Wednesday, July 23, 2014

အညာ နံနက်ခင်းတစ်ခုကို ဖြတ်သန်းခြင်း



နိုးနေတာ ကြာပြီဖြစ်သော်လည်း အညာမိုးလေးက တအုံနွေးနွေးဆိုတော့ မထချင်သေးတာနဲ့ ကုတင်ပေါ်မှာပဲ ဆက်လှဲနေမိတယ်။ ပူပြင်းလှတဲ့အညာမြေမှာ ခုလို ရာသီဥတုက စိမ့်စိမ့်ကလေးဖြစ်နေဖို့က တော်တော်ခဲယဉ်းတာမဟုတ်လား။ တစ်နှစ်လုံးနေလို့မှ ဘယ်နှစ်ရက်မှ ရှိတာမဟုတ်လို့ ကြုံတောင့်ကြုံခဲလို့ ဆိုရမှာပဲ။ ဒီလိုနဲ့ စောင်ကလေးနဲ့ကွေးလို့နှပ်နေရင်း ကျောင်းအစ်မကြီးရဲ့ ထတော့လေဆိုတဲ့ အသံလာတဲ့အချိန်ထိ ကွေးနေလိုက်မိတယ်။ အိပ်ယာကထတာနဲ့ အိမ်အပြင်ကိုထွက်လိုက်တယ်ဆိုရင်ပဲ လေအေးအေးလေးက စိမ့်ကနဲနေအောင် လူကိုလာပွေ့ဖက် နှုတ်ဆက်သွားတယ်။ အသက်ကလေးဝအောင်ရှူလိုက်ပြီး နံနက်ခင်း ကိုယ်လက်လေ့ကျင့်ခန်းလေး စတင်လှုပ်ရှားလိုက်တယ်။ လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်လေး လုပ်ထားဖို့လိုလာပြီလို့ ထင်လို့ တတ်အားသရွေ့ သတိထားပြီးတော့ အိပ်ယာထတိုင်း လေ့ကျင့်ခန်းလုပ်ဖြစ်တယ်။ ဘာလိုလိုနဲ့ ကြံ့ခိုင်မှုက ငယ်ငယ်ကနဲ့ တခြားဆီဖြစ်လာပြီဆိုတာ ကိုယ့်ဟာကိုယ် သတိထားမိလာတယ်လေ။ ငယ်ငယ်ကဆို ကျန်းမာကြံ့ခိုင်မှုက ဘာကောင်းသလဲမမေးနဲ့။ ခုခေတ်လို ထိုင်ပြီးဆော့ရတဲ့ ကွန်ပြူတာတို့၊ တီဗွီတို့မှ မရှိတာ။ ကစားတဲ့နည်းက ပြေးတမ်းလိုက်တမ်း၊ သေနတ်စစ်တိုက်တမ်းတဲ့။ ညဆိုတစ်ညလုံး တစ်ရက်ကွက်လုံးအနှံ့ ပတ်ပြေးနေတာကိုး မကြံ့ခိုင်ပဲ ဘယ်နေပါ့မလဲ။ အချိန်မရွေးထပြေး သုံးလေးငါးမိုင်တော့ ဘယ်တော့မှ စာမဖွဲ့ဖူးဘူး။ ပြေးတမ်းလိုက်တမ်းကစားလို့ကတော့ ကိုယ်က ခွေးရူး(လိုက်ဖမ်းသူ) ဖြစ်လို့ကတော့ ပြေးသူထက် ကိုယ်ကအပြေးသန်ရင်သန်၊ ဒါမှမဟုတ်ရင်တော့ ဘယ်ခြုံထဲဝင်ပြီး ဘယ်လိုအငိုက်ဖမ်းလိုက်ရမလဲဆိုပြီး ဥာဏ်ထုတ်ပြီး ဖမ်းရတော့တာပ။ ခုတော့ အဲ့ဒီလို ကြံ့ခိုင်မှုမျိုးရှိဖို့ဝေးစွ ဓါတ်တိုင်နှစ်တိုင်လောက်ဆို လူကဟိုက်လာပြီပဲ။ ကမ္ဘာကျော် အားကစားသမားတွေ အသက်သုံးဆယ်ကျော်လာရင် အကျပိုင်းရောက်လာပြီဆိုတာ အရင်ကတော့ မဖြစ်နိုင်တာလို့ တွေးမိရာကနေ ခုတော့ ကိုယ်တွေ့ကနေ လက်ခံလာရပြီပဲ။ လောကမှာ နုပျိုခြင်းဟာ မြစ်တစ်မြစ်ထဲကို နှစ်ခါခုန်မဆင်းနိုင်ဘူးဆိုတဲ့ စကားလိုပဲ နောက်တစ်ကြိမ်ပြန်မရနိုင်ပါလားလို့ သတိထားမိလာတယ်။

အတွေးလေးတွေ ဖြန့်ကျက်နေရင်း လေ့ကျင့်ခန်းလုပ်တာ ပြီးလို့ပြီးမှန်းမသိတောင် ဖြစ်သွားတယ်။ မျက်နှာသစ်ဖို့အတွက် ရေချိုးကန်ဆီသွားရတယ်။ အညာမှာတော့ ရေချိုးရေလှောင်တဲ့ ကန်တွေဟာ အိမ်ဝိုင်းတစ်ခုရဲ့ ထောင့်ဘက်တွေမှာ ရှိတတ်တယ်။ မြို့ကြီးတွေမှာလို အိပ်ခန်းထဲမှာ၊ အိမ်ထဲမှာ ရှိမနေတတ်ဘူး။ နယ်ကလူတွေကတော့ အလွယ်တကူ အုတ်ကန်လို့ပဲ ခေါ်ကြတယ်။ အုတ်ကန်ဆီကိုရောက်တော့ သွားတိုက်ဖို့ သွားတိုက်တံကို ယူလိုက်တယ်။ ခုတလော ကွမ်းအနည်းငယ်စားဖြစ်နေတော့ ကွမ်းဂျိုးတွေ သိပ်မတင်အောင် သွားတိုက်တံကို အသွားလေးတွေစောင်းထားတဲ့ ခပ်မာမာလေးဝယ်ပြီးတိုက်ဖြစ်တယ်။ သွားတွေကို ဖိတိုက်တာ အသံတွေမြည်လွန်းလို့တဲ့ အိမ်ကကျောင်းအစ်မကြီးက “ရှင်သွားတိုက်တာက အိမ်ထဲကတောင် ကြားရတယ်၊ ဒါ့ကြောင့် ဒီကွမ်းတွေ မစားပါနဲ့ဆိုတာကို” ဆိုပြီး သတိဝင်တိုင်း ကောင်းချီးပေးတတ်တယ်။ ပြောရရင်တော့ “တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး” ဖြစ်တာပေါ့လို့ သူတစ်ပါးကို အပြစ်ပုံချတဲ့သူတွေ အကျင့်အတိုင်း ပြောလို့ရတယ်ပေါ့။ တကယ်တော့ ကိုယ်ကိုယ်တိုင်က စိတ်ကပါနေတာကိုးဗျ။ ဒီတော့ ဗမာပြည်ရောက်ပြီး မကြာခင်ပဲ ကွမ်းလေးက စပြီးစားဖြစ်လာတယ်ပေါ့။ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ပြောမကုန်အောင်ပါပဲ။ အင်္ကျီတွေစွန်းတယ်၊ လူညစ်ပတ်တယ်.. သန့်ရှင်းမှန်းမသန့်ရှင်းမှန်းမသိတဲ့ လူတွေရဲ့လက်နဲ့ လုပ်ပေးတာစားတယ်.. ကွမ်းရွက်ဆေးတဲ့ ပုန်းထဲကိုကြည့်လိုက်ရင်လည်း ရေတွေက ညစ်ပတ်ပေရေနေတာပဲ.. “အော် ငါ ဒီကွမ်းစားတာဟာ အဲ့ဒီပုန်းထဲက ရေတွေကို သောက်နေတာပဲလို့” ကိုယ့်ဟာကို မစားဖြစ်အောင် ကြံဖန်တွေးဖြစ်တယ်။ “ဒီပုံးထဲကရေတွေ သောက်ဆိုရင် ငါသောက်မှာမဟုတ်ဘူး.. ခုတော့ ငါ ဒီရေတွေကို သောက်မိနေပြီ”ဆိုပြီး စိတ်ပျက်အောင် အမြဲတွေးမိတယ်။ ခုထိတော့ စိတ်ကမပြတ်နိုင်သေးဘူးဖြစ်နေသေးတယ်။ မကြာခင်တော့ သံယောဇဉ်ပြတ်အောင် အမြန်ဆုံး ကြိုးစားရဦးမယ်။ သူ့ထက်သံယောဇဉ်ကြီးရမယ့် သားဦးရတနာလည်း ရတော့မယ်လေ။

လူတစ်ယောက် အသက်ကြီးလာရင် စကားများတတ်တယ်ဆိုတဲ့ စကားလိုပဲ အတွေးတွေကလည်း တစ်နေ့တစ်ခြား များများလာတော့တာပဲ။ သွားတိုက်တာကလည်း ကြာတော့ စိတ်ကလည်း ဟိုတွေးဒီတွေး တွေးမိတော့တာပေါ့။ မျက်နှာသစ်ပြီးတာနဲ့ နံနက်စာစားဖို့ ထမင်းစားပွဲဘက် ထွက်လာမိတယ်။ ထမင်းဖြူဆီဆမ်းရယ်၊အကြော်ပူပူလေးရယ်၊ မန်ကျီးသီးထောင်းကျော်လေးရယ်ဟာ အညာသားတို့ အသည်းခိုက်စေတဲ့ နံနက်စာပေါ့။ အကုန်အကျမများသလို ကျန်းမာရေးနဲ့လည်း ညီညွတ်လှတဲ့ ဒီထမင်းဆီဆမ်းလေးဟာ သာမာန်လူအတွက် ဘာမှမဟုတ်ဘူးထင်ရပေမယ့် တစ်နယ်တကျေးမှာရောက်နေပြီး၊ မိသားစုနဲ့အတူ ဒီထမင်းဆီဆမ်းနဲ့ အကြော်လေးစားရဖို့ကို ခြောက်နှစ်လောက် စိတ်ကူးယဉ်ခဲ့ရသူတွေအဖို့တော့ ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်တဲ့ ဘ၀ရဲ့ စည်းစိမ်တစ်ခုပါပဲ။ နံနက်က အကြော်သွားဝယ်တာ နောက်ကျတဲ့အတွက် အကြော်နှစ်ရာဖိုး ခြောက်ခုပဲရခဲ့တယ်။ ဒါတောင် တဆင့်သည်ဆီက ၀ယ်ခဲ့ရတယ်လို့ အမေကပြောတယ်။ တိုက်ရိုက်သည်ဆို တစ်ရာဖိုး လေးခုရတယ်လေ။ အကြော်ကနည်းတဲ့အတွက် မိဘတွေက ကိုယ်တွေကိုပဲ စားကြဆိုပြီး သူတို့ကတော့ မနေ့က ဟင်းကျန်တဲ့ ငါးဟင်းနဲ့စားကြတယ်။ အကြော်ကလေးတစ်ကိုက်ကိုက်လိုက်၊ မန်ကျီးသီးကျော်လည်း ခံတွင်းရှင်းအောင်စားလိုက်၊ ရေနွေးကြမ်းပူပူလေးမှုတ်သောက်လိုက်၊ အလာပသလာပပြောလိုက်နဲ့ ဒီနေ့မနက်ထမင်းဝိုင်းလေးဟာ စိုပြေနေတော့တယ်။

နံနက်စာစားပြီးတော့ အညာသားတို့ ဓါတ်သဘောအရ လက်ဘက်ရည်ဆိုင်သွားဖို့ တာစူပါတော့တယ်။ အညာသူ၊ အညာသားများဟာ လက်ဘက်ရည်သောက်ချင်တာထက် လက်ဘက်ရည်ဆိုင်ကို သွားချင်တဲ့စိတ်က ပိုကဲတတ်တယ်။ အိမ်မှာ ဘယ်လောက်ပြည့်စုံအောင် လုပ်ထားထား လက်ဘက်ရည်ဆိုင်တော့ သွားထိုင်တတ်ကြတယ်။ ဆိုင်သွားဖို့ ဆိုင်ကယ်ကိုထုတ်ပြီး ဖုန်အနည်းငယ်ခါရသေးတယ်။ အညာမှာ အညာစကားအရ တစ်နေ့ကို ဖုန်တစ်ပိဿာလောက် တက်တယ်လို့အဆိုရှိတယ်။ ဒီဖုန်တွေကြောင့်ပဲ ပြည်ပက ပြန်ရောက်စကဆိုရင် မျက်လုံးထဲမှာ ဖုန်တွေဝင်ပြီး ခိုးလိုးခုလုနဲ့ မျက်စိတွေကြည့်လို့ကိုမကောင်းဘူး။ ခုတော့လည်း ကိုယ်မွေးခဲ့တဲ့နေရာနဲ့ အသားကျပြီး နေသားတကျ ရှိလာပြီဆိုရမယ် အားလုံးအိုကေတဲ့ ဘိုကေပါပဲ။ ဆိုင်ကယ်မောင်းထွက်လာပြီး မန္တလေးသွားတဲ့ လမ်းမကြီးပေါ်ရောက်တယ်ဆိုရင်ပဲ လမ်းတစ်ခုလုံး ဆိုင်ကယ်တွေ အပြည့်နဲ့ မြို့လေးဟာ သက်ဝင်လှုပ်ရှားနေတာ တွေ့ရတယ်။ ဖြတ်သွားတဲ့ ဆိုင်ကယ်အမျိုးအစားတွေကို လိုက်ကြည့်မိရင်း အညာသားတို့အကြိုက် ဒိုလို့ခေါ်တဲ့ YAMAHA ထုတ် ဆိုင်ကယ်တွေကိုမြင်တဲ့အခါ တက္ကသိုလ်ကျောင်းသားဘ၀အစ မန္တလေးမှာ ကျောင်းတက်ခဲ့စဉ်က အခြေအနေကို စိတ်ထဲမှာ ပြန်လည်အောက်မေ့သတိရလာမိတယ်။ အဲ့ဒီအချိန်တုန်းက စက်ဘီးခေတ်လို့ပြောရမယ်၊ အခုလို တရုတ်ဆိုင်ကယ်တွေလို ပေါပေါလောလော ဆိုင်ကယ်တွေမရှိသေးဘူး။ မန္တလေးမြို့ကြီးမှာ စက်ဘီးတွေသာ ပေါများပြီး ဆိုင်ကယ်ကတော့ ဂျပန်ဆိုင်ကယ်တွေကို ငွေကြေးချမ်းသာသူတွေသာ စီးနိုင်ကြတဲ့ခေတ်ပေါ့။ ခုတော့ ကျွန်တော်တို့ ကျောင်းသားဘ၀က စက်ဘီးတွေပေါသလို ဆိုင်ကယ်တွေက ပေါများပြည့်နှက်နေတဲ့ မန္တလေးမြို့ကြီးပေါ့။ ကိုယ်တွေကျောင်းတက်ခဲ့တုန်းကတော့ စက်ဘီးလေးတွေ ကိုယ်စီစီးပြီး ကျုံးကိုပတ်၊ တောင်ပေါ်တက်နဲ့ ပျော်ပါးခဲ့ကြတယ်။ ဒိုတွေကိုမြင်တိုင်း ကျွန်တော်တို့ သူငယ်ချင်းတစ်တွေ သွားရည်ကျမိကြတာလည်း အခါခါပေါ့။ “ဒိုလေးနဲ့ ဘို(မ)လေးကိုတင် ချစ်ခရီးကိုနှင်” ဆိုပြီး စာချိုးမိခဲ့ကြတယ်။ ဒိုမရှိသော်လည်း ကျွန်တော်တို့ အပျော်တွေကို ထိပါးခြင်းမရှိခဲ့ပါဘူး။ သူငယ်ချင်းတွေအားလုံး တက်ညီလက်ညီနဲ့ အပြန်အလှန် ရိုင်းပင်းကြရင်း မန္တလေးတက္ကသိုလ်နေ့ရက်တွေဟာ အမြဲလှပနေခဲ့တာပါပဲ။ လက်ဘက်ရည်တစ်ခွက်၊ နေခြည်တစ်ဖက် (ဆေးပေါ့လိပ်)နဲ့ ကချင်လွယ်အိတ်ကိုယ်စီနဲ့ မန္တလေးအနှံ့ခြေဆန့်ခဲ့ကြတဲ့ ကျွန်တော်တို့ စက်ဘီးစီး ရဲဘောက်ရဲဘက် ဘ၀တူသူငယ်ချင်းတွေဟာလည်း ကချင်၊ကရင်၊ဗမာ၊ဗုဒ္ဓ၊ခရစ်ယာန် မခွဲခြားဘဲ ခုထိ လက်တွဲမြဲနေတာဟာ အမိတက္ကသိုလ်က ပေးလိုက်တဲ့ ချစ်စရာ့အမွေတစ်ခုပါပဲ။ မန္တလေးစက်မှုကျောင်းသားတွေ ဆုံရင်ပြောလေ့ရှိတဲ့အထဲမှာ ရေတမာပင်တန်းအကြောင်းဟာ ပါစမြဲပါ။ ညဘက် လက်ဘက်ရည်သောက်ပြီး အပြင်က ပြန်လာတဲ့ ကျောင်းသားတွေဟာ ရေတမာတန်းရောက်တာနဲ့ လက်ဘက်ရည်ဆိုင်က အလကားရတဲ့ရေနွေးအိုးကို ခွတုတ်ခဲ့သမျုဒုက္ခကို အဲ့ဒီမှာ ဖွင့်ချလေ့ရှိပါတယ်။ အဲ့ဒါကြောင့် “MTU တမာတန်း၊ … ပေါက်တိုင်းလွမ်း” ရယ်လို့ ဖြစ်လာတော့တာပေါ့။

ငယ်ဘ၀က ဒီမြို့မှာ ဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည်မြင်ယောင်ရင်း သောက်နေတဲ့ ကျစိမ့်တစ်ခွက်ဟာ ကုန်မှန်းမသိကုန်သွားတော့တယ်။ တစ်ယောက်တည်းဆိုတော့ ကြာကြာလည်း မထိုင်ချင်တာနဲ့ စားပွဲထိုးလေးကိုခေါ်ပြီး ပိုက်ဆံရှင်းလိုက်မိတယ်။ “သား ပိုက်ဆံရှင်းမယ်” “ဟုတ်ကဲ့.. လက်ဘက်ရည် ရိုးရိုးတစ်ခွက် နှစ်ရာကျပါတယ်” ကျသင့်ငွေကို ထုတ်ပေးပြီး ကွမ်းယာဆိုင်ဘက်ကို ဆိုင်ကယ်မောင်းလို့ ထွက်လာခဲ့တယ်။ ကွမ်းယာဆိုင်ရောက်တဲ့အခါ “ကိုယ့်ကို နှပ်ဆေးအရည်၊ အုန်းကြော်နှစ်ရာဖိုးပေးပါ” ပြောပြီး ခဏစောင့်နေလိုက်တယ်။ ကွမ်းယာဆိုင်ရှင်လေးက ကွမ်းလေးတွေကို သပ်သပ်ရပ်ရပ် ယာနေတယ်။ တကယ်တော့ ကွမ်းယဉ်ကျေးမှုအရ မှာထားသလောက်ကို မယာခင် ၀ယ်တဲ့သူကို တစ်ယာအရင်စားဖို့ ယာပြီးပေးလေ့ရှိတယ်။ ဒီကောင်လေးက ပထမတစ်ယာ မပေးဘဲ အားလုံးပြီးအောင် ယာနေတာနဲ့ ကိုယ်ကပဲ “ညီလေး အစ်ကို့ကို တစ်ယာလောက်” ဆိုမှ “ဟုတ်ကဲ့အစ်ကို၊ ဆောရီးနော် ကျွန်တော်က အစ်ကိုကွမ်းမစားဘူးထင်လို့” ဆိုပြီး ပြန်တောင်းပန်ရှာတယ်။ ကိုယ့်ပုံစံက ကွမ်းမစားလောက်ဘူးလို့ သူကတွေးပြီး မပေးတာကိုး။ လုပ်တာကိုင်တာ သပ်ရပ်တဲ့အပြင် စကားအပြောအဆိုပါယဉ်ကျေးတဲ့ သူ့ကိုကြည့်ပြီး ဒီကောင်လူတော်ပဲဆိုပြီး စိတ်ထဲမှာ ချီးကျူးပြီး သူ့ဆိုင်ကို မျက်လုံးကစားမိတယ်။ ကွမ်းယာရောင်းတာအပြင် ကွမ်းနဲ့ ဆက်စပ်ပစ္စည်းတွေပါ လက်ကားဖြန့်နေပုံပေါ်တာကို တွေ့ရတော့ ကိုယ်ခန့်မှန်းတာမမှားဘူးဆိုတာ သိလိုက်ရတယ်။ တစ်နေ့ကပဲ စာအုပ်တစ်အုပ်ဝယ်လာတဲ့အထဲမှာ ကွမ်းယာကနေ ရွှေဆိုင်ဖြစ်လာတဲ့ အောင်သမာဓိရွှေဆိုင် ပိုင်ရှင်ရဲ့ အင်တာဗျူးကို ဖတ်မိထားတာမို့ ဒီလူငယ်လည်း မကြာခင် အောင်သမာဓိလို ကြီးပွားမှာပဲလို့ ကောက်ချက်ချမိတယ်။

ကွမ်းယာထုပ်ယူပြီးတဲ့အခါ အဖေအမေတို့ကြိုက်တဲ့ လက်ဘက်ရည်ဆိုင်ကို ပါဆယ်ဆွဲဖို့ ထွက်လာခဲ့တယ်။ ဆိုင်ရောက်တဲ့အခါ ပုံမှန်စိမ့်တစ်ခွက် ရှယ်ပါဆယ်လုပ်ပေးပါလို့ပြောပြီးကျသင့်ငွေ ငါးရာကိုပေးလိုက်တယ်။ အဲ့ဒီနောက် လက်ဘက်ရည် ပါဆယ်ထုပ်ကိုဆွဲပြီး အိမ်ဘက်ကို ဦးတည်ပြန်လာခဲ့မိတယ်။ လမ်းတွေကကျဉ်း၊ ကားကြီးတွေကရှေ့က ပိတ်နေတာနဲ့ ကျော်လို့လဲမရဘဲ သစ်ကားကြီးနှစ်ကားကြားမှာ ကိုယ့်ဆိုင်ကယ်လေးရောက်သွားတယ်။ ကားကြီးတွေဆိုတော့ ဖုန်တွေကလည်း တလိမ်းလိမ်းတက်လို့ လူကိုလာရိုက်နေတာ နေလို့တော်တော်ဆိုးတယ်။ ပိုပြီးဆိုးတာက ဒီသစ်လုံးတွေများ ကျလာရင် ဘာလုပ်ရမလဲလို့ ဆင်ခြင်တုံတရားက စဉ်းစားနေမိတာပဲ။ ဒါပေမယ့် စိတ်ရှည်သီးခံစောင့်စားရင်းပဲ သစ်ကားကြီးတွေလည်း လမ်းကထွက်သွားသလို ကျွန်တော့ဆိုင်ကယ်လေးလဲ ဖုန်တွေကြားက တိုးထွက်လာနိုင်ခဲ့တယ်။ အညာမှာ ဖုန်တွေထူတာဟာ သဘာဝပဲ.. ဒီမှာရှိနေတဲ့သူတွေအတွက် ဖုန်ရဲ့ဒုက္ခဟာ မသိသာပေမယ့် ဖုန်တွေမရှိတဲ့အရပ်မှာ နေခဲ့ဖူးတဲ့သူအတွက် ဖုန်တွေရဲ့ဆိုးကျိုးဒုက္ခတွေကိုသိသလို ဒီဖုန်တွေမထအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အသိပါ တွဲကပ်ပါလာတတ်တယ်။ ကျွန်တော်အညာမှာမွေးတယ်၊ ဒီဖုန်တွေထဲမှာ ကျွန်တော်ဖိနပ်မပါဘဲ နေပူပူမှာ ပြေးလွှားဆော့ကစားခဲ့ဖူးတယ်၊ ပညာသင်ရာ ကျောင်းတော်ရာကို အပြေးအလွှားသွားခဲ့ဖူးတယ်။ ဒီဖုန်လေးတွေဟာ ကျွန်တော့်အပေါင်းအပါတွေလိုဖြစ်ခဲ့ဖူးတယ်.. ခုတော့ သူတို့ကို ဖက်တွယ်မထားသင့်ဘူးဆိုတာ ကျွန်တော်သိတယ်.. စိတ်ရှည်သည်းခံပြီး ကျွန်တော့်ဆိုင်ကယ်လေးနဲ့အတူ ဖုန်လွတ်ရာကို ထွက်ပြေးမလား၊ ဒီဖုန်တွေဒီမှာမထအောင်…… ကျွန်တော်လုပ်မလား။ သေချာတာတစ်ခုတော့ရှိသည်.. ကျွန်တော်နဲ့ကျွန်တော့်ဆိုင်ကယ်လေးရဲ့ ဖြတ်သန်းသွားလာခဲ့သမျှတွေဟာ ကျွန်တော့်သားသမီးတွေအတွက်တော့ အိပ်ယာဝင် ပုံပြင်ကောင်းတစ်ပုဒ်ဖြစ်စေချင်မိတာ။

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...