Wednesday, January 29, 2014

ကိုရီးယား ၀က်ရိုးစွပ်ပြုတ် (ဟဲဂျန်ဂု)



ဟဲဂျန်းဂုဆိုတဲ့ ၀က်ရိုးစွပ်ပြုတ်ဟာ မြန်မာပါးစပ်နဲ့ တော်တော်တည့်ပါတယ်။ တစ်ယောက်စား အပူခံ ဟင်းခွက်ထဲမှာ ၀က်ရိုး ၃ ရိုးခန့်နဲ့ အရွက်အနည်းငယ်နဲ့ ခပ်စပ်စပ်အရသာလေးထွက်အောင် ပြုတ်ထားတဲ့ ဒီဝက်ရိုးပြုတ်ကို စားလိုက်ရင် ခံတွင်းထဲ ရှင်းသွားပြီး အားအင်ပြည့်ဖြိုး လန်းဆန်းသွားစေပါတယ်။
ကျွန်တော်မောင်တောသားခမျာ မြန်မာထမင်းဟင်းကို ခုံမင်တာကြောင့် ဆိုးလ်မြို့ကြီးထဲမှာ မြန်မာထမင်းဟင်း စားစရာမရှိတာကြောင့် မြန်မာအရသာနဲ့ နီးစပ်တဲ့ အစားအစာတွေကိုသာ ရှာဖွေစားသောက်တတ်ပါတယ်။

တစ်ခုခုကို နှစ်သက်မိပြီဆိုရင် ထပ်ခါတလဲလဲ လုပ်တတ်တဲ့ အကျင့်က အစားအသောက်စားရာမှာလည်း အတူတူပါပဲ။ ရောက်ခါစ ဒီဝက်ရိုးပြုတ်ကို စားမိချိန်ကစလို့ နေ့လည်စာ ထွက်စားတဲ့အခါတိုင်း အမြဲတမ်းလိုလို ဆိုင်တစ်ခုထဲကိုပဲသွားပြီး ဒီဟင်းကိုပဲ ထပ်တလဲလဲ မှာစားမိပါတော့တယ်။ လာတဲ့အခါတိုင်း တစ်မျိုးတည်းကိုသာ မှာစားနေတာကြောင့် ထင်ပါရဲ့ ဆိုင်ရှင်တွေခမျာ စပ်ဖြီးဖြီးနဲ့ ကြည့်နေတတ်ပါတယ်။ ၂ နှစ်ခန့်အကြာမှာတော့ ဆိုင်ရှင်တွေနဲ့ ရင်းနှီးတဲ့ အခါမှာ ထူးဆန်းတဲ့ မေးခွန်းတစ်ခု မေးလာပါတယ်။
"ကောင်လေး အရက်တော်တော် သောက်သလား" တဲ့ ။ ကျွန်တော်လည်း ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ ဒါနဲ့ ဘာကြောင့် ဒီမေးခွန်းကို မေးတာလဲလို့ဆိုတော့ ဒီစွပ်ပြုတ်က ကိုရီးယားလူမျိုးတွေ ညပိုင်းမှာ အရက်အလွန်အကျွံသောက်ပြီးတဲ့အခါ စားလေ့ရှိတဲ့ အစားအစာပါတဲ့။ ဟိုက် အဲ့ဒီအခါမှပဲ သဘောပေါက်ပါတော့တယ်... ကိုယ်က မြန်မာအရသာနဲ့ နီးစပ်လို့ စားနေတဲ့ ဒီဝက်ရိုးပြုတ်က သူတို့ အရက်နာကျပြီး နာလန်ထအောင် ပြန်စားတဲ့ အစားအစာ ဖြစ်နေပါရောလာဆိုပြီး ပြုံးမိပါတော့တယ်။ ခုမှပဲ သူတို့ ကိုယ်ဒီဟာစားရင် ပြုံးစိစိ ကြည့်နေကြတဲ့ အကြောင်းရင်းကို သဘောပေါက်သွားပါတော့တယ်။
စာဖတ်သူအပေါင်းလည်း နိုင်ငံရပ်ခြား သွားတဲ့အခါ အစားအသောက်စားတဲ့အခါ ဆင်ခြင်ကြပေကုန်..

ရွှင်ပြုံးနိုင်ကြပါစေ။
မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...