Tuesday, January 7, 2014

ကိုရီးယားမှာ လျှပ်စစ်ပစ္စည်း ၀ယ်မယ်ဆိုရင်


 
ဆိုးလ်၊ ယုန်ဆန်မှာရှိတဲ့ ကွန်ပြူတာ အရောင်းဆိုင်တစ်ခုက မပြန်ခင် လက်ဆောင်ပေးချင်လို့ လာဖြစ်အောင်လာခဲ့ပါဦးဆိုတာနဲ့ တနေ့က ရောက်ဖြစ်ခဲ့တယ်။ လူပျိုတုန်းက စနေညဆိုရင် ဘုန်းကြီးကျောင်းမှာ သွားအိပ်တတ်ပြီး၊ တွေ့သမျှမြန်မာတွေနဲ့ စကားပြောကာပျော်ပျော်နေလေ့ရှိတယ်။ အဲ့ဒီမှာခင်မိတဲ့ တော်တော်များများက စက်ပစ္စည်းနားမလည်ကြတဲ့အတွက် ...သူတို့လိုချင်တဲ့ပစ္စည်းတွေကို လိုက်ဝယ်ပေးပါဦးလို့ အကူအညီတောင်းလေ့ရှိလို့ ဒီနေရာကို အရင်ကဆိုရင် ကင်မရာ၊ ကွန်ပြူတာ၊ တီဗွီစသဖြင့်ဝယ်ဖို့ အပတ်တိုင်းရောက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ကျောင်းကိစ္စအရေးကြီးတာနဲ့ မကူညီပေးနိုင်တာများတယ်။ ဒါ့ကြောင့် ကိုရီးယားမှာ အထူးသဖြင့် ကွန်ပြူတာဘယ်လို ၀ယ်ရမယ်ဆိုတာကို ရေးမယ်လို့စိတ်ကူးထားခဲ့တာ ဒီနေ့တော့ အကြမ်းဖြင်းသတိထားရမှာလေးတွေ ရေးကြည့်ပေးထားပါတယ်။

ကိုရီးယားဟာ အီလက်ထရောနစ်ထိပ်တန်းနိုင်ငံဖြစ်ပေမယ့် သူ့နိုင်ငံမှာ ဈေးဝယ်ရတာ ထင်သလောက် မလွယ်ကူပါဘူး။ ဆိုင်ကြီးတွေမှာ ဒီအတိုင်း သွားဝယ်မယ်ဆိုရင် သေချာပေါက် ဈေးအများကြီးပိုပေးရပါလိမ့်မယ်။ သူတို့နိုင်ငံသားတွေအတွက်ပဲ ဆိုင်ကြီးတွေပေါ်မှာ ၀ယ်လို့ကောင်းတာပါ။ ဒါတောင် သူတို့သတ်မှတ်ထားတဲ့ကဒ်အမျိုးအစားတွေ၊ ဈေးဝယ်ကူပွန်တွေ၊ ပွိုင့်စနစ်တွေနဲ့ ရှုပ်ယှက်ခတ်နေပါတယ်။ ကိုရီးယားမှာက လုပ်ငန်းကြီးတော်တော်များများကို အဖွဲ့ကြီး နှစ်ခု၊ သုံးခုလောက်ကပဲ လက်ဝါးကြီးအုပ်လုပ်ကိုင်နေကြတာပါ။ ဒါ့ကြောင့် သူတို့အဖွဲ့နဲ့ သက်ဆိုင်တဲ့ ဆိုင်တွေမှာပဲ မ၀ယ်ဝယ်အောင် အမျိုးမျိုး လုပ်ထားကြတာပါ။

အဲ့ဒီတော့ နိုင်ငံခြားသားတွေအတွက်တော့ တခြားနေရာတွေကို ရွေးချယ်ဝယ်ယူရပါတယ်။ အဓိကကတော့ အစိုးရရဲ့ အခွန်ကို ရှောင်နိုင်တဲ့ ဆိုင်တွေပေါ့။ အဲ့ဒီလိုဆိုင်တွေ စုပေါင်းဖွင့်ထားတဲ့ ယုန်ဆန်က စူပါမားကတ်ကတော့ နိုင်ငံခြားသားတွေ သွားရောက်ဝယ်ယူလေ့ရှိတဲ့ နေရာတစ်ခုပေါ့။ ရှေ့ဆက်ပြီး ကွန်ပြူတာတစ်လုံး ဘယ်လိုဝယ်မယ်ဆိုတာကို ဦးတည်ရေးသားသွားပါမယ်။ တခြားပစ္စည်းတွေ ၀ယ်မယ်ဆိုလည်း ဒီအတိုင်းပဲ သိပ်ပြီးမထူးခြားတာမို့ ဒီတစ်ခုပဲ ဥပမာပေးရေးသားပါမယ်။

ကွန်ပြူတာဝယ်တော့မယ်ဆိုရင် ငါးလွှာမှာဝယ်ရပါမယ်။ ဆိုင်တွေအများကြီးရှိပါမယ်။ ကိုယ်လိုချင်တဲ့ တံဆိပ်ရောင်းတဲ့ဆိုင်တွေကို လိုက်လံဈေးမေးပါ။ ဈေးမေးတဲ့အခါမှာ ဘဏ်ကဒ်နဲ့မဟုတ်၊ ငွေသားနဲ့ပေးချေရင် ဘယ်လောက်လဲလို့မေးပါ။ ငွေသားနဲ့ပေးမှ သူတို့က အစိုးရအခွန်ရှောင်လို့ရပါမယ်။ ငွေသားနဲ့ပေးချေပါက အနဲဆုံးဒေါ်လာ ၇၀ လောက် သက်သာပါတယ်။

ကွန်ပြူတာရဲ့ ပရိုဆက်ဆာတွေဟာ အခုဆိုရင် i3,i5,i7 ဆိုတဲ့နာမည်တွေနဲ့လာပါတယ်။ ဒီဂဏန်းတွေအပြင် နောက်ထပ်သတိထားရမှာက အခုအချိန်မှာ ဒီပရိုဆက်ဆာတွေဟာ မျိုးဆက် လေးခုမြောက်ကိုရောက်နေပြီဆိုတာပါပဲ။ ဆိုင်တွေက ဒီနာမည်တွေပဲပြောပြီး ဈေးသက်သာတယ်ထင်အောင်ပြောပါလိမ့်မယ်။ ဒါဆိုရင်တော့ အဲ့ဒီသူတို့ပြောတဲ့ i3, i5, i7 ပရိုဆက်ဆာတွေဟာ ဟိုးအရင်ထွက်ခဲ့တာတွေဖြစ်ဖို့များပါတယ်။ 4th generation ပရိုဆက်ဆာ ဟုတ်မဟုတ်ကို ထိုနာမည်များရဲ့နောက်ကစာကိုကြည့်ပြီးသိနိုင်ပါတယ်။ ထိုနောက်ကဂဏန်းဟာ 4th gen ဆိုရင် ၄ နဲ့စရပါမယ်။ ဥပမာ - i7 4th gen ပရိုဆက်ဆာဆိုပါက i7-4700 စသဖြင့် နံပါတ် ၄ နဲ့စရပါမယ်။ အဲ့ဒါလေးကို သတိထားရပါမယ်။ ဒါက လိမ်လို့အကောင်းဆုံးနဲ့ အလိမ်အခံရဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ကွန်ပြူတာ နဲနဲသိတဲ့သူက အိုင်၃.. အိုင်၅ ကြားဖူးရုံနဲ့ သွေးနားထင်ရောက်ပြီးလာတဲ့အခါ ဆိုင်ရှင်ကသိပြီး အသာနှပ်သွားတတ်တာမို့ပါ။ တခြား RAM ကတော့ 4G, 8G စသဖြင့် နှစ်သက်ရာဝယ်ပါ။ တကယ်တော့ RAM မှာလည်း အသေးစိတ်သိစရာတွေရှိပါတယ်။ နောက်တစ်ခုက Hard Disk ပါ။ သူကတော့ 500 GB, 1000Gb=1TB စသဖြင့် ကြိုက်နှစ်သက်ရာဝယ်နိုင်ပါတယ်။ သတိထားရမှာက အခုနောက်ပိုင်းမှာ Hard Disk နည်းပညာတစ်မျိုးပေါ်လာပါတယ် သူကတော့ SSD လို့အတိုကောက်ခေါ်ပါတယ်။ အဲ့ဒီ Hard Disk က ဈေးတော်တော်ကြီးပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် သူက ပိုပြီးမြန်တယ်ပေါ့။ နောက်ထွက်တဲ့ကွန်ပြူတာတွေမှာ သူချည်းသက်သက်မဟုတ်တောင်၊ ဟက်ဒစ်ကို သူနဲ့၊ ရိုးရိုးဟက်ဒစ်နဲ့ နှစ်မျိုးတွဲလာတာများပါတယ်။ အဲ့ဒါမျိုးလေးတွေက ဈေးနဲနဲပိုနေတတ်ပါတယ်။

နောက်ဆုံးတစ်ချက်ပြောချင်တာကတော့ ကိုရီးယားဆိုင်တွေက ကွန်ပြူတာအဟောင်းတွေကို ရောရောင်းတတ်ပါတယ်။ နောက်ပြီး Refurbished တွေကို အသစ်တွေဆိုပြီး အသစ်ဈေးနဲ့ရောင်းတတ်ပါတယ်။ Refurbished ကွန်ပြူတာ ဆိုတာဟာ ၀ရမ်တီကာလအတွင်းမှာ တစ်ခုခုချို့ယွင်းလို့ ၀ယ်သူကို အသစ်နဲ့ပြန်လဲလှယ်ပေးလိုက်ရတဲ့ ကွန်ပြူတာအဟောင်းကို၊ ပျက်တဲ့ပစ္စည်းနေရာမှာ ပစ္စည်းအသစ်အစားထိုးပြီး ကုမ္ပဏီက ဈေးကွက်ကိုပြန်ပို့လိုက်တဲ့ပစ္စည်းမျိုးပါ။ မသိရင်သူက လုံးဝ အသစ်ပါပဲ။ ဆိုင်တော်တော်များများက အဲ့ဒါတွေ ထိုးထည့်ပေးတတ်ပါတယ်။ ဒါ့ကြောင့်ကိုယ်က ပစ္စည်းမေးရင် ဒါက New လား Refurbished လားလို့ သေချာမေးရပါမယ်။ Refurbished ပစ္စည်းဆိုရင် ၀ရမ်တီက လပိုင်းပဲရပါတယ်။ အသစ်ဆိုရင် တချို့ဆို ၃ နှစ်ထိရတတ်ပါတယ်။ ၀ရမ်တီဘယ်လောက်လဲဆိုတာ မေးကြည့်ရင်လည်း သိနိုင်ပါတယ်။ Refurbished ကြီးကို New ပါဆိုပြီး ပေါ်တင်လိမ်တဲ့ဆိုင်တွေလည်း ရှိပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ Product line နဲ့ ရှိသင့်တဲ့ဈေးနှုန်းကိုသိနေမှ ခွဲလို့ရပါမယ်။ ရီဖားဘစ်ရှ်တွေကို လှိမ့်ရောင်းတဲ့ဆိုင်တစ်ဆိုင်က ကုလားတွေနဲ့ အမြဲတမ်းလူစည်နေတတ်ပါတယ်။ ဈေးသက်သာတယ်ဆိုပြီး ၀ယ်ဝယ်နေကြပုံပါပဲ။ ကိုယ့်လူတွေတော့ အ၀ယ်မမှားရအောင် သတိရတုန်းလေး သိတာလေးရေးပေးထားတာပါ။ အဆင်ပြေကြပါစေ။
 

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...