Tuesday, January 21, 2014

Professional နှင့် Second Job ပြဿနာ



Professional နှင့် Second Job ပြဿနာ

ကိုရီးယားနိုင်ငံရဲ့ ရာသီဥတုက ကျွန်တော်တို့လို အပူပိုင်းကလာတဲ့သူတွေအတွက်တော့ အေးလွန်းလှပါတယ်။ -၁၀ စင်တီဂရိတ်လောက်ရှိတဲ့ ဒီရာသီဥတုကြီးမှာ အပြင်ထွက်ဖို့ ပြင်ရဆင်ရတာ မသက်သာပါဘူး။ အနွေးထည်တွေကို အထပ်ထပ်ဝတ်၊ နားကိုလည်းအုပ်၊ မာဖလာလည်ပင်းပတ်နဲ့ အပြင်လေနဲ့ ထိတွေ့တဲ့နေရာဆိုလို့ မျက်နှာအစိတ်အပိုင်းလေး တချို့သာ ကျန်ပါတော့တယ်။ သေသေချာချာနွေးအောင် ၀တ်ဆင်ပြီးတဲ့အခါမှာ ဇနီးသည်နဲ့အတူ တက္ကသိုလ်က ပါမောက္ခရဲ့ ရုံးခန်းကို ခပ်မှန်မှန်ခြေလှမ်းများနဲ့ ထွက်လာခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်ဘွဲ့ရတဲ့အထိမ်းအမှတ်အဖြစ် ဆရာကနေ သီးသန့်ဂုဏ်ပြုတဲ့အနေနဲ့ နေ့လည်စာကို အတူစားရအောင်ဆိုပြီး ပြောထားတာနဲ့ ကျွန်တော်တို့ ဇနီးမောင်နှံသွားကြခြင်းဖြစ်ပါတယ်။ သီးသန့်ဒီလိုလုပ်ရတာဟာ ထမင်းအတူတူစားဖို့ထက် နောင်ရှေ့ရေးအတွက် ပြောကြဆိုကြဖို့ပါ။ ဆရာ့ရုံးခန်းရှေ့ကို ၁၁ နာရီလောက်မှာရောက်သွားတော့ ဆရာက ခဏထိုင်ပါဦးဆိုတာနဲ့ ဆရာအလုပ်တွေ လက်စဖြတ်နေတာကို ခဏထိုင်စောင့်နေရပါတယ်။ ဆရာဟာ အဲ့ဒီလိုပဲ အမြဲကို အလုပ်ရှုပ်နေတတ်တာပါ။ ကျွန်တော့်သုတေသနအတွက် တစ်ပတ်တစ်ခါနှစ်ခါ ဆွေးနွေးဖို့ကိုလည်း ဖုန်းဆက်ပြီး အချိန်အမြဲကြိုတောင်းရပါတယ်။ သူအလုပ်ရှုပ်နေတာကို မြင်တဲ့အခါတိုင်း ကျွန်တော်အမြဲအားကျမိပါတယ်။ ကိုယ်လည်း ကိုယ့်နိုင်ငံအတွက် အဲ့ဒီလို နေ့မအားညမအား လုပ်ခွင့်ရရင် ကောင်းမှာပဲလို့ အမြဲတွေးမိပါတယ်။ သူရှုပ်နေတဲ့အလုပ်ဆိုတာက သူနဲ့ဆိုင်တဲ့အလုပ်တွေချည်းပါ၊ 

တခြားမဆီမဆိုင်လုပ်ရတဲ့အလုပ်တစ်ခုမှမပါပါဘူး။ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်လိုင်းနဲ့ ဆိုင်တဲ့အလုပ်ကိုပဲ လုပ်လေ့ရှိပြီး၊ ကိုယ့်လိုင်းနဲ့ မဆိုင်တာဆိုရင် လုံးဝကို မလုပ်ကြတာဟာ သူတို့တွေရဲ့ ချမှတ်မထားဘဲ လိုက်နာလေ့ရှိတဲ့ ပရိုကျင့်ဝတ်တစ်ခုလို့ပဲ ပြောရမယ်ထင်ပါတယ်။ တစ်ခါမှာတော့ ကျွန်တော့်ကို အင်္ဂလိပ်စာသင်ပေးဖို့ ကိုရီးယားတချို့က ကမ်းလှမ်းလာတဲ့အတွက် ဆရာ့ဆီမှာ ခွင့်တောင်းပါတယ်။ အဲ့ဒီမှာ ဆရာက အဲ့ဒါမင်းအလုပ်မှ မဟုတ်တာဆိုပြီး ချက်ချင်းပဲ ပြန်လည်ပြောကြားခဲ့ပါတယ်။ သူပြောမှပဲ ကိုယ်လည်း ရှက်သလိုလိုဖြစ်သွားပါတယ်။ ဟုတ်သားပဲ.. ငါဟာ လေကြောင်းသုတေသနသမားတစ်ယောက်ပဲ၊ အင်္ဂလိပ်စာသင်ဖို့ ငါအင်္ဂလိပ်စာလေ့လာခဲ့တာမဟုတ်ဘူး၊ ငါ့သုတေသနရဲ့ အထောက်အပံ့ဖြစ်ဖို့အတွက်ပဲ လေ့လာခဲ့တာပဲဆိုပြီး အသိပြန်လည်ဝင်လာပါတယ်။

ဆရာသူ့ရဲ့အလုပ်တွေ လက်စသတ်ပြီးနောက် ကျွန်တော်တို့ တက္ကသိုလ်အနီးရှိ ဟိုတယ်တစ်ခုကို နေ့လည်စာစားဖို့ လမ်းလျှောက် ထွက်လာခဲ့ကြပါတယ်။ စကားတပြောပြောနဲ့နှစ်ယောက်သား လမ်းလျှောက်လာလိုက်တာ အမျိုးသမီးကို မေ့သွားပါတယ်။ သတိရလို့ လှည့်ကြည့်လိုက်တော့ အမျိုးသမီးက ခပ်လှမ်းလှမ်းမှာ ပြတ်ကျန်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဒီနိုင်ငံကို ရောက်ကာစတုန်းကဆိုရင် ကျွန်တော်လည်း ဆရာနဲ့လမ်းလျှောက်တဲ့အခါတိုင်း မနဲကို ကြိုးစားပြီး လိုက်လျှောက်ရပါတယ်။ ခုတော့လည်း ငါးနှစ်ဆိုတဲ့သက်တမ်းကို အတူတကွ ဖြတ်သန်းခဲ့ပြီးနောက် သူနဲ့ကိုယ်နဲ့ လမ်းလျှောက်တာကအစ ခပ်သွက်သွက်နဲ့ အတူတူရင်ဘောင်တန်းလျှောက်နေနိုင်ပြီဖြစ်ပါတယ်။ မြန်မြန်လုပ်၊ မြန်မြန်သွား၊ များများလုပ်ဆိုတာ သူတို့ကိုရီးယားတွေရဲ့ အသွေးအသားထဲမှာကိုက စွဲနေတဲ့ အမူအကျင့်တွေပါပဲ။ ခုတော့လည်း ဒီအမူအကျင့်တွေက ကျွန်တော့်ကိုယ်ထဲကို ကူးစက်စီးဝင်သွားခဲ့ပြီဖြစ်ပါတယ်။

နေ့လည်စာအတူစားကြရင်းနဲ့ ရှေ့ဆက်ပြီးဘာလုပ်မယ်ဆိုတာတွေကို ပြောကြဆိုကြပါတယ်။ ဆရာအဓိကမေးတာကတော့ လက်ရှိဘွဲ့ယူထားတဲ့ သုတေသနနဲ့ ပက်သက်ပြီး ရှေ့ဆက်ဘာတွေလုပ်မယ်၊ ဘယ်နေရာတွေမှာ အသုံးချမယ်ဆိုတာတွေကို မေးပါတယ်။ ကျွန်တော်လည်း ကိုယ်စိတ်ကူးထာတာလေးတွေကို ပြောပြပါတယ်။ အဲ့ဒီနောက် ဆရာကနေ ကိုရီးယားကို ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခုဖြစ်အောင် တည်ဆောက်ယူခဲ့တဲ့ မျိုးဆက်ထဲမှာအပါအ၀င်ဖြစ်တဲ့ သူ့အကြောင်းကို ပြောပြပါတယ်။ သူ့မိဘတွေ လက်ထက်တုန်းကဆိုရင် ပြည်တွင်းစစ်ကြီးအပြီး စားစရာ သစ်ပင်သစ်ရွက်ကလေးတွေရဖို့ကိုတောင် တောင်ပေါ်ထိတက်ပြီး ရှာဖွေကာ စားသောက်ခဲ့ရကြောင်း၊ သူအမေရိကားကို ပညာသင်သွားတဲ့အခါမှာလည်း ထိုအချိန်က အမေရိကန်နဲ့ ကိုရီးယားတို့ဟာ အရမ်းကွာခြားတဲ့အတွက် Culture Shock ကအစ တော်တော်ခံခဲ့ရတဲ့အကြောင်း၊ အခုဆိုရင် မင်းမြင်တဲ့အတိုင်းပါပဲ တို့နိုင်ငံနဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဘာမှမကွာတော့ကြောင်း စသည်ဖြင့်ပြောပြပါတယ်။ သူယခုလက်ရှိဌာနကိုတည်ထောင်ခဲ့စဉ်ကလည်း ဘာမှမရှိတာကနေ ဘယ်လိုကြိုးစားခဲ့ရကြောင်းတွေ ပြောပြလို့ တော်တော်ဗဟုသုတလည်းရ အားလည်းရှိပါတယ်။ ကိုရီးယားနဲ့မြန်မာဟာ တော်တော်ဆင်တူပါတယ်။ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ဖြစ်တာ၊ စစ်တပ်အာဏာသိမ်းတာ စတာတွေဟာ တော်တော်ဆင်ပါတယ်။ နောက်ပိုင်း နိုင်ငံကို စနစ်ကောင်းထူထောင်ပြီး ပြန်လည်ဦးမော့အောင် ကြိုးစားခဲ့ကြတဲ့ ကိုရီးယားတို့ရဲ့ စိတ်ဓါတ်နဲ့ ဇွဲသတ္တိဟာ အင်မတန် လေးစားစရာကောင်းလှပါတယ်။ နိုင်ငံကို ထူထောင်ခဲ့တဲ့မျိုးဆက်ထဲက တစ်ဦးဖြစ်တဲ့ ဆရာနဲ့ငါးနှစ်ကျော်အတူလက်တွဲ အလုပ်လုပ်ခွင့်ရပြီး သူ့ရဲ့စိတ်ဓါတ်နဲ့ အတွေးအခေါ်တွေကို လေ့လာသင်ယူခွင့်ရခဲ့တာဟာလည်း ကျွန်တော့်အတွက် ကံကောင်းခြင်းတစ်ခုပါပဲ။

ဆရာက ကျွန်တော်မြန်မာပြန်ပြီး တက္ကသိုလ်တစ်ခုခုမှာ ပြန်ပြီး အလုပ်လုပ်မယ်လို့ စိတ်ကူးထားတယ်ဆိုလို့ ဘယ်ကျောင်းဖြစ်မလဲဆိုပြီး မေးပါတယ်။ ဖြစ်နိုင်တဲ့ကျောင်းတွေကို ကျွန်တော်လည်း ပြန်ပြောပြရင်း၊ မြန်မာက ကျောင်သားတွေကို ခေါ်ပြီး ပညာသင်ပေးဖို့ ဆရာ့ကို ကျွန်တော်ပြောပါတယ်။ ဆရာကလည်း သူတို့လာကြည့်မယ်ပြောရင်း၊ “ဒါနဲ့ မင်းတို့ဆီမှာ လက်တွေ့တော့ လုပ်နိုင်မယ်မထင်ဘူး။ လက်တွေ့လုပ်ဖို့တွေက ငွေကုန်ကြေးကျများတယ်။ (အထူးသဖြင့်လေကြောင်းသုတေသနဟာ ငွေကုန်ကြေးကျ အရမ်းများပါတယ်) ကွန်ပြူတာနဲ့ တွက်ချက်တာတွေလုပ်ဖို့ကော မင်းတို့ဆီမှာ ကျောင်းသားတွေကို ကွန်ပြူတာနဲ့ နေရာလေးတွေ ကျောင်းမှာပေးထားနိုင်လား”လို့ မေးလာပါတယ်။ ကျွန်တော်လည်း မပေးထားနိုင်ကြောင်း ရိုးသားစွာ ၀န်ခံလိုက်ပါတယ်။ ဆရာလည်း ဒါဆို ဘယ်လိုလုပ်ပြီး ခေတ်နဲ့အညီ လုပ်နိုင်ကိုင်နိုင်တဲ့ ကျောင်းသားတွေ ပေါ်ထွန်းမလဲဆိုတဲ့ပုံစံနဲ့ နဲနဲစဉ်းစားသွားပါတယ်။ တကယ်တော့ ကျွန်တော်တို့တက္ကသိုလ်ဆိုတာတွေက စာသင်ခန်းနဲ့ ကျောင်းအုပ်ကြီးရုံးခန်းရှိရင်ပြီးရောဆိုပြီး တည်ဆောက်ထားခဲ့တာတွေပါ။ ကျောင်းသားတွေကို ကျောင်းမှာ သုတေသနလုပ်ဖို့ နေရာပေးဖို့နေနေသာသာ ဆရာတွေအတွက်တောင် စာထိုင်ဖတ်စရာ နေစရာမရှိတဲ့ ကျောင်းတွေကအများသားပါ။ တချို့တက္ကသိုလ်တွေမှာဆို ဆရာတွေတောင် နေစရာမရှိလို့ အပြင်မှာငှားနေရတာတွေတောင် ကြားသိနေရပါတယ်။ ဒီလိုကျောင်းတွေကို တက္ကသိုလ်ဆိုပြီး နာမည်တပ်ပေးထားတာကလည်း တကယ်တော့ ရှက်စရာကောင်းလှပါတယ်။

နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ မင်းဆရာပြန်လုပ်ရင် တစ်လကို လခဘယ်လောက်ရမလဲဆိုပြီး မေးလာပါတယ်။ ကျွန်တော်လည်း အမှန်အတိုင်းပဲ ဒေါ်လာ ၂၀၀ လောက်ရမယ်လို့ ဖြေလိုက်တယ်ဆိုရင်ပဲ ဆရာ့ပါးစပ်ကနေ ကျွန်တော် ထင်မှတ်မထားတဲ့ စကားတစ်ခွန်း ချက်ချင်းထွက်လာပါတယ်။  “ဒီလိုဆိုရင် မင်းဒုတိယအလုပ် လိုတာပေါ့ကွ”တဲ့။ နောက်ပြီး ဆရာက ယခုလို အားပေးပါတယ်။ “စိတ်ဓါတ်မကျပါနဲ့၊ အခုကျန်နေတဲ့အချိန်တွေမှာ ကိုရီးယားနိုင်ငံကို လှည့်ပြီးလေ့လာ၊ ဒီကနေမင်းနိုင်ငံမှာမရှိသေးတဲ့ သင့်တော်တဲ့ တစ်ခုခုကို မင်းနိုင်ငံမှာပြန်ပြီး အသုံးချနိုင်မယ်ဆိုရင် စီးပွားရေးအရ အောင်မြင်မှာပါ” ဆိုပြီး ကျွန်တော့်အတွက် စီးပွားရေးကအစ အဆင်ပြေအောင် စဉ်းစားပေးနေတဲ့ ဆရာ့ကို လေးစားပြီးရင်း လေးစားနေမိပါတယ်။ တကယ်တော့ ကျွန်တော်တို့တွေဟာ ခဏတာဆုံဆည်းကြခြင်းသာ၊ လူမျိုးချင်းလည်းမတူပါ၊ ဆရာကိုယ်တိုင်လည်း မြန်မာကို တစ်ခေါက်သာ ရောက်ဖူးတာပါ။ ဒါကို ဆရာတစ်ယောက်ရဲ့ လခကို ပြောလိုက်တာနဲ့တင် ဆရာဟာ ဒီငွေနဲ့တော့ မြန်မာနိုင်ငံမှာ လူတစ်ယောက်မရပ်တည်နိုင်ဘူးဆိုတာကို ချက်ချင်းသိပါတယ်။ အဲ့ဒီလိုနဲ့ ကိုယ်နဲ့မဆိုင်တဲ့အလုပ်မလုပ်သင့်ဘူးလို့ ကျွန်တော့်ကို သင်ပေးခဲ့တဲ့ ဆရာကိုယ်တိုင်ကပဲ ကျွန်တော့်အတွက် စီးပွားရေးစီမံကိန်းတွေတောင် စဉ်းစားပေးနေပြန်ပါတယ်။

တကယ်တော့ ပရိုသမားဆိုတာ ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်နဲ့ ပက်သက်တာပဲ လုပ်ချင်ကြတာပါ။ သို့သော်လည်း မူရင်းပရော်ဖက်ရှင်နယ်အလုပ်က မိမိ မိသားစုအတွက်၊ ကျန်းမာရေးအတွက်၊ သားသမီးများ ပညာရေးအတွက် မလုံလောက်လျှင်တော့ မည်သည့်နယ်ပယ်က ပရိုသမားမျှ ပရိုအလုပ်ကို ခေါင်းငုံ့ကာ လုပ်ကိုင်နေကြမည်မဟုတ်ပါ။ အဆိုးရွားဆုံးအနေဖြင့် မိမိရဲ့အလုပ်အပေါ်မှာ သစ္စာဖောက်ပြီး မတရားသဖြင့် လာဘ်လာဘ ရှာခြင်းမျိုးတွေဖြစ်လာပေမည်။
ပရိုသမားတို့တွင် တူညီသော စိတ်ဓါတ်တစ်မျိုးရှိတတ်ပါတယ်။ ၎င်းမှာ မိမိပညာရပ်နဲ့ ပက်သက်ပြီး ခေတ်ရေစီးနဲ့အညီ အများနည်းတူ နောက်ကျမကျန်ဘဲ လေ့လာလိုက်စားချင်သော စိတ်ဓါတ်ပါ။ ငါးနှစ်တာမျှလေ့လာခွင့်ရခဲ့သော ကိုရီးယားလူမှုအသိုင်းအ၀ိုင်းတွင်တော့ စီးနေသောရေပေါ်တွင် လှေလှော်နေရဘိသကဲ့သို့ ဥပဒေ၊ စနစ်ဇယား၊ ခံစားခွင့်တို့က အဘက်ဘက်မှ ပြည့်စုံအောင်ပံ့ပိုးပေးထားလေသည်။ မြစ်ရေစီးကြောင်းဟာ တောတွေ၊ တောင်တွေ အားလုံးကို ထိုးဖောက်ကာ လမ်းထွင်ပေးထားပြီး၊ ပရိုသမားတို့ဟာ ထိုရေစီးကြောင်းပေါ်တွင် မိမိတို့၏ ပညာရပ်လှေကို အသာအယာယက်လှော်ရုံနဲ့ အလွယ်တကူ ခရီးပေါက်နိုင်လေသည်။ ယခင်စနစ်များအတိုင်းသာဆိုလျင် မြန်မာနိုင်ငံရှိ ပရိုသမားတို့၏ဘ၀ဟာ မြစ်ရေစီးကြောင်းပေါ်မှာ လှေလှော်ခွင့်မရသည့်အပြင် မြစ်ကမ်းဘေးမှ ဆင်းကာ လမ်းလျှောက်ရသကဲ့သို့ တောကိုလည်းဖာသာဖြတ်၊ တောင်ကိုလည်း မိမိခွန်အားနှင့်သာတက်ကာ ယက်ကန်ယက်ကန်နှင့်သာရှိပေမည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျင် လူတစ်ဦးချင်းစီက မိမိနှင့်သက်ဆိုင်သော အလုပ်ကို ကောင်းမွန်စွာ ဂရုစိုက်လုပ်ဆောင်ကြဖို့လိုပေသည်။ ထိုသို့လုပ်ဆောင်လာစေရန် တာဝန်ရှိသူတို့အနေဖြင့် ပေးသင့်သည်ကိုပေး၊ ဖွင့်သင့်သည်ကိုဖွင့်၊ ကြပ်သင့်သည်ကိုကြပ်၊ ပြဌာန်းသင့်သည့် ဥပဒေများကို အလျင်အမြန်ပြဌာန်းခြင်းများဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သင့်ပေသည်။ သို့မှသာလျှင် သက်ဆိုင်ရာပညာရပ်တွင် ကမ်းခတ်အောင် ကျွမ်းကျင်သော၊ ပြည်သူကို အကျိုးပြုနိုင်သော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာပေလိမ့်မည်။


မောင်မျိုး(စက်မှု)








No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...