Thursday, February 27, 2014

ကိုရီးယား အိမ်တွင်း စက်မှုလုပ်ငန်း

သုတေသနက လက်တွေ့ အဓိက လုပ်ရတာဆိုတော့ တွင်ခုံမှာသွားပြီး မော်ဒယ်လေးတွေ အပ်ရတယ်။ သုတေသနအတွက်ဆိုတော့ smoothness ကအစ error တက်နိုင်တော့ အားမနာတမ်းပြောရတယ်။ ငွေကြေးကျတော့ ကျောင်းပရောဂျက်ဆိုတော့ အပြင်လုပ်ငန်းတွေလို မပေးနိုင်ပြန်ဘူး။ ဒါ့ကြောင့် စေတနာ ရှိတဲ့သူမှသာ ကိုယ့်မော်ဒယ်ကို စိတ်ရှည်ရှည်ထား လုပ်ပေးတာပါ။ ငါးနှစ်လုံးလုံး စိတ်ရှည်ရှည်ထားပြီး လိုအပ်တဲ့ မော်ဒယ်တွေကို လုပ်ပေးခဲ့တဲ့ ဒီဦးလေးကြီးကို တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ နောက်တစ်ချက် သတိထားမိတာက ဒီနိုင်ငံ(ဆိုးလ်မြို့)ရဲ့ အိမ်တွင်းစက်မှုလုပ်ငန်းနဲ့ ကျွန်တော်တို့ဆီက စက်မှုလုပ်ငန်း ကွာဟမှု ကြီးမားတာကိုပါ။ ကျွန်တော့် ဇာတိမြို့က အိမ်တွင်းစက်မှုလုပ်ငန်း ထွန်းကားတဲ့မြို့ပါ။ ဒါပေမယ့် အဘိုးအဘွား လက်ထက်ကနေ အခုအချိန်အထိ ဒီတွင်ခုံဟာ ဒီတွင်ခုံပါပဲ၊ ဒီနည်းပညာဟာ ဒီနည်းပညာပါပဲ.. ဘာမှတိုးတက်မှုမရှိတာ အဘိုးအဘွားလက်ထက်ကနေ ခုချိန်ထိပါပဲ။ အခု ဒီနိုင်ငံရဲ့ အိမ်တွင်းစက်မှု လုပ်ငန်းကတော့ ပုံထဲကအတိုင်းပါပဲ အဘိုးကြီးရဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းက ကွန်ပြူတာနဲ့ မောင်းတဲ့ CNC စက်တွေပါ။ ဒီစက်မှုရပ်ကွက်မှာ အားလုံးပဲ CNC စက်တွေသုံးပြီး အလုပ်လုပ်နေကြတာပါ။ ကျွန်တော် သိသလောက်တော့ ကျွန်တော်တို့နိုင်ငံမှာ CNC စက်အလုံးရေဟာ အနည်းငယ်သာရှိပါတယ်။ ဒီစက်တွေ ကိုင်တွယ်တတ်တဲ့သူကလည်း လက်ချိုးရေလို့ ရပါသေးတယ်။ သူများဆီက အဖိုးကြီးတွေ စက်သုံးလေးလုံးကို တစ်ယောက်တည်း ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်အလုပ်လုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာတော့ အကြီးစား စက်မှုလုပ်ငန်းဆိုတဲ့နေရာမှာတောင် ဒီစက်တွေ တွင်တွင်ကျယ်ကျယ် မသုံးနိုင်ကြသေးပါဘူး။ အများကြီး ကြိုးစားရပါဦးမည်။


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...