Tuesday, January 21, 2014

ဆိုမာလီကန္တာရထဲက ခံစားရတဲ့ ဇာတ်လမ်းတစ်ပုဒ်


ပင်ပန်းနွမ်းနယ်လွန်းသော သူမ၏ ခြေလှမ်းများက ဒယီးဒယိုင်နဲ့မို့ ခရီးက သူတို့လိုသလောက်မပေါက်။ တခါတရံ သူတို့ စိတ်မရှည်လျှင်တော့ သူမကို ငေါက်ငန်းဆဲရေးကြသေးသည်။ သို့သော် သူမအကြောင်း သူမသာ သိသည်။ အစားအသောက်က တစ်ရက် ပေါင်မုန့်လေး တစ်ချပ်လောက်သာ စားရသောက်ရပြီး နေပူမိုးရွာ အမိုးအကာ မပါသော ဒီတော ဒီတောင် ဒီကန္တာရထဲမှာ သွားလာနေရတာဟာ အခုဆိုရင် ရက်ပေါင်း ၉၂ ရက်ပင်ရှိပြီ။ သူမရဲ့ ကျောက်ကပ်ကလည်း သိပ်ပြီး ပုံမှန် အလုပ်လုပ်ချင်ပုံ မရတော့ပေ။ သူမခံစားနေရတာတွေ သူမသာလျှင် အသိဆုံးဖြစ်သည်။ ဒီနိုင်ငံက ကလေးငယ်တွေကို ပညာတွေပေးဖို့ လာခဲ့တဲ့ သူမအပေါ်မှာမှ ဒီကံကြမ္မာဆိုးက ဘာကြောင့် လာကျရောက်နေရတာလဲဆိုတာ သူမ စဉ်းစား၍ မရပြီ။ အဖဘုရားသခင်သာလျှင် သိပေတော့မည်။ သူမစီးနင်းလာတဲ့ ကားကိုတားပြီး သူမကိုဖမ်းဆီးကာ ကျန်နေရစ်တဲ့ မိသားစုဆီကို ဒေါ်လာ ၄၅ သန်းနဲ့ လာရွေးရမယ်ဆိုပြီး သူတို့ကစတင်ကြေးခေါ်ခဲ့လေသည်။ ယခုအချိန်ထိ ဈေးညှိနေကြတာ အဆင်မပြေသေးပေ။ သူမလို သာမာန် လုပ်သားလေးတစ်ယောက် မိသားစု အနေနဲ့ ဘယ်လိုလုပ်ပြီး ဒီငွေ ရှိနိုင်မလဲ။ သူမကို ဒီလို ချမ်းသာတယ်ထင်နေတာကလည်း အဆိုးထဲက အကောင်းတစ်ခုဖြစ်သည်။ သို့မဟုတ်ပါက သူမကို မတော်မတရားလုပ်ကာ သတ်ပစ်မည်သာဖြစ်သည်။

ဒီညတော့ သူမတို့ သစ်ပင်ခြုံနွယ်တွေရှိသော တစ်နေရာမှာ စခန်းချကြသည်။ ညကလည်း မှောင်မှောင်မဲမဲနှင့် ကောင်းကင်ယံက ထွန်းလင်းသာနေသော လမင်းကြီးကို လှမ်းကြည့်ကာ သူမ ဆုတောင်းလိုက်သည်။ "အဖ ဘုရားသခင်၊ သမီးတော်ကို ကယ်တော်မူပါ။ ဒီကံကြမ္မာဆိုးက အမြန်ဆုံး လွတ်မြောက်ပါရစေ" ဟု ဆုတောင်းကာ သူမအတွက်ပေးထားသော ဖျာကြမ်းလေးပေါ်မှာ အိပ်ပျော်ဖို့ ကြိုးစားနေလေသည်။ ခဏအကြာမှာတော့ ခပ်လှမ်းလှမ်းမှ မိမိတို့ဆီ ချဉ်းကပ်လာနေသော ခြေသံများကို သူမ စတင်ကြားလာရသည်။ သူမမျက်လုံးဖွင့်ကြည့်လိုက်တော့ ခပ်မဲမဲ မျက်နှာနှင့် လူတွေကို တွေ့လိုက်ရသည်။ သူမ ကြက်သီးများထသွားလေသည်။ ဒါ ဆိုမာလီယာမှာရှိတဲ့ အစ္စလမ်မစ် အစွန်းရောက် အဖွဲ့တွေပဲနေမှာ။ သူတို့လက်ထဲသာ သူမ ရောက်သွားလျင်တော့ တစ်ခါတည်း သတ်ပစ်ကြမှာ ဧကန်ဖြစ်သည်။ ဒီညတော့ သူမအတွက် နောက်ဆုံးညပဲ ဖြစ်လိမ့်မည်ဟုတွေးကာ ကြောက်ရွံ့နေစဉ်မှာပဲ ပစ်ခတ်သံတွေ စတင်ကြားလိုက်ရလေသည်။

တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်သံများစဲသွားပြီး အိပ်နေသော သူမကို သန်မာသော လက်တစ်စုံက လာရောက်ဆွဲရာ သူမလည်း ကြောက်အားလန့်အားနှင့် ရှိသမျှအားနှင့် ပြန်လည် ရုန်းကန်ဖို့ ကြိုးစားမိလေသည်။ တစ်ဖက်မှ သူ့တွင်ပါလာသော စောင်ဖြင့် သူမကို တင်းနေအောင် အုပ်ကာ လွှမ်းခြုံပေးရင်း ထိုသူ၏နှုတ်မှ သူမ ဘယ်လိုမှ မျှော်လင့်မထားသော စကားတစ်ခွန်း ထွက်လာလေသည်။
"ဂျက်ဆီကာ ကျွန်တော်တို့ အမေရိကန် စစ်တပ်ကပါ။ ခင်ဗျားကို ကယ်တင်ဖို့ ရောက်လာတာပါ။ ခင်ဗျား အသက်အန္တာရာယ် စိုးရိမ်စရာမရှိတော့ပါဘူး" ဟု ပြောလိုက်တဲ့အခါမှာတော့ ဂျက်ဆီကာခမျာ ဒီလို ဆိုမာလီ တောတောင်ထဲမှာ အမေရိကန်အသံနှင့် သူ့ကို လာပြောနေသော ထိုလူကို ပြူးကြောင်ပြီးသာ ကြည့်နေနိုင်တော့လေသည်။ တစ်ဖက်မှလူက ခင်ဗျားဖိနပ်တွေဘယ်မှာလဲ ဘာကျန်သေးလဲ စသဖြင့် ခပ်သွက်သွက်မေးရင်းပြုရင်းကပင် သူမကို ပွေ့ချီကာ စတင်ပြေးလွှားပါတော့တယ်။ မိနစ်အတော်ကြာ သူမကို ပွေ့ချီကာ ပြေးနေသော်လည်း မောပန်းပုံမပြ၊ ပုံမှန် အသက်ရှူသံသာ ကြားနေရသော ထိုလူရဲ့ လက်ပေါ်မှာ လိုက်ပါရင်း ဝေခွဲမရခြင်း၊ မယုံကြည်နိုင်ခြင်း၊ အံ့သြခြင်းကြီးစွာဖြစ်နေသော ဂျက်ဆီကာ နှုတ်ဖျားကနေ "မင်းဟာ အမေရိကန်ပဲ၊ မင်း... အမေရိကန်လူမျိုးတစ်ယောက်ပဲနော်၊ မင်းတို့ ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ၊ ငါမသေဘူးပဲ" ဆိုတဲ့ အာမေဋိတ်သံသာလျှင် အဆက်မပြတ် ထွက်နေပါတော့တယ်။

အတန်ကြာ ပြေးလွှားပြီးနောက် တစ်နေရာအရောက်မှာတော့ သူမကို မြေပေါ်ချကာ ပါလာသော ဆေးဝါးများ၊ စားသောက်ဖွယ်ရာများကို သူမကို အလျင်အမြန် ထုတ်ကျွေး ပြုစုကြပါတော့တယ်။ သွက်လက်တိကျသန်မာလှသော စက်ရုပ်နဲ့ အလားသဏ္ဍာန်တူလှသော ထိုလူသန်ကြီးများရဲ့ ကြင်နာယုယစွာ ပြုစုပေးမှုက တခဏ ဆိုသော်ငြားလည်း သူတို့ မေတ္တာတရားကြောင့် ထင်သည် ဂျက်ဆီကာ ချက်ချင်းလန်းဆန်း အားပြည့်လာသလို ခံစားလာရသည်။ ထိုစဉ် နောက်မှ ရန်သူများ လိုက်လာသံကြား၍ထင်သည် သူမကို မြေပေါ်မှာ မှောက်ခိုင်းသဖြင့် ဂျက်ဆီကာ ချက်ချင်း ၀မ်းလျားမှောက်လိုက်ရလေသည်။ သူမကို ကယ်တင်လာသော ထိုလူများက သူမကိုဝိုင်းလိုက်ကာ သူမအပေါ်မှ မိုးထားလိုက်ကြလေသည်။ ထိုအချိန်တွင် ထိုစစ်သားကြီးများအဖို့ ဂျက်ဆီကာလို ဘာမှမဟုတ်သော သာမာန် မိန်းကလေးတစ်ယောက်ရဲ့ အသက်ကို ကာကွယ်ဖို့သည် သူတို့ရဲ့ အရေးအကြီးဆုံးတာဝန်ဖြစ်သည်။ သူမဆီကျရောက်လာမယ့် ကျည်ဆံမှန်သမျှကို သူတို့က ခံယူဖို့အသင့်ဖြစ်နေပုံရသည်။ သူမအသက်ကို ကယ်တင်ဖို့ သက်စွန့်ဆံဖျား လူမသိသူမသိ ဒီတောတောင်ထဲထိလာကာ ကယ်တင်ခဲ့သော ထိုစစ်သားကြီးများဟာ ယခုလည်း သူမအသက်အန္တာရာယ် စိုးရိမ်သဖြင့် ၀ိုင်းဝန်းကာ အုပ်မိုးထားကြပြန်တာကို ဂျက်ဆီကာ ကြည့်ရင်း မျက်ရည်များပင် စီးကျလာလေသည်။

များမကြာမီမှာပင် ရဟတ်ယာဉ်သံတွေကြားလာရပြီး ရဟတ်ယာဉ်နှစ်စီး မြေပေါ်သို့ ဆင်းသက်လာလေသည်။ စစ်သားကြီးများက သူမကို ကူတွဲကာ ရဟတ်ယာဉ်တစ်စီးပေါ်သို့ တင်ပေးလိုက်ပြီး သူတို့ကတော့ နောက်တစ်စီးပေါ်သို့ တက်ရောက်ကာ ပျောက်ကွယ်သွားကြလေသည်။ ဂျက်ဆီကာ အနေဖြင့် မိမိအသက်ကို ကယ်တင်ခဲ့ကြသော အသက်သခင် ကျေးဇူးရှင်များရဲ့ မျက်နှာကိုပင် မြင်တွေ့ခွင့်မရလိုက်ပေ။ နာမည်ခေါ်သံလည်း မကြားခဲ့ရသဖြင့် ဘယ်သူဘယ်ဝါတွေမှန်းလည်း မသိလိုက်ရပေ။ သူမအနေဖြင့် ကျေးဇူးတင်စကားလေးတော့ ပြောခွင့်ရလိုက်ချင်တာပေါ့။ သူမ ဘယ်သူ့ကို ကျေးဇူးတင်ရမည်နည်း။ စဉ်းစားရင်း.. သူမအိပ်နေတာကို လာဆွဲသော စစ်သားကြီးရဲ့ စကားကို နားထဲမှာ ပြန်လည်ကြားယောင်လာလေသည်။

 "ဂျက်ဆီကာ ကျွန်တော်တို့ အမေရိကန် စစ်တပ်ကပါ။ ခင်ဗျားကို ကယ်တင်ဖို့ ရောက်လာတာပါ။ ခင်ဗျား အသက်အန္တာရာယ် စိုးရိမ်စရာမရှိတော့ပါဘူး"

ဂျက်ဆီကာအနေနဲ့ ကျေးဇူးတင်ရမှာတော့ အမေရိကန် စစ်တပ်ကြီးပင်၊  မျက်ရည်များကြားက ဂျက်ဆီကာ အသံထွက်မတက် ရေရွတ်လိုက်မိသည်။ "ဟုတ်တယ်.. ကျွန်မတို့ နိုင်ငံက စစ်သားကြီးတွေအားလုံးကို ကျေးဇူးတင်ရမှာပေါ့..." ရဟတ်ယာဉ်ကြီးရဲ့ နံရံကိုမှီ၍ လိုက်ပါလာရင်း သူမလို အညတရ ပြည်သူတစ်ယောက်ကို လာရောက် ကယ်တင်ခိုင်းသော သမ္မတကြီးနဲ့ သက်ဆိုင်ရာ အားလုံးကို ဂျက်ဆီကာ ဆုတောင်းမေတ္တာပို့သနေမိပါတော့တယ်။  ယခုလို မိမိနိုင်ငံသားတွေကို တန်ဖိုးထားလေးစားတတ်သော လူကြီးလူကောင်းများကို အထူးလေးစားမိရင်း....  အမေရိကန် လူမျိုးတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူနေမိပါတော့တယ်။

ထိုအဖြစ်အပျက်ဖြစ်ပြီး သုံးနာရီခန့်အကြာမှာတော့ သမ္မတကြီး အိုဗားမားဟာ နိုင်ငံတော်မိန့်ခွန်းပြောဖို့အတွက် အိမ်ဖြူတော် စင်္ကြန်ကနေ စတိတ်ခုံရှိရာသို့ ထွက်လာပါတယ်။ စင်္ကြန်ဘေးဝဲယာမှာ ကြိုဆိုနေကြသော နိုင်ငံတော်အကြီးအကဲများထဲကမှ ကာကွယ်ရေးဝန်ကြီးနား အရောက်မှာတော့ "Good Job Tonight ! " ဆိုပြီး ထိုအချိန်က သူတို့နှစ်ဦးသာ နားလည်မည့် စကားတစ်ခွန်းနဲ့ ဂုဏ်ပြုလိုက်ပါတော့တယ်။ မိမိနိုင်ငံသားတစ်ယောက်ရဲ့ အသက်ကို ကယ်တင်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်နေပုံပေါ်သော သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်နေချိန်မှာတော့ အီတလီရှိ လေတပ်စန်းတစ်ခုမှာ ကြိုတင်ရောက်ရှိနေသော ဂျက်ဆီကာ့ မိသားစုနဲ့ ဂျက်ဆီကာတို့ရဲ့ ပြန်လည်ပေါင်းစည်းမှုဟာလည်း အပြုံးများနဲ့ဝေဆာနေပါတော့တယ်....

(၂၀၁၂ တုန်းက တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးပါ။ သတင်းဌာနတစ်ခုနဲ့ သူမနဲ့ အင်တာဗျူး လုပ်ထားတာကို နားထောင်ပြီး ပြန်လည်ခံစား တင်ပြထားတာပါ။ ဒီစာထဲမှာ နိုင်ငံတော်ရဲ့ နိုင်ငံသားတို့ အပေါ် တန်ဖိုးထားမှု၊ စစ်သားများရဲ့ တာဝန်ကို အလေးထားမှု၊ နာမည်မယူတတ်မှု (ပရိုစိတ်ဓါတ်)၊.. ယူစရာလေးတွေ တော်တော်များများ တွေ့ရပါမယ်။
သူမကို ကယ်တင်ခဲ့တဲ့ အဖွဲ့ကတော့ ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ SEAL TEAM 6 ဆိုတဲ့ အထူးတပ်ဖွဲ့ပါပဲ။ ဒီတပ်ဖွဲ့ကတော့ အတော်ဆုံး တပ်သားတွေထဲကမှ ဂေါင်ကိုပြန်ရွေးချယ်ထားတာပါ။ သူတို့ကို ဘယ်လိုအခြေအနေမျိုးမှာမဆို တိုက်ခိုက်လွတ်မြောက်နိုင်ရမယ်ဆိုတဲ့ ခေါင်းစဉ်တပ်ကာ အကြမ်းတမ်းဆုံး လေ့ကျင့်ပေးထားတာပါ။ )

(Aerodynamic Homework : ဒီအဖွဲ့စီးနင်းလာတဲ့ လေယာဉ်ဟာ ဘယ်လေယာဉ်ဖြစ်ပြီး ဘယ်လိုအထူးပစ္စည်းတွေပါမလဲဆိုတာ လေ့လာကြည့်ပါ)

မောင်မျိုး






No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...