Monday, December 30, 2013

တံတားဆောက်ရာမှာ လေကြောင်းပညာအရေးပါမှုကို အသိအမှတ်ပြုစေခဲ့တဲ့ Tacoma Narrow Bridge ပြိုပျက်မှုအဖြစ်အပျက်

အမေရိကန်၊ ၀ါရှင်တန်ပြည်နယ်မှာ ၁၉၄၀ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Tacoma ကြိုးတံတားဟာ ပုခက်လွှဲသလို တဖြည်းဖြည်းလှုပ်ရမ်းနေကာ ဆောက်လုပ်ပြီး ၄ လအကြာမှာပဲ ပြိုပျက်သွားခဲ့ပါတယ်။ ဒီတံတားဘာ့ကြောင့်ပျက်ကျရသလဲဆိုတာကို လေ့လာကြည့်တဲ့အခါမှာ လေ၀ဲဂယက်ငယ်လေးတွေကြောင့် (Vortex induced vibration) ဖြစ်ပေါ်လာတဲ့ တုန်ခါမှုကြောင့်လို့သိရှိခဲ့ကြပါတယ်။ လေစီးကြောင်းဟာ တံတားကို ကန့်လန့်ဖြတ်တိုက်တဲ့အခါ တိုက်ခတ်လာတဲ့လေဟာ တံတားဘေးဘောင်ကိုဖြတ်တဲ့အခါ ၀ဲဂယက်ငယ်လေးတွေဖြစ်ပေါ်စေပါတယ်။ ဒီဝဲဂယက်ငယ်လေးတွေကြောင့် တံတားရဲ့ အပေါ်နဲ့အောက် ဖိအားမညီမျှမှုကို ဖြစ်ပေါ်စေပါတယ်။ သဘာဝအရ ဖိအားများတဲ့ဘက်ကနေ နဲတဲ့ဘက်ကို တွန်းအားဖြစ်ပေါ်စေပါတယ်။ ဒီလိုနဲ့ ရှည်လျားတဲ့ တံတားတစ်လျှောက်မှာ ဖိအားမညီမျှမှုတွေအမျိုးမျိုးဖြစ်ပေါ်နေပြီး တံတားကြီးကို တဖြည်းဖြည်းလှုပ်ခါစေပါတော့တယ်။ နောက်ဆုံးမှာတော့ လေယာဉ်တွေမှာတွေ့ရတဲ့ Flutter သဘောတရားအတိုင်း တံတားကြီးဟာ ပျက်စီးသွားပါတော့တယ်။ ထိုအချိန်ကစလို့ အမေရိက အင်ဂျင်နီယာများဟာ တံတားများနဲ့ပက်သက်တဲ့ လေကြောင်းသုတေသနလုပ်ငန်းများကို(Bridge Aerodynamics) အလေးပေးလုပ်ဆောင်ခဲ့ကြပါတယ်။ (ဒုတိယဖြေရှင်းချက်တစ်မျိုးကတော့ Karman Vortex Shedding ကြောင့် တံတားကြီးတုန်ခါစေပြီး၊ တံတားရဲ့ တုန်ခါမှုနှုန်း(oscillating frequency) နဲ့ မူလခုန်နှုန်း (natural frequency) တို့ ထပ်တူကျသွားတဲ့အခါမှာတော့ ထိန်းမနိုင်သိမ်းမရ (resonance) ဆိုတဲ့သဘောတရားကြောင့် တံတားကြီး ပြိုကျခဲ့တယ်လို့ဆိုပါတယ်) မည်သို့ပင်ဆိုစေကာမူ အခြေခံအအကြောင်းအရင်းကတော့ လေကြောင်းပညာရပ် (Aerodynamics) ကြောင့်ဆိုတာကို သိရှိသွားပြီး နောင်ဆောက်လုပ်ခဲ့ကြတဲ့ တံတားအသီးသီးမှာ လေကြောင်းပညာရပ်ဟာ ထိပ်ဆုံးကထည့်သွင်းစဉ်းစားစရာတစ်ခုဖြစ်ခဲ့ပါတော့တယ်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...