Wednesday, January 29, 2014

လေဆာအသုံးပြုပြီး လေကြောင်းသုတေသန လုပ်နေပုံ


ငယ်ငယ်က တက္ကသိုလ်ဝင်တန်း အောင်ပြီးတော့ ဘယ်တက္ကသိုလ် တက်ရမလဲ စဉ်းစားနေတဲ့အချိန်မှာ အိမ်မှာရှိတဲ့ သဲပုံကြီးပေါ်မှာ ရဟတ်ယာဉ်ပုံကြီး ဆောက်ခဲ့ဖူးတယ်။ တကယ်တော့ အဲ့ဒီအချိန်မှာ လေကြောင်းအင်ဂျင်နီယာဆိုတာ သိတောင်မသိခဲ့ပါဘူး.. ဒီလိုနဲ့ စက်မှုတက္ကသိုလ်ကိုရောက်တော့ လေကြောင်းအင်ဂျင်နီယာကို သဘောကျပြီး အဲ့ဒီမေဂျာတက်ဖို့အတွက် ရန်ကုန်ကိုရောက်လာခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက တခြားသူတွေ စိတ်ဝင်စားတာက လက်တွေ့လုပ်နိုင်တဲ့ စက်ပြင်တာတို့ဘာတို့ကို စိတ်ဝင်စားကြတယ်။ ကိုယ်စိတ်ဝင်စားတာက လေစီးဆင်းမှုတွေကို လေ့လာတဲ့ Aerodynamics ဆိုတဲ့ ဘာသာရပ်ကို စိတ်ဝင်စားခဲ့တယ်။ တကယ်တော့ လေကိုမြင်နိုင်တာမဟုတ်၊ မြင်နိုင်တဲ့ နည်းပညာတွေ ရှိပေမယ့် မြန်မာမှာ ဘာတစ်ခုမှလည်းမရှိတာမို့ ဘာမှန်းမသိဘဲကို ခုံမင်နှစ်သက်ခဲ့မိတယ်။

နောက်တော့ နိုင်ငံရပ်ခြားကို ဘွဲ့လွန်ပညာသင်ဖို့ ရောက်လာတဲ့အခါမှာတော့ ကျွန်တော့်ကိုခေါ်တဲ့ ပါမောက္ခက လေကြောင်းအင်ဂျင်နီယာနဲ့ ပက်သက်ရင် အလွန်နာမည်ကြီးတဲ့ ကျွန်တော်တို့အားလုံး အားကိုးအားထားပြုပြီးဖတ်နေရတဲ့ Aerodynamics စာအုပ်ရေးတဲ့ John D. Anderson ဆိုတဲ့ အမေရိကန် လေကြောင်းပညာရှင်ရဲ့ တပည့်ဖြစ်တာကိုတွေ့ရတယ်။ နောက်ထပ် ကံထပ်ကောင်းတာက ကျွန်တော့်ဆရာဟာ Experimental Aerodynamics ကို အဓိကထားလုပ်နေတဲ့သူ ဖြစ်နေတာပါပဲ။
တစ်သက်လုံးက ဘာမှန်းမသိဘဲ (မမြင်ရဘဲ) ခုံမင်လာခဲ့တဲ့ ဒီလေစီးနေတာတွေကို ခုတော့ နောက်ဆုံးပေါ် နည်းပညာတွေ အားလုံးကိုသုံးပြီး ကျွန်တော်မြင်ခွင့်ရ၊ သုတေသန ပြုခွင့်ရခဲ့ပါတော့တယ်။ မိဘနှစ်ပါးက မျက်စိနှလုံးရဲ့ အလင်းရှင်ဆိုရင်၊ လက်ရှိကျွန်တော့်ဆရာက ကျွန်တော်မြင်ချင်လှတဲ့ လေတွေကို မြင်တွေ့ခွင့်ပေးခဲ့တဲ့ Aerodynamics မျက်စိနှလုံးရဲ့ အလင်းရှင်ပါပဲ။ ကိုယ်မြင်ထားတာလေးတွေကို ကိုယ့်ရဲ့ မျိုးဆက်သစ်လေးတွေကို ပြန်လည်ဖောက်သည်ချခွင့်ရ၊ လက်တွေ့လေ့လာနိုင်အောင် ဖန်တီးပေးခွင့်ရရင် ဘ၀မှာ ကျေနပ်စရာပါပဲ။


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...