Tuesday, January 21, 2014

အပြိုင်အဆိုင် မက်နေကြရတဲ့ အမြန်ဆုံးအိပ်မက်



အပြိုင်အဆိုင် မက်နေကြရတဲ့ အမြန်ဆုံးအိပ်မက်
----------------------------------------------

အမေရိကန် ထောက်လှမ်းရေး အသိုင်းအ၀ိုင်းကနေ တရုတ်ဟာ အသံထက် အဆပေါင်းများစွာ မြန်တဲ့ ယဉ်တစ်မျိုးကို (WU-14) (Hypersonic Glide Vehicle,HGV) ဇန်န၀ါရီလ ၉ ရက်နေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အစပိုင်းမှာ ထိုသတင်းနှင့် ပက်သက်၍ တရုတ်ဘက်က ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ တရုတ်ရဲ့ ထိုယာဉ်ပျံလေးဟာ အသံထက် ဆယ်ဆခန့် (တစ်နာရီကို မိုင် ၇၆၀၀) ထိ အမြန်နှုန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတိုင်းသာဆို ထိုင်းနိုင်ငံ သုဝဏ္ဍဘူမိလေဆိပ်ကနေ အမေရိကန် ဆန်ဖရန်စစ္စကိုအထိ ယခင် ၁၇ နာရီခန့် သွားရတဲ့ခရီးကို တစ်နာရီခန့်ပဲကြာစေတော့မှာဖြစ်ပါတယ်။ ဒီပျံသန်းမှု နည်းပညာကိုသာ ခရီးသည်တင် လေကြောင်းသွားလာရေးအတွက် အသုံးချနိုင်မယ်ဆိုရင် တကယ်ကို အကျိုးရှိတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

သို့သော်လည်း အကောင်းအဆိုး ဒွန်တွဲနေတဲ့ သဘာဝအတိုင်း၊ ဒီနည်းပညာကို ကောင်းကျိုးအတွက် သုံးနိုင်သလို တခြားဆိုးကျိုးဖြစ်တဲ့ လူတွေကို သေစေနိုင်တဲ့ စစ်ရေးဘက်မှာလည်း အသုံးပြုနိုင်ပါတယ်။ အမေရိကန် စစ်ဌာနချုပ်ဟာ တရုတ်မှာ ဒီနည်းပညာအောင်မြင်သွားတာကို အထူးပဲ ကြိတ်မနိုင်ခဲမရ ဖြစ်နေရပါတော့တယ်။ အမေရိကန်ဟာ သူများကနေ သူ့နိုင်ငံကို လှမ်းပစ်လိုက်တဲ့ ဒုံးကျည်တွေကို လေထဲမှာတင် ပြန်လည်ချေဖျက် ပစ်ခတ်နိုင်တဲ့ ဒုံးခွင်းဒုံးစနစ် (ABM : Anti Ballistic Missile and Missile Shield) ကို ပိုင်ဆိုင်ထားတဲ့ (တစ်ခုတည်းသော) နိုင်ငံတစ်ခုပါ။ ဒုံးခွင်းတဲ့စနစ် ဘယ်လိုအလုပ်လုပ်သလဲဆိုရင် .. ရန်သူ့နယ်မြေတွေကို အမြဲထောက်လှမ်းနေတဲ့ ဂြိုလ်တုတွေ၊ ရေဒါစနစ်တွေကနေ ရန်သူ့နယ်မြေကနေ မသင်္ကာဖွယ် တစ်ခုခုတက်လာရင် သတင်းစပို့ပါမယ်၊ အဲ့ဒီနောက် ထို့ထက် အဆင့်မြင့်တဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်တွေကနေ မသင်္ကာဖွယ်အရာလေး ဘယ်အရှိန်၊ ဘယ်လိုသွားတယ်၊ ဘယ်ကိုသွားနေတယ်ဆိုတာတွေ အသေးစိတ် ဆက်လက် ထောက်လှမ်း သတင်းပို့ပါမယ်၊ အဲ့ဒီနောက်တော့ ဒီမသင်္ကာဖွယ်အရာလေးဟာ အမေရိကန် လေပိုင်နက်ထဲကို သေချာပေါက်ဝင်တော့မယ်ဆိုတာနဲ့ တပြိုင်နက်တည်း အမေရိကန်ဟာ သူတို့ ဖြန့်ကျထားတဲ့ ဒုံးခွင်းဒုံးတွေထဲကနေ အနီးစပ်ဆုံးမှာရှိတဲ့ ဒုံးကို စေလွှတ်လိုက်မှာဖြစ်ပါတယ်။ ထိုလွှတ်တင်လိုက်တဲ့ ဒုံးကျည်ဟာ သတ်မှတ်ထားတဲ့ မသင်္ကာဖွယ်အရာကို လိုက်လံချေဖျက်မှာဖြစ်ပါတယ်။

ဒုံးခွင်းဒုံးစနစ်ဆိုတာက အဲ့ဒီလို အလုပ်လုပ်တာပါ။ အရင်ဆုံး သတင်းအချက်အလက် စုဆောင်း၊ ရန်သူမိတ်ဆွေခွဲ၊ နောက်ကလိုက်တိုက်ရတာပါ။ ဒီတော့ အချိန်လိုတာပေါ့။ တကယ်လို့သာ ရန်သူ့ဒုံးက အရှိန်အများကြီးနဲ့ ၀င်လာတယ်ဆိုရင် ဘယ်မှာ သွားပြင်ဆင်ချိန်ရှိမလဲ။ ယခုတရုတ်ရဲ့ ယာဉ်ဟာ ကမ္ဘာအရပ်ရပ်က ပစ်မှတ်တွေကို တစ်နာရီအတွင်းမှာ အရောက် ပစ်ခတ်နိုင်စွမ်းရှိသွားမှာပါ။ ဒီယာဉ်ကိုယ်ထည်ထဲမှာ အနုမြူဗုံးသာထည့်ပစ်လိုက်ရင်တော့ မတွေးရဲစရာပါပဲ။ အမေရိကန်ရဲ့ လက်ရှိရှိနေတဲ့ ဒုံးခွင်းဒုံးစနစ်အနေနဲ့ ဒီဟာကို တားဆီးနိုင်စွမ်းမရှိပါဘူး။ ဒါ့ကြောင့် အမေရိကန် စစ်ဌာနချုပ်အနေနဲ့ တုန်လှုပ်သွားခဲ့ရတာပါ။

အမေရိကန်အစိုးရအနေနဲ့လည်း ၂၀၀၄ ခုနှစ်ကစလို့ အသံထက် အဆပေါင်းများစွာမြန်တဲ့ ယာဉ်ပျံကို သုတေသနလုပ်နေခဲ့တာပါ။ အမေရိကန်လေတပ်နဲ့ အဆင့်မြင့် ကာကွယ်ရေး သုတေသန အေဂျင်စီ (DARPA) တို့ ပူးပေါင်း အကောင်အထည်ဖော်ခဲ့တာရဲ့ ရလာဒ်ကတော့ X-51 Waverider ဆိုတဲ့ သုတေသနယာဉ်ငယ်လေးပဲဖြစ်ပါတယ်။ Lockheed ကုမ္ပဏီရဲ့ သုတေသနကနေ အမေရိကန်အစိုးရရဲ့ Hypersonic အိပ်မက်ကို ဖြည့်ဆည်းပေးမယ့် ယာဉ်ငယ် HTV-2 (တစ်နာရီ ၁၃၀၀၀ မိုင်) ဆိုတာကိုလည်း ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ရုရှအစိုးရကလည်း RS-26 ဆိုပြီး သူတို့ရဲ့ မြန်နှုန်းမြင့် ပျံသန်းယာဉ် အိပ်မက်ကို အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။ သတင်းနည်းပညာခေတ်ကြီးမှာ မြန်မှသွက်မှ နေရာရမယ့်သဘောဟာ စစ်ရေးမှာလည်း မှန်ကန်နေပြန်ပါတယ်။ ကျွန်တော်တို့ကော ဘယ် Speed နဲ့ ဘာတွေရှိနေပြီလဲဆိုတော့ .....

(Homework : ယခုပြောတဲ့ HGV တွေ၊ ဒီလိုအရှိန်ရအောင် ဘယ်လိုစွမ်းအင်၊ အင်ဂျင်သုံးတယ်၊ ဘယ်လိုစမ်းသပ်တယ်ဆိုတာ လေ့လာ ဆန်းစစ်ကြည့်ပါ)

မောင်မျိုး
http://www.mgmyo.com

X-51 Waverider


HTV-2

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...