Monday, February 3, 2014

မြောက်ကိုရီးယားက တောင်ကိုရီးယားကို အလစ်ဝင်သိမ်းဖို့ တူးထားတဲ့ မြေအောက်လှိုဏ်ခေါင်း နံပါတ် ၃



တောင် နဲ့ မြောက်ကိုရီးယားစစ်ပွဲ ၁၉၅၃ မှာ ပြီးပြီးတော့ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုခဲ့ကြပြီး ၃၈ မျဉ်းပြိုင်မှာ ၂.၅ မိုင် (၄ ကီလိုမီတာ) အကျယ်ရှိတဲ့ စစ်သံကင်းမဲ့ဇုန် တစ်ခု တည်ထောင်ကာ ယခုအချိန်အထိ နေခဲ့ကြတယ်။ စစ်သံကင်းမဲ့ဇုန်ဆိုပေမယ့် နှစ်ဖက်တပ်တွေနဲ့ အမေရိကန်တပ်တွေ အများအပြား ကင်းချထားတဲ့ ကမ္ဘာပေါ်မှာ စစ်သားအများဆုံးချထားတဲ့ နယ်ခြေားမျဉ်းတစ်ခုလည်းဖြစ်တယ်။ ရုရှ၊ တရုတ်နောက်ခံနဲ့ မြောက်ကိုရီးယားဟာ ၁၉၅၃ မှာ တောင်ကိုရီးယားကို လက်လွှတ်ဆုံးရှုံး လိုက်ရပေမယ့် တောင်ကိုရီးယားကို သိမ်းပိုက်ဖို့ အမြဲပဲ ကြံစည်နေခဲ့ပါတယ်။ အလစ်ဝင်တိုက်ဖို့ လေးဘက်လေးနေရာ တိတ်တဆိတ် လှိုဏ်ခေါင်းတူးနေခဲ့တာပါ။ သမ္မတော် အိမ်တော်နဲ့ လွှတ်တော်အထိ အရောက်တူးဖို့ ကြံစည်ထားကြတာပါ။ ဆိုးလ်မြို့တော်က မြောက်ကိုရီးယားနဲ့ သိပ်မဝေးပါဘူး.. သာမာန်လက်နက်နဲ့ လှမ်းထုတောင် ကျည်ဆံရောက်နိုင်ပါတယ်။ စကဒ်ဒုံးကျည်တွေဘာတွေတောင် မလိုဘဲ တိုက်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း ကိုရီးယားရဲ့ ဆိုးလ်မြို့တော်ကြီး ရန်သူ့လက်အောက် မရောက်ဖို့အတွက် နယ်ခြားစောင့်တပ်တွေဟာ အစဉ်သတိမလပ် စောင့်ကြည့်နေရတာပါ။ မြောက်ကိုရီးယားက တောင်အောက်တွေကနေ လှိုဏ်ခေါင်းဖောက်တော့ အပေါ်က သစ်ပင်တွေက တမျိုးတဖုံ ပြောင်းလဲသွားတာကို သတိထားမိရာကနေ တောင်ကိုရီးယားဘက်က လှိုဏ်ခေါင်းဖောက်နေတယ်လို့ သံသယရှိသွားတာလို့ ဆိုပါတယ်။ အဲ့ဒီမှာ မြေအောက်ရှာဖွေရေး ကိရိယာတွေနဲ့ ရှာဖွေကာ သံသယရှိတဲ့ နေရာတွေကို မြေအောက်ထဲထိ ကျင်းတူးကာ လိုက်လံစစ်ဆေးခဲ့ကြပါတယ်။ ဒီလို ကြိုးစားရှာဖွေခဲ့ကြလို့ မြေအောက်လှိုဏ်ခေါင်းပေါင်း ၄ ခုတိတိ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မတွေ့ခဲ့ဘူးဆိုရင်တော့ ဒီနေ့ ကမ္ဘာ့သမိုင်းဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲနေမှာ အသေအချာပါပဲ။

ဒီလိုလှိုဏ်ခေါင်းလေးခုထဲကမှ ခရီးသွားတွေအတွက် ၀င်ထွက်ခွင့်ပြုထားတဲ့ တတိယလှိုဏ်ခေါင်းကို ရောက်ဖြစ်ခဲ့ပါတယ်။ ဒီလှိုဏ်ခေါင်းကို
အောက်တိုဘာ ၁၇ ရက်၊ ၁၉၇၈ ခုနှစ်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလှိုဏ်ခေါင်းကို အသုံးပြုပြီးတော့ စစ်သည်တစ်သောင်း လှုပ်ရှားသွားလာနိုင်တယ်လို့ဆိုပါတယ်။ စတင်တွေ့ရှိစဉ်တုန်းက မြောက်ကိုရီးယားက ဒီလှိုဏ်ခေါင်းကို တောင်ကိုရီးယားတို့က မြောက်ကိုရီးယားကို တိုက်ဖို့ ဖောက်ထားတာပါဆိုပြီး သူခိုးလူဟစ်လုပ်ပါသေးတယ်။ လှိုဏ်ခေါင်းဘေးနံရံတွေမှာတော့ ကျောက်မီးသွေး ဆေးရည်တွေ သုတ်လိမ်းထားတာတွေ့ရပါတယ်။ တကယ်တော့ မြောက်ကိုရီးယားက ဒီလှိုဏ်ခေါင်းကို မိခဲ့လို့ရှိရင် ကျောက်မီးသွေး တွင်းဟောင်းတစ်ခုပါဆိုပြီး လိမ်လည်ဖို့လည်း ကြံစည်ခဲ့ပုံပါပဲ။

(လှိုဏ်ခေါင်းထဲကို ရထားစီးပြီး ဆင်းခဲ့ရပါတယ်။ တော်တော်မတ်ပါတယ် ၃၅ ဒီဂရီလောက် ရှိမယ်ထင်ပါတယ်။ ကင်မရာတွေဘာတွေ သယ်သွားခွင့်မရှိပါဘူး။ ဖုန်းဖွက်ယူသွားပြီး ဆင်းနေတုန်းကို မူဗီရိုက်ထားလိုက်ပါတယ်။ တခြားသော ဗဟုသုတ ရှာမှီးသူများကို ပြချင်လို့ဖြစ်ပါတယ်။ ဖုန်းသာလွတ်ကျသွားရင် ပြန်ရစရာ အကြောင်းမရှိပါဘူး။ အဲ့ဒီလို risk လေးရှိတဲ့ကြားက ရိုက်ယူလာခဲ့တာပါ။)


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...