Thursday, January 16, 2014

အမေရိကန်ကို အအေးပိုစေတဲ့ ပိုလာဗောတက်စ် (Polar Vortex)



ကျွန်တော်တို့ ကမ္ဘာမြေကြီးရဲ့ ရာသီဥတုကို အဓိက ပုံဖော်ပေးနေတဲ့ထဲမှာ ကမ္ဘာကြီးကို ပတ်ပြီး စီးဆင်းနေတဲ့ လေခါးပတ်စီးကြောင်း(Jet Stream)ကြီးတွေဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒီလေခါးပတ်စီးကြောင်းတွေ ရွေ့နေတဲ့အပေါ်မူတည်ပြီး ကမ္ဘာအရပ်ရပ်မှာ အမျိုးမျိုးသော ရာသီဥတုတွေကို ရရှိတာဖြစ်ပါတယ်။ ဟိုးယခင်က (1977,1991) အမေရိကန် ကယ်လီဖိုးနီးယားမှာ မိုးခေါင်ရေရှားပြီး အလွန်ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ဒါဟာ ဆိုဗီယက်ရုရှတို့ရဲ့ လက်ချက်ဖြစ်နိုင်တယ်ဆိုပြီးလည်း စဉ်းစားခဲ့ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမေရိကန် ထောက်လှမ်းရေးဂြိုလ်တုတွေကနေ ရုရှနယ်ထဲမှာ ကမ္ဘာ့လေခါးပတ်ကြီးတွေကို ပြောင်းလဲနိုင်တဲ့ ကြိမ်နှုန်းမြင့်လှိုင်းလွှတ်စဉ်ကြီးတွေကို (High Frequency Tower) တွေ့ရှိခဲ့လို့ပါ။

ယခုနှစ်မှာတော့ အမေရိကန် ပြည်နယ်တချို့မှာ အအေးလွန်ကဲတဲ့ ရာသီဥတုကို စံချိန်တင် ခံစားနေရပါတယ်။ ကမ္ဘာကျော် နိုင်ယာဂရာ ရေတံခွန်ကြီးတောင် အေးခဲသွားတဲ့အထိကို အအေးဓါတ်က ပြင်းထန်ပါတယ်။ ကိစ္စတစ်ခုဟာ ဘာ့ကြောင့်ဖြစ်ရသလဲဆိုတာကို သေသေချာချာ
 လေ့လာဖော်ထုတ်ဖို့ ကြိုးစားတာဟာ တိုးတက်တဲ့ လူမှုအဖွဲ့အစည်းတို့ရဲ့ အခြေခံအုတ်မြစ်ဖြစ်သည်နှင့်အညီ အမေရိကန် ပညာရှင်တို့ဟာ ဒီနှစ်မှာ ဘာ့ကြောင့် အအေးပိုရသလဲဆိုတာကို လေ့လာဖော်ထုတ်ဖို့ သုတေသနတွေ လုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ သုတေသန တွေ့ရှိချက်ကလေးတွေပေါ်မှီပြီး ပြောရမယ်ဆိုရင်.... ကမ္ဘာ့ဝန်ရိုးစွန်းတွေပေါ်မှာ ဗဟိုချက်တစ်ခုပေါ်မူတည်ပြီး လည်ပတ်နေတဲ့ လေ၀ဲဂယက် (Polar Vortex)  (ဆိုင်ကလုန်း) ကြီးတွေရှိပါတယ်။

ဒီဝဲဂယက်ကြီးတွေဟာ ကမ္ဘာမြေရဲ့ အပေါ်ဘက် တော်တော်မြင့်မြင့်မှာ ရှိတဲ့အတွက် သာမာန်လူတွေ အနေနဲ့ မသိကြပါဘူး။ ဂြိုလ်တု ဓါတ်ပုံတွေကနေ တစ်ဆင့်သာ သိရှိနိုင်တာပါ။ ငယ်ငယ်တုန်းက စဥ့်အိုးတွေထဲမှာ ရေကိုလက်နဲ့လှည့်ကာ ကစားဖူးကြမယ်ထင်ပါတယ်။ ရေကိုလည်အောင် လက်နဲ့လှည့်ပြီး အရှိန်လေးရလာအောင်လုပ်ကာ လွှတ်ပေးလိုက်တယ်ဆိုရင် ၀ဲဂယက်လေးဟာ သူ့ဟာသူ ဗဟိုချက်တစ်ခု အပေါ်မူတည်ကာ တစ်နေရာမှာမြဲပြီး လည်နေတာကို တွေ့ရမှာပါ။ အဲ့ဒီသဘောတရားအတိုင်းပဲ ဒီဝေဟင်အမြင့်ပိုင်း မုန်တိုင်းတွေဟာ မြောက်ဝင်ရိုးစွန်းမှာမြဲပြီး လည်နေတာပါ။ အောက်ဆုံးပုံညာဘက်က ခရမ်းရောင်ပုံလေးက အဲ့ဒီမုန်တိုင်းကို ကိုယ်စားပြုပါတယ်။ သူ့ရဲ့အလည်ဗဟိုဟာ လေဖိအားနည်းပြီး အအေးပိုပါတယ်။ 

ကမ္ဘာကြီးပိုမိုပူပြင်းလာတာကြောင့် လေခါးပတ်စီးကြောင်းတွေဟာလည်း အရင်ကနဲ့ သိပ်မတူတော့ပဲ ပြောင်းလဲလာခဲ့ပါတယ်။ ပူတဲ့လေဟာပွပြီး အပေါ်ဘက်ကို တက်ပါတယ်။ ဒီလို လေပူတွေဟာ အပေါ်ဘက်ကိုတက်ပြီး ဝေဟင်အမြင့်ပိုင်းက မုန်တိုင်းကြီးကို သွားသွားတိုက်ပါတယ်။ ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုရင် ကျောက်ဆောင်ကြီးကို ရေလှိုင်းကလေးတွေက လာတိုက်နေသလိုပါပဲ။ အချိန်ကြာတာနဲ့အမျှ ကျောက်ဆောင်ကြီးတွေ တိုက်စားခံရသလိုပဲ ဝေဟင်အမြင့်ပိုင်း မုန်တိုင်းကြီးဟာ ကမ္ဘာမြေပြင်က အပူလေလှိုင်းတွေကြောင့် မုန်တိုင်းငယ်လေးတွေအဖြစ် ပဲ့ထွက်သွားပါတယ်။ ဒီပဲ့ထွက်သွားတဲ့ မုန်တိုင်းငယ်လေးတွေဟာ မူလ မုန်တိုင်းကြီးကခွာထွက်ပြီး တခြားနေရာတွေကို လွင့်စဉ်သွားပါတယ်။ (အောက်ဆုံးပုံ ဘယ်ဘက်ကပုံက ခရမ်းရောင်ကွက်ကလေးတွေ) ဘယ်ဟာနဲ့ အလားသဏ္ဍာန်တူသလဲဆိုရင် ငယ်ငယ်က ကစားလေ့ရှိတဲ့ တုတ်ချောင်းလေးတပ်ထားတဲ့ ဒလက်လေးလိုပါပဲ။ (တုတ်ချောင်းလေးရဲ့ တစ်ဘက်ထိပ်မှာ ဒလက်လေးတစ်လက်တပ်ထား)။ လက်နှစ်ဘက်နဲ့ညှပ်ပြီး တုတ်လေးကို လှည့်လိုက်တဲ့အခါ ဒလက်လေးဟာ သူ့ရဲ့မွတ်အားပေါ်မူတည်ပြီး စစချင်းမွတ်အားများတဲ့အတွက် အပေါ်ထောင်တက်သွားပြီး တစ်ဖန်မွတ်အားကျသွားတဲ့အခါ မြေကြီးပေါ်ကို တဖြည်းဖြည်း ပြန်လည်ကျဆင်းတာကို တွေ့ရမှာပါ။

အဲ့ဒီဒလက်လေး သဘောတရားအတိုင်းပါပဲ။ လွင့်စဉ်လာတဲ့ မုန်တိုင်းငယ်လေးတွေဟာ မုန်တိုင်းကြီးလောက် (မွတ်အား) အားမကောင်းတော့တဲ့အတွက် အနိမ့်ပိုင်းကို ဆင်းလာပါတယ်။ သူ့မှာပါလာတဲ့ အအေးဓါတ်တွေက ကမ္ဘာကြီးကို အအေးပိုစေခဲ့တာပါ။ အခုပြောခဲ့တဲ့ သဘောတရားလေးတွေက လတ်တလော အမေရိကမှာ ခေတ်စားနေတဲ့ Arctic warming နဲ့ Polar Vortex ကို နားလည်လွယ်အောင် အကြမ်းဖျင်းရေးပြထားတာပါ။ ကျွန်တော်တို့ နိုင်ငံအတွက်ဆိုရင်လည်း သဘာဝသစ်တော ပြုန်းတီးမှုတွေကြောင့် နိုင်ငံအနှံ့အပြားနေရာတွေမှာ အချိန်အလိုက် အပူချိန်ပြောင်းလဲမှုတွေ၊ နှစ်အလိုက် ရာသီဥတု ပြောင်းလဲမှုတွေ၊ သူတို့နှစ်ဦး အပြန်အလှန် ဆက်စပ်မှုတွေကို စဉ်ဆက်မပြတ် အချက်အလက်တွေ စုဆောင်း သိမ်းဆည်းထားပြီး လေ့လာရပါမယ်။ ဒါမှသာ ဘာတွေဖြစ်နေပြီ၊ ဘာ့ကြောင့်၊ ဘာတွေဖြစ်တော့မယ်၊ ဘာတွေကြိုတင်လုပ်သင့်တယ် ဆိုတာတွေကို ဆက်လက် အကောင်အထည်ဖော်နိုင်မှာပါ။ လေကြောင်းပညာလေ့လာရင်း လေကြောင်းနဲ့ ဆက်စပ်နေတဲ့ ဒီရာသီဥတု ပြောင်းလဲမှုတွေကိုလည်း အထူးစိတ်ဝင်စားမိပါတယ်။ အခွင့်အရေးရရင်တော့ မိုးလေ၀သဌာနကို သွားပြီး လေ့လာပါဦးမယ်။ ဘယ်လိုအချက်အလက်တွေ သူတို့ဆီကနေ ရနိုင်မလဲဆိုတာပေါ်မူတည်ပြီး ဘွဲ့လွန်ကျောင်းသားတွေကို သုတေသန လုပ်ခိုင်းရရင် နိုင်ငံအတွက်လည်း အကျိုးများမယ်လို့ တွေးမိပါတယ်။

မောင်မျိုး


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...