Saturday, January 18, 2014

စာဖတ်ခြင်း အနုပညာ (သိမှုကိုထိန်းချုပ်ခြင်း)

မြန်မာလူမျိုးအများစုဟာ ငယ်စဉ်ကတည်းက မိဘများရဲ့ အိပ်ယာဝင်ပုံပြင်များနဲ့ ကြီးပျင်းလာခဲ့ကြရသလို လူကြီးမိဘများရဲ့ စာဖတ်ပါလို့ တိုက်တွန်းတဲ့ အသံတွေကိုလည်း အမြဲတစေ ကြားရလေ့ရှိပါတယ်။ ၀တ္ထု၊ ဖက်ရှင်ဖတ်သော စာဖတ်သူများ၊ ဂန္တ၀င်စာပေ၊ ဘာသာပြန်ကြိုက်သူများ၊ ဗဟုသုတဖြစ်ဖွယ်ကိုသာ ကြိုက်သောသူများ၊ စာအစုံ ဖတ်သောသူများဆိုပြီး လူအမျိုးမျိုးတွေ့ရတတ်ပါတယ်။ လူဆိုတာ နီးစပ်ရာ ပတ်ဝန်းကျင်ကိုလိုက်၍ ကာယဥာဏ ကြီးထွားတတ်ကြပါတယ်။ မိမိဖတ်လေ့ရှိတဲ့ စာအုပ်ဆိုတာဟာလည်း မိမိရဲ့ပတ်ဝန်းကျင်တစ်ခုလို ဖြစ်တဲ့အတွက် ကိုယ့်ဘေးနားက စာအုပ်ပေါ်လိုက်၍လည်း လူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်ထွန်းပေါ်ပေါက်လာတတ်ပါတယ်။

စာဖတ်ပြီး စကားများ ဟောင်ဖွာဟောင်ဖွာပြောကာ လူတွင်ကျယ်လုပ်တတ်လာသူတွေရှိသလို၊ စာဖတ်ပြီးမှ လိမ္မာယဉ်ကျေးပြီး သိမ်သိမ်မွေ့မွေ့ စကားပြောဆို ဆက်ဆံတတ်လာသူတွေလည်း ရှိပါတယ်။ လူအများရှေ့တွင် ဟောင်ဖွာဟောင်ဖွာဖြင့် သည်းထိတ်ရင်ဖိုများ၊ ထူးဆန်းစရာများကို အာပေါင်အာရင်းသန်သန်နဲ့ ပြောတတ်သူများကိုတော့ ကျောင်းသားလူငယ်များ သတိထားကာ ဆက်ဆံသင့်ပေသည်။ ထိုသို့သောသူများသည် ကြားဖူးနားဝများကို မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရသလို ဇာတ်လမ်းဆင်ကာ ပြောတတ်ဆိုတတ်ပါတယ်။

စာဖတ်သူများထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးအုပ်စုမှာ လူအများက "ဒီကောင်လေးက စာဖတ်လွန်ပြီး ဂေါက်နေတာ" ဟု အပြောခံရသော အုပ်စုဖြစ်သည်။ ထိုအုပ်စုသည် လူတော်တော်များများနှင့် သဟဇာတမဖြစ်သလို၊ ဘာသာမဲ့လိုလို ဘာလိုလိုနှင့် စကားလုံးကြီးများကို သုံးကာ ပြောဆိုတတ်သူများဖြစ်တတ်ပါတယ်။ ထိုအုပ်စုထဲမှလူများသည် အများအားဖြင့် ပညာတတ်များ ဖြစ်နေခြင်းကလည်း ပို၍ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ယေဘုယျအားဖြင့် ကောက်ချက်ချရမယ်ဆိုရင် ထိုကဲ့သို့သော သူများဟာ စာဖတ်ရာမှာ ရည်ရွယ်ချက်ကောင်းကောင်း မထားရှိခြင်းနဲ့၊ ကိုယ့်ဟာကို တတ်သိလှပြီထင်ပြီး အများတကာကို သူတို့လို မသိဘူးဆိုကာ မတူသလို မတန်သလို စိတ်မှာဖြစ်လာခြင်းကြောင့်ဖြစ်ပါတယ်။

တရားအားထုတ်ရာတွင် လူ့ရဲ့သီလ၊ သမာဓိ၊ ပညာအဆင့်ဆင့်မြင့်တက်သလို စာဖတ်ရာတွင်လည်း စိတ်အဆင့်ဆင့် မြင့်တက်ခြင်းသဘာဝ ရှိပါတယ်။ တရားအားထုတ်ရာတွင် မြင့်တက်လာသော စိတ်သဘာဝ အခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်ခြင်းမရှိပါက၊ လမ်းလွဲတတ်သလို စာဖတ်ရာတွင်လည်း ကိုယ်တတ်သိတာတွေကို လမ်းမှန်သို့ ထိန်းကြောင်း ပို့ဆောင်နိုင်ခြင်းမရှိပါက လမ်းလွဲကာ လောကကြီးနဲ့ သဟဇာတမဖြစ်ဘဲဖြစ်တတ်ပါတယ်။ တက်မပါသောလှေ(Ship without a rudder)ဟာ လိုရာခရီးကို မရောက်နိုင်သလိုဖြစ်တတ်ပါတယ်။

တခါက လူငယ်တစ်ယောက်က ဒီလိုပြောလာပါတယ်။ "ကျွန်တော် စာအုပ်တွေမြင်ရင်ကို ကြောက်နေတယ်အစ်ကိုရာ၊ ဒါတွေဖတ်ပြီး သူများတွေက ကိုယ့်ကိုလူလည်ကျတာတွေကို သိနေတော့ မခံချင်ဘူးဖြစ်ရော၊ ဘာမှမသိတာကမှ ကောင်းဦးမယ်ထင်ပါတယ်။ ကိုယ်ကသိလေ လူတွေနဲ့နေရတာ ခက်လေပါပဲအစ်ကိုရာ" လို့ပြောလာပါတယ်။ ခုခေတ်မှာ လူလည်ကျတတ်သူတွေကလည်း အရင်တုန်းကနဲ့မတူ အင်မတန်ပေါပါတယ်။ အထူးသဖြင့် လူငယ်တွေမှာ အတွေ့ရများတတ်ပါတယ်။ သူတို့ကိုယ်သူတို့ ခပ်ပါးပါးလေးဖြစ်ဖြစ် သူများဆီက သူလိုချင်တာကို အချိုသတ်ပြီး လူလည်ကျလိုက်ရတာကို သူတစ်ပါးကမသိဘူးဆိုပြီး ထိုကဲ့သို့ အမြဲလိုလုပ်တတ်တဲ့သူတွေပါ။ အဲ့ဒီပုံစံတွေ အတွေ့ရများပြီး မသိချင်ယောင်ဆောင်ပေးရတာ တော်တော်ခက်ခဲတဲ့ ကိစ္စပါ။

လူဆိုတာမျိုးက ကိုယ်သိတာကို ပြောချင်ဆိုချင်ကြတာပါ။ ကိုယ့်အပေါ်လူလည် ကျတာဆိုရင်တော့ ပြောမနေနဲ့တော့ပေါ့။ ပက်ခနဲ ပြန်ပြောလိုက်ချင်တဲ့ အမျိုးတွေပါ။ သို့သော်လည်း ကိုယ်သိတာမြင်တာတွေကို မပြောမဆိုဘဲ ထိန်းသိမ်းနိုင်တာ၊ ပြောသင့်တဲ့အချိန်မှ ပြောသင့်တဲ့စကားကို ပြောဆိုခြင်းဟာ ပညာပဲဆိုတာကို စာဖတ်သူတွေ အနေနဲ့ သတိထား နှလုံးသွင်းသင့်ပါတယ်။ ခေတ်အဆက်ဆက်က စာဆိုက၀ိတွေဟာ လူငယ်တွေ စာဖတ်ကြပါဆိုပြီး တိုက်တွန်းကြပေမယ့် ဘယ်လို ဖတ်ရမယ်ဆိုတာမျိုးကိုတော့ မပြောခဲ့ကြပါဘူး။ ဖတ်တာများလာရင် သူ့ဟာသူ လမ်းကြောင်းမှန်ပေါ် ရောက်သွားမှာပဲဆိုပြီး တွေးခဲ့ကြပုံပါပဲ။ သို့သော် စာကိုဖတ်ပင်ဖတ်သော်လည်း လမ်းမှန်ပေါ်ရောက်လာသူ အတော်နည်းတာကို တွေ့ရပါတယ်။ ထို့ကြောင့် ဘ၀အတွက် တကယ်အကျိုးရှိဖို့ စာကိုဘယ်လိုဖတ်ရပါမလဲ?

ရည်ရွယ်ချက်တစ်ခုထားပါ

စာဖတ်ရာတွင် ရည်ရွယ်ချက်တစ်ခုကိုထားပါ။ ငါစာဖတ်ခြင်းဖြင့် လူတွေအကြောင်းကို ပိုနားလည်လာပြီး ပိုမိုအဆင်ပြေစွာနေနိုင်ရမည်။ ငါတော့ သူဌေးသူကြွယ်ကြီးဖြစ်ချင်သည်။ ငါကတော့ လူတော်လူကောင်းတစ်ယောက်ဖြစ်ဖို့ စာဖတ်မည်။ စသဖြင့် ရည်ရွယ်ချက်ကလေးထားကာ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အထောက်အပံ့ဖြစ်စေမည့်စာများကို ကြိုးစားရွေးချယ်ကာ ဖတ်ကြည့်ပါ။ ပထမအဆင့်အနေဖြင့် ဘ၀အတွက် အရေးကြီးသော ရည်မှန်းချက်ဆိုတာကို ထားတတ်လာပေမည်။စာဖတ်တိုင်းလည်း မိမိရည်ရွယ်ချက်အတွက် စာဖတ်နေတာဆိုတာ ခေါင်းထဲဝင်လာပြီး (ဥပမာ-ငါလူတော် ဆရာဝန်တစ်ယောက်ဖြစ်ချင်တယ်) ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ကို အမြဲတစေ စိတ်ထဲမှ သတိရနေစေပေသည်။ ယင်းကဲ့သို့ မိမိဖြစ်ချင်တဲ့ဆန္ဒကို ထပ်တလဲလဲ ရွတ်ဆိုနေခြင်းဟာ အလွန်အရေးကြီးပါတယ်။ ထိုကဲ့သို့ မိမိကိုယ်ကို အမြဲထပ်တလဲလဲ လှုံ့ဆော်နေသဖြင့် မိမိရည်မှန်းချက် ပန်းတိုင်ကိုရောက်လိုစိတ်များလည်း တစ်နေ့တခြားပိုမိုပြင်းထန် လာပေလိမ့်မည်။ မကောင်းသော ကိစ္စများ၊ အပေါင်းအသင်းက စွဲခေါ်ရာများသို့လည်း မိမိရည်မှန်းချက် စာရိတ္တအတွက် ထိခိုက်မည်ဆိုပါက လုပ်ဖြစ်မည်မဟုတ်တော့ပေ။ ကိုယ့်ရည်မှန်းချက်အတွက် အထောက်အပံ့ဖြစ်စေမယ့် စာအုပ်ကလေးတွေကို ရွေးချယ်ဖတ်ရှုရာမှလည်း၊ ဘ၀အတွက် အရေးကြီးသော အများထဲမှ မိမိနဲ့ အသင့်တော်ဆုံး အရာကို ရွေးချယ်ခြင်းဆိုတဲ့ အလုပ်တစ်ခုကိုလည်း ကျွမ်းကျင်စွာ လုပ်တတ်လာပေလိမ့်မည်။


ဖတ်သာဖတ်ပါ မပြောပါနဲ့

စာစတင်ဖတ်ပြီဆိုတာနဲ့ စာထဲက အကြောင်းအရာတွေကို ၃ နှစ်မှ ၅ နှစ်အတွင်း လုံးဝ မပြောပါဟု သန္နိဌာန်ချထားပါ။ အဘယ်ကြောင့်ဆိုသော် စာဖတ်တဲ့အခါ အကြောင်းအရာလေးတွေကို သိလာပြီး ပြောချင်စိတ်ဖြစ်လာတတ်ပါတယ်။ အဲ့ဒီစိတ်ကလေးကို ထိန်းပြီး ခဏတာ သတ်ထားနိုင်လိုက်ရင် ဘ၀အတွက် အများကြီး အကျိုးရှိပါတယ်။ ထိုကဲ့သို့ မိမိကိုယ်ကို ထိန်းကျောင်းကြည့်ခြင်းဖြင့် ငါသိ၊ ငါတတ် (Too much knowledge maketh fool) ဆိုသောလူမျိုးများထဲတွင် ကိုယ်မပါနိုင်တော့သည့်အပြင် စကားကို ပြောသင့်သည့်အချိန်မှသာ ပြောတတ်ဆိုတတ်သော လူတော်တစ်ယောက် ဖြစ်လာပေမည်။

နားထောင်ပါ

လူကြီးသူမများ စကားပြောတာတွေကို သတိထားကာ နားထောင်မှတ်သားပါ။ မိမိဖတ်ဖူးသော အကြောင်းအရာများနှင့် တိုက်ဆိုင်သည့်အခါ သူတို့ ဘယ်လိုအမြင်ရှိတယ် မိမိဖတ်ထားတဲ့ စာအုပ်ရဲ့ အာဘော်က ဘယ်လိုရှိတယ်ဆိုတာကို လေ့လာမှတ်သားပါ။ ထိုကဲ့သို့ နှိုင်းယှဉ်စစ်ဆေးခြင်းဖြင့် မိမိအတွက် အကောင်းဆုံးဖြစ်မည့် သင်ခန်းစာကို မိမိကိုယ်တိုင် ထုတ်ယူနိုင်လာပေလိမ့်မည်။ နောင်အနာဂတ်တွင် ခေါင်းဆောင်ကောင်းဖြစ်မည့် လူငယ်လူရွယ်များအနေနဲ့ စကားပြောကောင်းသူ တစ်ယောက်ဖြစ်ဖို့အတွက် အရေးအကြီးဆုံးအချက်မှာ "A good speaker is a good listener who hears what lesser speakers fail to, Somers White"ဆိုသော စကားအတိုင်း နားထောင်ကောင်းသူ တစ်ယောက်ဖြစ်ဖို့်လိုပေသည်။ လူများစုအနေဖြင့်လည်း အပြောသန်သူထက်၊ မိမိတို့ ခံစားချက်များကို ဂရုတစိုက် နားထောင်ပေးသူမျိုးကိုသာ ပို၍ နှစ်သက်မြတ်နိုးကြလေသည်။

များများဖတ်ဖို့မကြိုးစားပါနဲ့ အဖတ်သာများပါစေ

စာဖတ်တဲ့အခါ သူများက တစ်ရက်ကို ၂ အုပ်ပြီးတယ် ငါလည်း ၂ အုပ်ပြီးအောင်ကြိုးစားဖတ်မယ်ဆိုတာမျိုး မလုပ်ပါနှင့်။ လူတစ်ဦးနဲ့တစ်ဦး စာဖတ်တဲ့ ပုံစံချင်း၊ နှုန်းချင်းမတူနိုင်ပါဘူး။ စာအုပ်တွေ အများကြီး ဖတ်ဖို့ထက် ဖတ်လိုက်တဲ့ စာအုပ်ထဲက ကိုယ့်ဘ၀အတွက် အသုံးကျမယ့် အတွေးအခေါ်တွေ များများ ထုတ်ယူနိုင်ဖို့ကသာ အဓိက ကျပါတယ်။

လက်တွေ့ကျင့်ကြံပါ

စာအုပ်ထဲမှ ရလာတဲ့ အတွေးအခေါ် အယူအဆတွေကို မိမိကြုံတွေ့နေရတဲ့ နေ့စဉ်ဘ၀တွေမှာ သုံးနိုင်အောင် ကြိုးစားပါ။ ဥပမာ- လူအများနဲ့ဆက်ဆံတာနဲ့ ပက်သက်တဲ့ စာအုပ်တွေဖတ်တဲ့အခါ လူကြီးများနှင့်တွေ့ရင် မည်ကဲ့သို့ နှုတ်ဆက်သင့်သည်ဆိုတာကို လက်တွေ့အသုံးချကြည့်ပါ။ ဥပမာ - အလုပ်လုပ်နေတဲ့ လူကြီးသူမကိုတွေ့တဲ့အခါ 'ဘာလုပ်နေတာလဲ' လို့ဆိုမည့်အစား 'ဦးလေး ကြိုးစားလှချည်လားခင်ဗျာ' ဆိုတာမျိုး ယဉ်ယဉ်ကျေးကျေးအသုံးတွေကို လက်တွေ့သုံးကြည့်ပါ။ "Knowledge becomes wisdom only after it has been put to practical use" ဆိုတဲ့စကားအတိုင်း
အသိပညာဗဟုသုတဟာ လက်တွေ့အသုံးချမှသာ ဥာဏ်ပညာဆိုတဲ့ အဆင့်ကို ရောက်ရှိတာဖြစ်ပါတယ်။

ညအိပ်ယာဝင်လျင်တွေးပါ

မိမိကိုယ်ကိုပြုပြင်ရာတွင်၎င်း၊ မကောင်းသော အကျင့်စရိုက်များကို ဖျောက်ဖျက်ရာတွင်၎င်း အလွယ်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ ညအိပ်ရာဝင်တဲ့အခါ တစ်နေ့လုံး မိမိလုပ်ခဲ့ကိုင်ခဲ့ ပြောခဲ့ဆိုခဲသမျှတွေကို ပြန်လည်တွေးကြည့်ကာ မိမိမကြိုက်သော အပြောအဆို အမူအရာများနေရာတွင် ယဉ်ကျေးသော အသုံးအနှုန်း၊ အမူအရာများနှင့် စိတ်ကူးထဲမှာ အစားထိုး ပြုပြင်ကြည့်ပါ။ မိမိ၏ အပြောအဆို အပြုအမူများ တစ်နေ့တခြား လျင်မြန်စွာ တိုးတက်ကောင်းမွန်လာသည်ကို မုချမသွေ တွေ့ရှိရပေလိမ့်မည်။

"Reading maketh a full man စာဖတ်ခြင်းက ပြည့်ဝသော လူတစ်ယောက်ဖြစ်စေ၏။
  Conference  a ready man  ဆွေးနွေးတိုင်ပင်ခြင်းက အသင့်ပြင်ထားသော သူတစ်ယောက်ဖြစ်စေ၏။
    Writing   an exact man"  ရေးမှတ်လေ့ရှိခြင်းက တိကျသော လူတစ်ယောက်ဖြစ်စေ၏။ ဆိုသော စကားအတိုင်း စာဖတ်ခြင်းဖြင့် နှလုံးရည်ပြည့်ဝသော လူငယ်တစ်ယောက်အဖြစ်သို့ ရောက်ရှိဖို့ ရည်သန်ကာ လေ့လာဖတ်ရှုခြင်းအမှုကို ပြုသင့်ပေသည်။
အထက်ပါနည်းလမ်းတွေကို တကယ်လေ့လာ ကျင့်သုံးနိုင်မယ်သာဆိုရင် လူငယ်လူရွယ်များအနေနှင့် ဘ၀တွင် အောင်မြင်သော၊ ယဉ်ကျေးလိမ္မာသော၊ ပြည့်ဝသော လူငယ်လူရွယ်များအဖြစ်သို့ ရောက်ရှိမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေသည်။

မောင်မျိုး(စက်မှု)


2 comments:

  1. ရေးထားတာတွေက ကျွန်တော့်လို လူငယ်တစ်ယောက်အတွက်တော့ အားထားစရာ နည်းလမ်းတွေပါပဲ။

    ReplyDelete
  2. ခုလိုကြားရတာ ၀မ်းသာပါတယ် ၀ိဝိရေ။

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...