတစ်ဝှမ်းက ပြည်သူတွေဟာ လက်ခုပ်အောဘာတွေပေးကာ အားပေးကြပါတယ်။ နိုင်ငံတစ်ဝှမ်းက ကျောင်းသားလူငယ်လေးတွေဟာလည်း အလယ်တန်းပြ ဆရာမတစ်ဦး ထူးထူးခြားခြားပါတဲ့အတွက် ယခု ဒုံးပျံအစီအစဉ်ကို ကျောင်းတွေကနေ တိုက်ရိုက်ကြည့်ရှုနေကြပါတယ်။ ကလေးတို့ ထုံးစံအတိုင်း ဒုံးပျံကြီးစက်နိုးကာ တက်သွားတာ မြင်လိုက်တဲ့အခါမှာ ၀မ်းသာအားရနဲ့ ခုန်ပေါက်ကာ ပျော်မြူးနေကြပါတော့တယ်။ သူတို့ ဆရာမအတွက်လည်း ဆုမွန်ကောင်းများ တောင်းကာ အော်ဟစ်ပျော်မြူးနေကြပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ အာကာသယာဉ်ကြီးဟာ ကြီးမားတဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ကောင်းကင်ထက်မှာ တစ်စစီဖြစ်သွားပါတော့တယ်။ နိုင်ငံတစ်ဝှမ်းက ကြည့်နေတဲ့သူတွေရဲ့ ပါးစပ်ကနေ အာမေဍိတ်သံ အမျိုးမျိုးထွက်ကာ မယုံနိုင်အောင်ဖြစ်သူဖြစ်၊ အော်ဟစ်ငိုကြွေးသူက ငိုကြွေးကြပါတော့တယ်။


နာရီပိုင်းအတွင်းမှာပဲ ဒီသတင်းဟာ ဟိုးလေးတကြော်ဖြစ်သွားပြီ သမ္မတကြီး  ရေဂင်ကိုယ်တိုင် သေဆုံးသွားသူတွေအတွက် ၀မ်းနဲကြောင်းပြောသလို၊ ဘာ့ကြောင့် ယခုလို ပျက်ကျရသလဲဆိုတာကို စုံးစမ်းဖော်ထုတ်ဖို့အတွက် ရော်ဂျာကော်မရှင် (Rogers Commission) ဆိုပြီး တကယ့် အထင်ကရလူတွေနဲ့ ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။ (ယခုလို ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ခုအတွက် အကြောင်းအရင်းရှာတာကို Forensic Engineering လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ မရှိသေးဘူးထင်ပါတယ်။ Air Bagan လေယာဉ် ပျက်ကျမှုလိုဟာမျိုးမှာ အကြောင်းရင်းဖော်ထုတ်ဖို့  မြန်မာနိုင်ငံမှာ လိုအပ်တဲ့ ပစ္စည်း၊ ပညာရှင် မရှိဟုထင်ပါတယ်။)

ရော်ဂျာကော်မရှင်ထဲမှာပါပြီး စုံထောက်ကြီး ဦးစံရှားလို့ တင်စားရမယ့်သူကတော့ နိုဗယ်ဆုရ ရူပဗေဒ ပညာရှင် ရစ်ချတ်ဖိုင်းမန်း (Richard Feynman) ပါပဲ။ ဒီလူဟာ အင်မတန် ပျော်တတ်ပါးတတ်သူ၊ ပေါ့ပေါ့ပါးပါး နေတတ်သူပါ။ တခြား နိုဗယ်ဆုရ ဆရာ့ဆရာကြီးများနဲ့တော့ အနေအထိုင်က ဆီနဲ့ရေပါ။ သွားချင်ရာသွား၊ လာချင်ရာလာ၊ လုပ်ချင်ရာလုပ်တဲ့သူပါ။ ဗုံတီးလို့တီး၊ ကျောင်းသူလေးတွေ ကိုယ်လုံးတီးထိုင်တာကို ပန်းချီဆွဲလို့ဆွဲ၊ ကလပ်မှာသွားပြီး စာထိုင်တွက်ချင်တွက်နေသူပါ။  ကျောင်းကန်တင်းမှာ ထိုင်နေတုန်း ကလေးတစ်ယောက် ပန်းကန်ပြားလေးပစ်တာကိုကြည့်ပြီး အဲ့ဒီပန်းကန်ပြားလေးရဲ့ လည်နေတဲ့ အမွတ်ကို သင်္ချာနည်းနဲ့ ဖော်ထုတ်လို့ ဖော်ထုတ်နဲ့ တော်တော်ကို စိတ်ဝင်စားစရာကောင်းတဲ့သူပါ။ မြန်မာပြည်က ဆရာကြီးတစ်ယောက်ကတော့ သူ့ကို ကစားတဲ့ ပါမောက္ခကြီးလို့ ချစ်စနိုးနဲ့ခေါ်ပါတယ်။
Richard Feynman
သူပါဝင်တဲ့ ရော်ဂျာကော်မရှင်ဟာ ချဲလင်ဂျာ အာကာသယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတွေ၊ နာဆာတာဝန်ရှိသူတွေရဲ့ အပြန်အလှန်ဆက်သွယ်ပြောဆိုသံတွေကို အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးတဲ့အခါမှာ ယာဉ်ပျံပျက်ကျရခြင်း အကြောင်းအရင်းကို ဖော်ထုတ်ပေးနိုင်ခဲ့ကြပါတယ်။ တီဗွီအင်တာဗျူးတစ်ခုမှာ ရစ်ချတ်ဖိုင်းမန်းဟာ ရာဘာကွင်းလေးတစ်ခုကို အေးနေတဲ့ရေခွက်လေးထဲထည့်ကာ ဒါဟာ ယာဉ်ပျက်ကျရခြင်းရဲ့ အကြောင်းပါပဲလို့ ဆိုပါတယ်။ ဆိုလိုတာကတော့ ရာဘာဆိုတာ အေးရင်ကျုံ့မယ်၊ ပူရင်ပွမယ်မဟုတ်လား။ ယာဉ်ပျံလွှတ်တင်တဲ့ အချိန်မှာ အပူချိန်ဟာ သုညအောက်ကို ရောက်နေတာ မဟုတ်လားဗျာ။ အဲ့ဒီမှာ ဒုံးပျံအင်ဂျင်အပိုင်းလေးပိုင်း တစ်ခုနဲ့တစ်ခု ဆက်ထားတဲ့နေရာမှာ သုံးထားတဲ့ ရာဘာဟာ ပုံမှန်အတိုင်းမစွမ်းဆောင်နိုင်တော့ဘဲ မီးလောင်ကာ ယာဉ်ပျံပျက်ကျရတယ်လို့ သုံးသပ်ပြသွားတာပါ။

ဒါဆို ဒီရာဘာမီးလောင်လို့ဆိုတာကို သူတို့ ဘယ်လို သိခဲ့ကြတာပါလဲ ? ဒုံးပျံစတက်သွားတဲ့အချိန်မှာပဲ ဒုံးပျံအင်ဂျင်ဘေးကနေ မီးခိုးတွေထွက်လာတာကို တွေ့ရလို့ သိခဲ့ကြတာပါ။ ဒုံးအင်ဂျင်ကထွက်တဲ့မီးခိုးက ဖြူနီရောင်ဖြစ်ပြီး၊ ရာဘာကို လောင်လို့ထွက်တဲ့ မီးခိုးက အမဲရောင်ဖြစ်တဲ့အတွက် မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတွေကနေ ခွဲခြားသွားနိုင်ခဲ့ကြတာပါ။ ထိုရှာဖွေဖော်ထုတ်မှုကနေမှ ဒုံးအင်ဂျင်ထုတ်ပေးတဲ့ ကုမ္ပဏီဟာ သူတို့ရဲ့ ဒုံးအင်ဂျင်အစိတ်အပိုင်းတွေ ဆက်တဲ့ကြားမှာခံတဲ့ ၀ါရှာလေးတွေမှာ ချို့ယွင်းချက် ရှိနေတာကို နဂိုကတည်းက သိရှိနေခဲ့တာကိုလည်း
ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ အဆိုးရွားဆုံး နောက်တစ်ခုကတော့ နာဆာတာဝန်ရှိသူတွေကြားမှာ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေဟာ (Decision Making Process) ထင်သလောက် အားမကောင်းတာကို တွေ့ရှိခဲ့ကြတာပါပဲ။ နာဆာဥက္ကဌနဲ့ ဒုံးအင်ဂျင်ထုတ်ပေးတဲ့ Thiokol တို့ရဲ့ ရင်းနှီးမှုကိုလည်း ပြစ်တင်ထောက်ပြကြပါတယ်။
(လုပ်ငန်းကြီးတစ်ခုလုပ်တဲ့အခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အရေးကြီးပါတယ်။ လုပ်ငန်းတစ်ခုကို ဘယ်လိုစဉ်းစားပြီး ဆုံးဖြတ်ရမယ်ဆိုတာ ပညာရှင်တွေဟာ သိရလိုက်နာရပါတယ်။ ဒါဟာ လိုက်နာရမယ့် ကျင့်ဝတ် (ethics) တစ်ခုပါပဲ။ )
အင်ဂျင်အောက်ဘက်နားမှာ မီးခိုးမဲလေးတွေထွက်နေတာကို မြင်နိုင်ပါတယ်

Challenger အာကာသယာဉ် ပျက်ကျမှုအတွက် အကြောင်းအရင်းကို ဖော်ထုတ်နိုင်ခဲ့သလို၊ ရှေ့လျှောက် လုပ်ငန်းစဉ်တွေမှာ ယခုကဲ့သို့ အမှားမျိုးမမှားအောင်လည်း Richard Feynman ပါဝင်တဲ့ Rogers Commission က အကြံပြုထောက်ပြ နိုင်ခဲ့ကြပါတယ်။ ထိုအချိန်ဟာ နာဆာအင်ဂျင်နီယာတွေအတွက် မျက်စိသငယ်၊ နားသငယ်နဲ့ သူများပြောသမျှ ခံခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ အဲ.. သူတို့ကလည်း တခြားသူကို အပြစ်တင်ခဲ့ကြပါတယ်။ သူတို့အပြစ်တင်တဲ့သူကတော့ ဒုံးပျံကိုထုတ်ပေးတဲ့ ဒီဇိုင်နာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်က ဒုံးပျံအင်ဂျင်ကို ရထားနဲ့ သယ်ဆောင်ရတာပါ။ အဲ့ဒီတုန်းက အမေရိကန်မှာရှိတဲ့ ရထားလမ်းတွေဟာ ဗြိတိသျှတို့ ဆောက်လုပ်ထားတဲ့ လမ်းတွေပါ။ ဗြိတိသျှတို့ရဲ့ ရထားလမ်း အကျယ်ကတော့ မြင်းနှစ်ကောင်ဆွဲတဲ့ ရောမမြင်းရထားကို အခြေခံထားတာဖြစ်တဲ့အတွက် အဲ့ဒီမြင်းရထား အကျယ်အတိုင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒုံးပျံအင်ဂျင်ကို အမှန်တကယ် ဒီဇိုင်းထုတ်ထားတဲ့သူကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

"The diameter of the shuttle rocket engines was designed by two horses asses"
" ဒုံးအင်ဂျင်ရဲ့ အကျယ်ဟာ မြင်းနှစ်ကောင် ဖင်ကလာတာပါ" လို့ ပြောကြဆိုကြပါတယ်။

အထက်ကစာကို လင်းရမယ်ဆိုရင် .. ဒုံးအင်ဂျင်ကို ရထားနဲ့သယ်ရတာဖြစ်တဲ့အတွက်၊ သံလမ်းရဲ့ ရှိနေတဲ့ အကျယ်ထက် အများကြီးပိုပြီး အချင်း (diameter) ကို ကြီးလို့မရပါဘူး။ ဒါ့ကြောင့် ဒုံးအင်ဂျင်ရဲ့ အချင်းကို သတ်မှတ်တာက ရထားလမ်း၊ ရထားလမ်းရဲ့ အကျယ်ကို သတ်မှတ်တာက ရောမမြင်းရထား၊ ရောမမြင်းရထားရဲ့ဘီးနှစ်လုံးက မြင်းနှစ်ကောင်ဖင်နှစ်ခုကြားမှာ မဟုတ်လားဗျာ။ ဒါ့ကြောင့် ဒုံးအင်ဂျင်ကို တကယ် ဒီဇိုင်းလုပ်ခဲ့သူကြီးကတော့ မြင်းနှစ်ကောင်ရဲ့ ဖင်တွေပဲဖြစ်ပါတယ်လို့ ဟာသနှော ပြောလိုက်တာပါ။
               
       ရွှင်ပြုံးနိုင်ကြပါစေဗျာ !

(ဒီဟာသလေးကတော့ ၁၉၇၀ - ၈၀ တစ်ဝိုက် NASA အင်ဂျင်နီယာတွေထဲက ပထမအဆင့် ဒုံးအင်ဂျင်ကို
အရည်နဲ့ (Liquid Rocket Booster) သုံးချင်တဲ့သူတွေက အခဲ (Solid Rocket Booster) သုံးချင်တဲ့သူတွေကို နှိပ်ကွပ်တဲ့အနေနဲ့ ပြောတဲ့ ဟာသဖြစ်ပါတယ်။)



မောင်မျိုး(စက်မှု)



1 comment:


  1. I don't even know how I finished up here, however I assumed this publish used to be great. I don't recognise who you're but certainly you're going to a famous blogger should you aren't already. Cheers! hotmail sign in

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...