Tuesday, December 31, 2013

ကမ္ဘာ့အကောင်းဆုံးပြိုင်ကား Bugatti Veyron ကို အထာကျစေတဲ့ဆရာ

Forbes မဂ္ဂဇင်းကြီးကနေ ကမ္ဘာ့အချမ်းသာဆုံးလူတွေ-ဘီလျံနာတွေ၊ သန်းကြွယ်သူဌေးတွေရဲ့ စာရင်းကို နှစ်စဉ်ထုတ်ပြန်ပေးလေ့ရှိပါတယ်။ အဲ့ဒီ ဘီလျံနာ၊ မီလျံနာဆိုသူတွေဟာ သူတို့ရဲ့ ကြွယ်ဝမှုကို ပြသတဲ့အနေနဲ့ လေယာဉ်ပျံတွေ၊ အပျော်စီးသင်္ဘောတွေ၊ မော်တော်ကားအကောင်းစားတွေကို ၀ယ်စီးလေ့ရှိကြပါတယ်။ ဒီလို သူဌေးသူကြွယ်တွေ မျက်စိကျကာ လိုချင်တပ်မက်စွဲလန်းခဲ့ကြသော ပြိုင်ကားတစ်စီးကိုတော့ Bugatti ကနေ ထုတ်ဖော်ပြသခဲ့ပါတယ်။ Bugatti ကားထုတ်လုပ်ရေးကို စတင်တည်ထောင်သူကတော့ အီတာလျံဖွား Bugatti ပါ။ သူဟာ ထိုကုမ္ပဏီကို ပြင်သစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အခုတော့ ဒီကုမ္ပဏီကို ဂျာမနီက Volkswagon ကနေ၀ယ်ပြီး ပြိုင်စံရှားတဲ့ ပြိုင်ကားတွေကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။


သူတို့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Bugatti Veyron ကတော့ လမ်းပေါ်သွားလာနေတဲ့ ကားတွေထဲမှာ အမြန်ဆုံးဆိုတဲ့ စံချိန်ကို ဧပြီ ၆ ရက် ၊ ၂၀၁၃ ခုနှစ်မှာ တစ်နာရီလျှင် ကီလိုမီတာ ၄၀၈.၈၄ (၂၅၄.၀၄ မိုင်) နဲ့ ရယူခဲ့ပါတယ်။ ဒါဟာ တခြားပြိုင်ကားတွေထက် ၂ဆ၊ သာမာန်ကားတွေရဲ့ ၅ ဆခန့်ရှိပါတယ်။ ဒီလို ပြိုင်စံရှားတဲ့ကားတစ်စီးရဲ့ တန်ကြေးဟာလည်း ဒေါ်လာ ၂ သန်းခန့်အထိ ဈေးရှိပြီး တော်ရုံသန်းကြွယ်သူဌေးလေးတွေတောင် မကပ်နိုင်တဲ့ အခြေအနေပါပဲ။ ဘာ့ကြောင့် ဗျူဂတ်တီဟာ ဒီလောက်ထိ ဈေးကြီးတဲ့ ကားတစ်စီးဖြစ်လာရတာပါလဲ ? တခြားကားတွေ ဒေါ်လာသိန်းဂဏန်းအနည်းငယ်သာ ဈေးခေါ်ရဲတဲ့အချိန်မှာ သူကသန်းကျော်ကားတစ်စီးအဖြစ် အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာ ဘာ့ကြောင့်လဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုပါပဲ။ ကဲ.. ဘာကြောင့်များ ဗျူဂတ်တီဟာ တခြားကားတွေကို ကျော်လွန်တဲ့ Super Sports Car ဖြစ်ခဲ့တာလဲဆိုတဲ့အချက်ကို တူးဖော်ကြည့်ကြရအောင်လား....

ဒီကားကို စတင်ဆောက်လုပ်ဖို့ ဆွေးနွေးတိုင်ပင်ကြတဲ့အချိန်မှာ အင်ဂျင်နီယာတွေဟာ သူတို့ကားကို အမြန်ဆုံးကားတစ်စီးဖြစ်ချင်ခဲ့ကြပါတယ်။ ကားမြန်ဖို့အတွက် လိုအပ်တဲ့ပါဝါကို အင်ဂျင်ကနေပဲရပါတယ်။ ဒါ့ကြောင့် သူမတူအောင်ကောင်းတဲ့ လောင်ကျွမ်းအားမြင့်တဲ့ အင်ဂျင်သစ်တစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ယခင်က စလင်ဒါ ၈လုံးတပ် V8 အင်ဂျင်အစား၊ V8 နှစ်လုံးကိုပေါင်းကာ W16 ဆိုတဲ့ W ပုံသဏ္ဍန် စလင်ဒါ ၁၆ လုံးတပ် အင်ဂျင်ကို တီထွင်ခဲ့ပါတယ်။ ဒါဟာ ၂၁ ရာစု၊ ကားလောကအတွက် ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီအင်ဂျင်ကို လူစီးကား လှလှလေးပေါ်မှာ အံဝင်ဂွင်ကျဖြစ်အောင်လည်း ဘက်စုံထောင့်စုံ ကြိုးစားခဲ့ကြရပါတယ်။ အင်ဂျင်ကြီးပြီး ဆီများများလောင်ကျွမ်းနိုင်ဖို့အတွက် လိုအပ်တဲ့လေရဖို့ကိုတော့ Turbocharging နည်းပညာကို သုံးခဲ့ကြပါတယ်။ ဆီနဲ့အတူ လောင်ကျွမ်းဖို့ လိုအပ်တဲ့လေရရှိဖို့အတွက် Turbocharger လေးလုံးအထိကို သုံးခဲ့ရတယ်လို့ဆိုပါတယ်။ ဒီလိုကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ်တွေကြောင့်ပဲ ဗျူဂတ်တီအင်ဂျင်ဟာ မြင်းကောင်ရေ ၁၀၀၁ အထိ ထုတ်လုပ်ပေးနိုင်ကာ ကမ္ဘာ့အမြန်ဆုံး ကားတစ်စီးဆိုတဲ့ ဂုဏ်ဒြပ်ကို ပိုင်ဆိုင်စေခဲ့ပါတော့တယ်။ ဗျူဂတ်တီရဲ့ အောင်မြင်မှုအတွက် အဓိကကျတာက သူ့ရဲ့ အင်ဂျင်လား၊ ဘယ်အရာက အရေးအကြီးဆုံးလဲဆိုတော့.. ဗျူဂတ်တီအင်ဂျင်နီယာများရဲ့ အဖြေကတော့ အားလုံးတစ်ထပ်တည်းပါပဲ။ ဒီကားဖြစ်ပေါ်လာဖို့အတွက် အခက်ခဲဆုံးကတော့ အေရိုဒိုင်းနမစ်(Aerodynamics) လို့ခေါ်တဲ့  လေကြောင်းပညာရပ်ပဲဖြစ်ပါတယ်လို့ အဖြေပေးခဲ့ကြပါတယ်။


ဗျူဂတီကား အောင်အောင်မြင်မြင်ဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက် ကားအင်ဂျင်နီယာတွေဟာ လေကြောင်းပညာရှင် (Aerospace Experts) တွေနဲ့ အတူတူ သုတေသနပြု ဆောင်ရွက်ခဲ့ကြရပါတယ်။ ဘိုးအင်း ၇၄၇ လေယာဉ်ကြီး ကောင်းကင်ယံကို ပျံတက်ဖို့ အရှိန်ယူတဲ့အမြန်နှုန်းထက် ပိုပြီးမြန်ဆန်နေတဲ့ ဒီကားလေး မြေပြင်ပေါ်မှာ ၀ပ်နေစေဖို့အတွက် အရေးအကြီးဆုံးကတော့ လေကြောင်းပညာရပ် (Aerodynamics) ပါပဲ။ လေကြောင်းဒီဇိုင်းတစ်ချက်မှားတာနဲ့ ဒီကားငယ်လေးဟာ လေယာဉ်ကြီးကောင်းကင်ပျံတက်တဲ့ အားနဲ့ ပြေးလမ်းပေါ်ကနေ ဆွဲလှန်ပစ်ခြင်းကို ခံလိုက်ရမှာ အသေအချာပါပဲ။ ဒါ့ကြောင့် လေကြောင်းပညာရှင်တွေနဲ့ ဒီဇိုင်းပညာရှင်တွေဟာ ဗျူဂတ်တီလေး လိုအပ်တဲ့ အောက်ဆွဲအား (Down Force) ရဖို့အတွက် သေသေချာချာ ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ကြပါတယ်။

Exterior Beauty and Aerodynamic Design- လူတွေဝယ်ချင်အောင် အပြင်ပန်းဆိုင်ရာ ဆွဲဆောင်မှုရှိအောင် ဒီဇိုင်းဆွဲရသလို၊ လေကြောင်းပညာ အမှားအယွင်းမရှိအောင်လည်း ဂရုစိုက်ခဲ့ကြရပါတယ်။ ဒါ့အပြင် ဗျူဂတီရဲ့ ကြီးမားလှတဲ့ အင်ဂျင်ကြီးကိုလည်း ကားတွေမှာသုံးတဲ့ စတီးကို မသုံးဘဲ လေယာဉ်တွေမှာသုံးတဲ့ တိုင်တေနီယမ်ကိုအသုံးပြုထားပါတယ်။ အင်ဂျင်တွေပဲလားဆိုတော့ မဟုတ်ပါဘူး.. ကားဘော်ဒီဆိုရင် လေယာဉ်တွေမှာသုံးတဲ့ ကာဗွန်ဖိုက်ဘာ၊ တခြားအစိတ်အပိုင်းတွေကလည်း တိုင်တေနီယမ်တွေနဲ့သာ အသုံးပြုတည်ဆောက်ထားပါတယ်။ ဒါ့ကြောင့် ဗျူဂတ်တီဟာ ကားတစ်စီးဆိုတာထက် မြေပြင်မှာသွားနေတဲ့ လေယာဉ်ပျံလေးလို့ တင်စားလို့ရပါတယ်။

ကမ္ဘာ့အမြန်ဆုံးကားလေးဖြစ်ဖို့အတွက် ဗျူဂတ်တီရဲ့ အင်ဂျင်နဲ့ လေကြောင်းပညာအရ တည်ဆောက်ထားတဲ့ သူ့ရဲ့ အပြင်ပုံစံလေးကတင်ပဲ ပံ့ပိုးပေးခဲ့တာလားဆိုတော့ မဟုတ်ပြန်ပါဘူး... သူ့ရဲ့ နောက်ထူးခြားချက်တစ်ခုကတော့ ကားနောက်မှာပါတဲ့ အတောင်ပံလေးပါပဲ။ ဒီအတောင်ပံလေးဟာ ကားရဲ့အမြန်နှုန်းပေါ်မူတည်ပြီး သူ့ရဲ့ အနိမ့်အမြင့်ကို Sensor ကနေတစ်ဆင့် အမြဲထိန်းကြောင်းပေးနေတာပါ။ သူ့ရဲ့ အမြန်နှုန်းပေါ်မူတည်ပြီး ကားပေါ်က လေစီးဆင်းမှုကို အကောင်းဆုံးဖြစ်အောင် (ဥပမာ- နောက်ဆွဲအား ,Drag အနည်းဆုံးဖြစ်အောင်၊ တည်ငြိမ်မှုကောင်းအောင်) ထိန်းကြောင်းပေးတဲ့သဘောပါ။ ဒီလို ပြိုင်ဘက်ကင်းလှတဲ့ လေကြောင်းပညာရပ်တွေကို အသုံးချထားတဲ့အတွက် ဗျူဂတ်တီလေးဟာ ပြေးလမ်းပေါ်မှာ အစဉ်တည်ငြိမ်နေပြီး အင်ဂျင်ကပေးတဲ့ အားကို အကောင်းဆုံးအသုံးချကာ အမြန်ဆုံးနှုန်းနဲ့ ပြေးနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအံ့အားသင့်ဖွယ်အချက်ကတော့ နောက်က တောင်ပံလေးဟာ ဗျူဂတ်တီကားလေး သူ့ရဲ့ အမြန်ဆုံးနှုန်းနဲ့မောင်းနှင်နေရာကနေ လုံးဝရပ်တန့်သွားအောင် ဘရိတ်အုပ်ရာမှာ လေယာဉ်တွေမှာ သုံးတဲ့ Air Brake အနေနဲ့ ပါဝင်ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။ သူဟာ ဘရိတ်အုပ်လိုက်တဲ့အခါ နောက်မြီးကနေ လုံးဝ ထောင်တက်လာပြီး ကားရဲ့အရှိန်သုံးပုံတစ်ပုံကို ရပ်တန့်ဖို့ အားထည့်ပေးပါတယ်။ ကျန်တဲ့သုံးပုံနှစ်ပုံကိုတော့ Mechanical Brake ဖြစ်တဲ့ ကားဘီးတွေကနေ ရပါတယ်။ ကြီးမားလှတဲ့ အင်ဂျင်ကြီး လိုအပ်တဲ့ လေရဖို့အတွက်၊ အပူလျှော့ချဖို့အတွက်လည်း လေကြောင်းပညာရှင်တွေဟာ ဗျူဂတီလေးရဲ့ နောက်နား အပေါ်နဲ့ဘေးဘက်တွေမှာ  အခေါင်း (Duct)လုပ်ထားပြီး အင်ဂျင်ထဲကို ဆွဲသွင်းစေပါတယ်။ နောက်ဘီးရှေ့နားက အခေါင်းလေးတွေကတော့ ကားနောက်ဘီးကို အေးမြအောင် ဆောင်ရွက်ရာမှာလည်း အသုံးဝင်စေပါတယ်။

ကားတွေအတွက် လေကြောင်းပညာရပ် (Aerodynamics) ဟာ မရှိမဖြစ် အရေးပါတဲ့အရာဆိုတာကို သိရှိပြီး ကားကုမ္ပဏီတိုင်းဟာ လေဟုန်ဥမင် (Wind Tunnel) များ၊ ကွန်ပြူတာ အသုံးပြုကာ လေစီးဆင်းမှု တွက်ချက်ခြင်းများ (CFD) ကို အသေအချာ ပြုလုပ်လေ့ရှိပါတယ်။ အောင်မြင်နေတဲ့ ကားကုမ္ပဏီတိုင်းမှာ အကောင်းစား လေဟုန်ဥမင်ကြီးများ ကိုယ်စီ ပိုင်ဆိုင်ကြပါတယ်။ ကားတွေနဲ့ ပက်သက်တဲ့ လေကြောင်းပညာရပ်တွေရဲ့ စမ်းသပ်ရာမြေပြင်ကတော့ Formula One ကား ပြိုင်ပွဲပါပဲ။ အဲ့ဒီပြိုင်ပွဲတွေကနေ ရလာတဲ့ အတွေ့အကြုံတွေ တွေ့ရှိချက်တွေကို ယနေ့ ကျွန်တော်တို့ စီးနင်းနေကြတဲ့ ကားတွေမှာ ပြန်လည်အသုံးချကာ လေခွင်းအားကောင်းမွန်သော (Aerodynamically Efficient) ကားများကို တီထွင် ထုတ်လုပ်လာနိုင်ခဲ့ကြတာဖြစ်ပါတယ်။

မောင်မျိုး(စက်မှု)




No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...