Sunday, January 19, 2014

ကိုရီးယားက ပင်နီဆူလာ


စင်္ကာပူက မြန်မာတွေအဖို့ မြန်မာအစားအသောက် စားချင်တဲ့အခါ ပင်နီဆူလာကုန်တိုက်ကြီးကို သွားရသလိုပါပဲ ကိုရီးယားရှိ မြန်မာလူမျိုးတို့အနေနဲ့ မြန်မာအစားအစာ စားသောက်ချင်တဲ့အခါ ဘူဖျောင်းဆိုတဲ့ မြို့တော်ကြီးဆီကို ချီတက်ကြရပါတယ်။ ဟိုးယခင်တုန်းက ကိုရီးယားကို လာဖို့ဆိုတာဟာ လူကြီးမိန်းမနဲ့ ရင်းနှီးမှ သိန်းလေးငါးဆယ် အကုန်ခံနိုင်မှသာ လာရောက် လုပ်ကိုင်ခွင့် ရကြတာပါ။ ဒါ့ကြောင့်လည်း မြန်မာရာဂဏန်း အနည်းငယ်သာရှိပြီး မြန်မာစားသောက်ဆိုင်ဆိုတာလည်း တစ်ဆိုင်၊ နှစ်ဆိုင်ခန့်သာ ရှိပါတယ်။ ကျွန်တော်တို့ ရောက်စကဆိုလျှင် ကိုရီးယားရောက် မြန်မာလုပ်သားကြီးများနှင့် ပိတ်ရက်များမှာ အိမ်တစ်အိမ်တွင် အတူဆုံကာ ချက်ပြုတ်စားသောက်ကြလေ့ရှိပါတယ်။ထိုအချိန်တုန်းက မြန်မာဆိုတာကလည်း အလွန်တွေ့ရခဲပါတယ်။ အများစုဟာလည်း လူကြီးပိုင်း အရွယ်တွေများပါတယ်။ အားလုံးပဲ တည်တည်ငြိမ်ငြိမ် အရွယ်တွေများတဲ့အတွက် ပြသနာဖြစ်သံ မကြားရပါဘူး။

ကိုရိးယား အစိုးရဟာ လွန်ခဲ့တဲ့ လေးနှစ်ခန့်မှစကာ မြန်မာအလုပ်သမားတွေကို အလုံးအရင်းနဲ့ တင်သွင်းလာခဲ့ပါတယ်။ (အခုဆိုရင် EPS စနစ်ပေါ့) ကိုရီးယားကို လာဖို့အတွက် ကိုရီးယားစာ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ထားရန်သာလိုပြီး ငွေကြေးအကုန်အကျကလည်း ဆယ်ဂဏန်းအောက်ပဲ ရှိပါတော့တယ်။ ဒါ့ကြောင့်လည်း ခုဆိုရင် ကိုရီးယားမှာ မြန်မာလုပ်သားတွေ တော်တော်များလာခဲ့ပါပြီ။ ပညာရေးဘက်တွင်လည်း ကိုရီးယား အစိုးရ စကော်လာရှစ်ဟာ လွန်ခဲ့တဲ့ ငါးနှစ်ခန့်မှစကာ မြန်မာ ကျောင်းသားများကို နှစ်စဉ် ခေါ်ယူခဲ့တဲ့အတွက် ယခုဆိုလျှင်တော့ နှစ်ရာ၊ သုံးရာခန့်ရှိပြီဖြစ်ပါတယ်။ ယခုလို မြန်မာတွေ များလာတာနဲ့အတူ မြန်မာစားသောက်ဆိုင်များဟာလည်း မြန်မာအများ ကျက်စားရာ ဘူဖျောင်းဆိုတဲ့နေရာမှာ ကျွဲကူးရေပါဆိုသလို အပြိုင်အဆိုင် ပေါ်ပေါက်လာပါတယ်။ ယခုဆိုလျှင် ဆိုင်နှစ်ဆယ်ခန့်ပင် ရှိပြီထင်ပါတယ်။

မြန်မာတွေ ကိုရီးယားကို လာရောက်လုပ်ကိုင်ခွင့် ရလာတာဟာ ၀မ်းသာရမယ့် ကိစ္စတစ်ခုပါ။ သို့သော်လည်း ယခုနောက်ပိုင်းမှာ လူငယ်တွေ ရောက်လာကျတာများတဲ့အတွက် စိတ်ထိန်းနိုင်မှု အားနည်းတယ်လို့ ပြောရမယ်ထင်ပါတယ်။ ယခင်က မကြားခဲ့ဖူးတဲ့ မုဒိန်းမှုတွေ၊ မြန်မာအချင်းချင်း ဓါးထိုးမှု ဆိုတာမျိုးလေးတွေကိုလည်း ကြားလာရပါတယ်။ နောက်မြန်မာတွေများလာရင် ဖြစ်ကိုဖြစ်တတ်တဲ့ ပြသနာတစ်ခုက ကွမ်းသွေးပြသနာပါ။ ဆောင်းတွင်းနှင်းဖွေးဖွေးမှာ ကွမ်းသွေးတွေပေနေတာဟာ ကိုရီးယားလူမျိုးတို့အမြင်မှာ သွေးကွက်တွေနဲ့ တူနေတဲ့အတွက် ထိန်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ မကြာသေးခင်က မြန်မာစင်တာနဲ့ တာဝန်ရှိ မြန်မာတွေ ပူးပေါင်းကာ ကွမ်းသွေးကို စည်းကမ်းမဲ့ မထွေးကြဖို့ ကမ်ပိန်းလေးတွေလုပ်ကာ အသိပညာပေးခဲ့ကြပါတယ်။ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ သူတပါးနိုင်ငံမှာ လာရောက်လုပ်ကိုင်ကြသူ မြန်မာအချင်းချင်း မေတ္တာထားဖို့၊ စည်းကမ်းရှိကြဖို့ကို တာဝန်သိသူ မြန်မာလူငယ်များ အချင်းချင်း ကြိုးစားကာ ထိန်းကြောင်းရပေမည်။ မိမိတို့အချင်းချင်း မထိန်းသိမ်းနိုင်လျှင် သူများထိန်းတာကို ခံရမှာပါ။ ဒါ့ကြောင့် မိမိကိုယ်တိုင် ပညာပေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိလျှင်တောင်၊ အနည်းဆုံးတော့ မိမိဘေးက အပေါင်းအသင်းကို မလုပ်သင့်တာမလုပ်မိဖို့ ထိန်းသိမ်းပေးခြင်းမျိုးဖြင့် ပါဝင်ကူညီသင့်ပေသည်။

မောင်မျိုး


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...