Friday, January 17, 2014

ကိုရီးယားနိုင်ငံရဲ့ ရေချိုးခန်း ယဉ်ကျေးမှု


ကိုရီးယားနိုင်ငံတွင် မြန်မာတို့အတွက် အထူးအခက်အခဲဖြစ်စေတဲ့ ယဉ်ကျေးမှုတစ်ခုရှိပါတယ်။ ဒါကတော့ ရေချိုးခန်းသွားတဲ့ ယဉ်ကျေးမှုပါပဲ။ ရေချိုးခန်းဆိုတာကတော့ ကိုရီးယားနိုင်ငံမှာ ရာသီဥတုက အေးတဲ့အတွက် ချွေးမထွက်တာကို ချွေးထုတ်ဖို့အတွက် အဓိက သွားတဲ့နေရာတစ်ခုပါ။
အဲ့ဒီထဲမှာ အပူချိန် အမျိုးမျိုးပေးထားတဲ့ အခန်းတွေရှိပါတယ်။ ဥပမာ- ၄၀၊၆၀၊၇၀ ဒီဂရီစင်တီဂရိတ် စသဖြင့် ပေးထားတဲ့အခန်းတွေရှိပါတယ်။ မိမိကြိုက်တဲ့အခန်းထဲဝင်ပြီး ချွေးထုတ်ရုံပါပဲ။ စ၀င်ကတည်းက ငွေပေးပြီးတာနဲ့ အင်္ကျီတစ်စုံစီ၊ မျက်နှာသုပ်ပ၀ါနှစ်ထည် ထည့်ပေးလိုက်ပါတယ် ချွေးထုတ်ပြီး သုပ်ဖို့ပါ။ အပူပေးထားတဲ့အခန်းတွေထဲ ၀င်ကာစမှာ တော်တော်နေလို့ ဆိုးပါတယ်။ အောက်ကပူ အပေါ်ကပူနဲ့ပါ။ သည်းခံပြီး တရားလေးမှတ်နေတဲ့အခါမှာ ခန္ဓာကိုယ်က ချွေးလေးတွေစို့လာပြီး နေလို့ကောင်းပါတယ်။

ဒီနေရာမှာ မြန်မာအယူအဆနဲ့ လုံးဝ ဆန့်ကျင်တဲ့ အပူအအေးပေးပုံတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ချွေးထုတ်ခန်းအပူကြီးထဲကနေ ထွက်လာပြီး ထွက်နေတဲ့ ချွေးတွေကို ခြောက်သွားအောင်သုတ်ပြီးတာနဲ့ ပူကျစ်နေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ကို အထက်က ပုံမှာပြထားတဲ့အတိုင်း လုံးဝအေးနေတဲ့ အခန်းထဲကို ၀င်ကြလေ့ရှိတာပါပဲ။ အစတုန်းကဆိုရင် အပူခန်းထဲက ထွက်လာပြီး အအေးခန်းထဲဝင်ဖို့ တော်တော်ကြောက်တာပါ။ အိမ်မှာဆိုရင် နေပူထဲကပြန်လာရင် ရေမကိုင်ရဘူးဆိုတာမျိုးက စိတ်ထဲမှာ စွဲနေတော့ ဖြစ်မှဖြစ်ပါ့မလား၊ ဦးနှောက်ကြောတွေဘာတွေများ ပြတ်သွားမလားဆိုပြီး စိုးရိမ်မိပါတယ်။ သူများတွေလည်း ၀င်ထွက်နေတာပဲ ဘာမှတော့ မဖြစ်လောက်ပါဘူးဆိုပြီး အရဲစွန့် ၀င်ကြည့်တဲ့အခါမှာတော့ တော်တော်လေး နေလို့ကောင်းတာကို တွေ့ရပါတယ်။ အညောင်းအညာ တော်တော်ပြေပါတယ်။

အေးတဲ့နေရာဒေသတွေမှာ ခုလို ချွေုးထုတ်ခန်းတွေရှိတာ တော်တော် ကောင်းပါတယ်။ မကောင်းတာကတော့ ရေချိုးတဲ့ နေရာပါပဲ။ ရေချိုးတဲ့ ရေနွေးကန် အခန်းကျယ်ကြီးတွေ ယောက်ျားလေးတစ်ခန်း၊ မိန်းကလေး တစ်ခန်း သီးသန့်စီရှိပါတယ်။ အဲ့ဒီမှာ ရေချိုးဖို့ကတော့ ဂျပန်ရေချိုးလို့ ကျွန်တော်တို့ခေါ်တဲ့ မိမွေးတိုင်းဖမွေးတိုင်း ချိုးရတာပါ။ လူတွေအားလုံး ဒီလိုပဲ ကိုယ်လုံးတီးတွေနဲ့ အေးအေးဆေးဆေး လုပ်စရာရှိတာ လုပ်နေကြတာပါ။ ကျွန်တော်တို့ပဲ အင်္ကျီဝတ်ကလေးတွေနဲ့ ဟိုသွားဒီသွားလုပ်နေတာကို အားလုံးက အထူးအဆန်းအနေနဲ့ ကြည့်တတ်ကြပါတယ်။ နေလာတာ ၅ နှစ်ရှိပြီး၊ အဲ့ဒီအခန်းတွေကို ဆယ်ခေါက်လောက် ရောက်ဖူးပါတယ်။ သို့သော် အဲ့ဒီလိုတော့ ခုထိ မနေရဲပါဘူး။ တချို့တွေကတော့ ရောမရောက် ရောမလို ကျင့်နိုင်ရမယ်ဆိုပြီး ပညာရှိပီသစွာ နေထိုင် ကျင့်ကြံနိုင်ကြပါတယ်။ ကျွန်တော်ကတော့ တတ်နိုင်သမျှ ရှောင်မယ်လို့
စိတ်ကူးထားသူပီပီ ခုထိ ရောမလို မကျင့်ကြံနိုင်ပါဘူး။

 အဲ့ဒီနေရာကို သူငယ်ချင်းတွေအများကြီး စုမိတဲ့အခါ စကားထိုင်ပြောစရာနေရာတစ်ခု အနေနဲ့ပဲ ရောက်ဖြစ်ပါတယ်။ သူက ယောက်ျားလေး၊ မိန်းကလေး အတူ စကားထိုင်ပြောလို့ရ၊ အိပ်လို့ရတဲ့ အခန်းကျယ်ကြီးတွေ ရှိပါတယ်။ ၀င်ကြေးကလည်း ဆယ်ဒေါ်လာခန့်ဆိုတော့ အပေါင်းအသင်းတွေ အများကြီးဆုံတဲ့အခါ မိုတယ်မှာမတည်းဘဲ အဲ့ဒီမှာ ၀င်နေလိုက်ကြတော့ အကုန်သက်သာတာပေါ့။ ကိုရီးယားလူမျိုးများလည်း ထိုကဲ့သို့ပဲ အသုံးချ ကြပါတယ်။ သူကလည်း ၀င်ပြီး နောက်တစ်ရက် ၁၂ နာရီမှ ထွက်လို့ရတာကိုး။ စားစရာသောက်စရာလည်း ၀ယ်လို့ရတော့ မိုတယ်တွေ ထက်တောင် အဆင်ပြေပါတယ်။

တချို့မြန်မာတွေကတော့ ခေတ်မမှီဘူး၊ ဒိတ်အောက်တယ် အပြောခံရမှာ ကြောက်တတ်ကြပုံပါပဲ။ မရဲတရဲနဲ့ပဲ ရောမလို ကြိုးစားနေကြပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ သူ့အတွေ့အကြုံကို ခုလို ပြောပြပါတယ်။ မဟန်ပါဘူး အောက်ကပူ အထက်ကပူနဲ့ကွာတဲ့။ ဘာတုန်း အောက်ကပူ အထက်ကပူကဆိုတော့.. ရေပူကန်ထဲဆင်းစိမ်တော့ အောက်ကကြမ်းခင်းကပူတော့ ကြာကြာ မနေနိုင်၊ မခံနိုင်လို့ထတော့ မျက်နှာပူရပြန်ပါရောတော့... အဲ့ဒီလို အဲ့ဒီလိုပါ။
တချို့ကတော့ ရောမလိုမကျင့်နိုင်တာကို ရှက်စရာလို့ မြင်ကြပါတယ်။ ကျွန်တော်ကတော့ ရှက်စရာလို့ မမြင်ပါဘူး၊ မြန်မာဆိုတာ ဒါမျိုးကို ရှက်တတ်တယ်ဆိုတာ သူတို့သိအောင် ပြခွင့်ရတဲ့အတွက် သူတို့နဲ့မတူညီတဲ့  ကိုယ့်လူမျိုးရဲ့  Identity လေးကို ပြခွင့်ရတဲ့အတွက် ဂုဏ်တောင်ယူပါသေးတယ်။

မောင်မျိုး

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...