Thursday, December 11, 2014

ကမ္ဘာ့အင်အားကြီးနိုင်ငံများ စစ်ဘက်ဆိုင်ရာ တိုက်လေယာဉ်များ အပြိုင်အဆိုင် ထုတ်လုပ်ခြင်း


ယနေ့နံနက်တွင် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၏ သင်တန်းခန်းမတွင် ကျောင်းသူ၊သားများ၊ ပညာရှင်များနှင့် ယောက်ယက်ခတ်နေလေသည်။ မြန်မာ့လေကြောင်းနှင့် အာကာသ သုတေသန လုပ်ငန်းတို့ကို ထိပ်တန်းသို့ ရောက်ရှိစေအောင် စွမ်းဆောင်ပေးခဲ့သော ထိုတက္ကသိုလ်၏ အနီးအနားတွင် မြန်မာ့လေယာဉ် ထုတ်လုပ်ရေးစက်ရုံ၊ မြန်မာ့အာကာသ အေဂျင်စီ၊ မြန်မာ့လေကြောင်း ကာကွယ်ရေး သုတေသန ဌာန၊ မြန်မာ့လေကြောင်းနှင့် အာကာသ ဌာနချုပ် အစရှိသည့် အဖွဲ့အစည်းများက ၀န်းရံထားကာ အကျိုးပြု သုတေသန လုပ်ငန်းများစွာကို အတူလက်တွဲကာ ပူးပေါင်းလုပ်ဆောင်ကြလေသည်။ ယနေ့တွင်တော့ မြန်မာ့ဂုဏ်ဆောင် လေတပ်ဗိုလ်ချုပ်ကြီး မောင်ကိုက စစ်ဘက်ဆိုင်ရာတိုက်လေယာဉ်များ အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ပုံများကို သူဖြတ်သန်းခဲ့သော အတွေ့အကြုံများပေါ်တွင် အခြေခံကာ ပြောကြားမည်ဆိုသဖြင့် သုတေသနကျောင်းသားများ၊ လေတပ်ဗိုလ်ငယ်လေးများ.. ဆိုင်ရာပုဂ္ဂိုလ်များစွာ ဒီနေရာတွင် လာရောက်စုရုံးရောက်ရှိနေကြခြင်းဖြစ်လေသည်။ ထိုဗိုလ်ချုပ်ကြီး၏ အပြောအဟောကောင်းသည့်သတင်းကလည်း နိုင်ငံကျော်ပင်ဖြစ်လေသည်။

သို့နှင့် ဟောပြောမည့်အချိန် ကျရောက်လာပြီဖြစ်သဖြင့် ဗိုလ်ချုပ်ကြီးသည် ဟောပြောမည့် စင်ပေါ်သို့ တက်ရောက်လာလေသည်။ ထောင်ထောင်မောင်းမောင်းနှင့် စစ်ဝတ်စုံကို သေချာစွာ ၀တ်ဆင်ထားကာ တည်တည်ကြည်ကြည်ဖြင့် ယုံကြည်ချက်အပြည့်ရှိနေသော သူ၏ မျက်နှာကို ကြည့်လိုက်သည်နှင့်ပင် မြန်မာ့လေကြောင်းအဆင့်အတန်းသည် ကမ္ဘာတွင် ထိပ်တန်းက ရှိနေသည်ကို သိနိုင်လေသည်။ သူသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး.. သူမည်သူမည်ဝါဖြစ်ကြောင်း၊ မည်ကဲ့သို့သော အတွေ့အကြုံများရှိကြောင်း စသည့် မိတ်ဆက်စကားများ ပြောကြားပြီးနောက်.. သူဟောပြောမည့် အကြောင်းအရာကို စဖို့ပြင်လေသည်။ ရှေ့ဆုံးရှိ အဖြူရောင်ပိတ်ကားနှင့် ဗိုလ်ချုပ်ကြီးပေါ်သို့ စလိုက်ထိုးထားသည်မှလွဲ၍ တစ်ခန်းလုံး မှောင်မိုက်သွားလေတော့သည်။
********
*******
နံရံတွင် ကပ်ထားသော မျက်နှာပြင်ပေါ်တွင် လေယာဉ်နှစ်စီးပေါ်လာလေသည်။ တစ်စီးကတော့ ဂျာမနီနိုင်ငံထုတ် ဖော့ကာ အိုင်းဒက်ကာ၊ နောက်တစ်စီးကတော့ အမေရိကန်လုပ် အက်ဖ် - ၂၂ ရက်ပ်တာ လေယာဉ်ဖြစ်လေသည်။ ထိုနှစ်စင်းသည် သမိုင်းတွင် သူ့ဟာနှင့်သူ အရေးပါသော လေယာဉ်နှစ်စင်းဖြစ်လေသည်။
ဂျာမနီနိုင်ငံက ၁၉၁၅ ခုနှစ်တွင် ထုတ်လုပ်လိုက်သော အိုင်းဒက်ကာသည် ကမ္ဘာပေါ်တွင် ပထမဆုံး ပေါ်ပေါက်လာသော ပထမမျိုးဆက် တိုက်လေယာဉ်ဖြစ်လေသည်။ ၄င်းသည် တစ်နာရီ ၈၁ မိုင် အမြန်နှုန်းဖြင့် ပေ ၃၀၀၀ အမြင့်တွင် ပျံသန်းနိုင်ပြီး ၇.၉၂ မီလီမီတာ စက်သေနတ်ကို တပ်ဆင်ထားလေသည်။ ထိုလေယာဉ်၏ အထူးခြားဆုံး ဆန်းသစ်တီထွင်မှုသည် စက်သေနတ်ကို ပန်ကာများကြားမှ ပစ်ခတ်နိုင်ခြင်းဖြစ်လေသည်။ ထိုလေယာဉ်ဖြင့်ပင် ဂျာမနီတို့သည် ကောင်းကင်ယံကို တစ်နှစ်ကျော်မျှ စိုးမိုးထားနိုင်ခဲ့သည်မှာ သမိုင်းမှတ်ကျောက်တစ်ခုဖြစ်လေသည်။

အမေရိကန်နိုင်ငံထုတ် ၂၀၀၅ ခုနှစ်တွင် စတင်အသက်ဝင်လာသော ရက်ပ်တာလေယာဉ်သည် စစ်အေးကာလ ၁၉၅၀/၆၀ ခုနှစ်များကတည်းက စတင်တီထွင်ဖို့ ကြိုးစားကြံဆခဲ့သော လေယာဉ်တစ်စီးဖြစ်ပြီး၊ ၄င်းကို ထုတ်လုပ်ရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ ဆိုဗီယက် ရုရှထုတ် မည်သည့်တိုက်လေယာဉ်ကိုမဆို ပစ်ချတိုက်ခတ်နိုင်စွမ်းရှိအောင်ပင်ဖြစ်လေသည်။ အမြန်ဆုံး အသံထက် ၂ ဆ (မိုင် ၇၀၀) ကျော်သည်အထိပျံသန်းနိုင်ပြီး၊ ၂၀ မီလီမီတာ စက်သေနတ်နှင့် လေဆာထိန်း ဒုံး ၈လုံးနှင့် GPS ထိန်းဗုံးများ တပ်ဆင်ထားသော လေယာဉ်ဖြစ်လေသည်။ ကမ္ဘာပေါ်ရှိ မည်သည့်လေယာဉ်နှင့်မဆို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည့်အပြင် ရန်သူ့ရေဒါတွင် မပေါ်အောင်လည်း အထူးဒီဇိုင်းဆွဲကာ စီမံတည်ဆောက်ထားသော လေယာဉ်တစ်စင်း ဖြစ်လေသည်။
ဖော်ကာ အိုင်းဒက်ကာသည် ကမ္ဘာ့ပထမဆုံး တိုက်လေယာဉ်ဖြစ်ပြီး ရပ်တာကတော့ နောက်ဆုံးပေါ် ပြိုင်ဘက်ကင်း ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်လေသည်။
ဒုတိယကမ္ဘာစစ်၊ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်၊ အရှေ့အလယ်ပိုင်း စစ်ပွဲများ၊ စစ်အေးတိုက်ပွဲ၊ ပင်လယ်ကွေ့စစ်ပွဲ စသဖြင့် အမျိုးမျိုးသော စစ်ပွဲများအတွင်း လက်နက်နည်းပညာများ တိုးတက်လာတာဟာ မယုံနိုင်စရာကောင်းလောက်အောင်ပင်။
လက်နက်အပြိုင်အဆိုင် ထုတ်လုပ်နိုင်သော နိုင်ငံတစ်ခုအတွက် မရှိမဖြစ် လိုအပ်တာကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အင်ဂျင်နီယာပညာ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးမှု စသည့်အချက်များဖြစ်လေသည်။ ဒါတောင် ပြိုင်ပွဲထဲဝင်နိုင်ဖို့ကိုပဲ ဆိုလိုရင်းဖြစ်ပြီး ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက်ဆိုလျင်တော့ ထို့ထက်များစွာသော နယ်ပယ်စုံ အင်အားများလိုအပ်လေသည်။

အိုင်းဒက်ကာမတိုင်မီကပင် တိုက်လေယာဉ်များအတွက် အဓိက လိုအပ်ချက်တစ်ခုမှာ မြန်နှုန်းဖြစ်သည်။ မြန်မြန်ပျံနိုင်သူက ကောင်းကင်ယံကို စိုးမိုးနိုင်သည်။ ရန်သူ့လေယာဉ်က နောက်ကဆိုလျင် ရုတ်တရက် အလျင်အမြန် ခြေရာဖျောက်ကာ မထင်မှတ်တဲ့နေရာမှ ပြန်လည်လှည့်၍ ရန်သူ့နောက်ကို ကိုယ်ကလိုက်ကာ စိတ်ကြိုက်ပစ်နိုင်လေသည်။ သူနဲ့ကိုယ့်အနေအထားက ကိုယ့်စိတ်ကြိုက် မဖြစ်မချင်း ကိုယ်ကလှည့်ပတ်ကစားကာ စစ်ပွဲကို ထိန်းချုပ်ကစားနိုင်လေသည်။ ထို့ကြောင့် မြန်မြန်ပျံသူ အနိုင်ယူစတမ်း ပင်ဖြစ်လေသည်။ သို့သော် ထိုအချိန်က လေယာဉ်များတွင် အသုံးပြုနေသော အင်ဂျင်များသည် ရိုးရိုးပစ်စတင် အင်ဂျင်များသာ ဖြစ်လေသည်။ ထိုအင်ဂျင်များ ကောင်းစွာ လည်ပတ်နိုင်ဖို့အတွက် ပတ်ဝန်းကျင်လေကို များစွာ အားကိုးအားထားပြုရလေသည်။ ထိုအချက်သည်ပင် ပစ်စတင်အင်ဂျင်များ၏ အဓိက အားနည်းချက်ဖြစ်လေသည်။ ကမ္ဘာ့လေထုသည် အထက်ရောက်သည်နှင့် ပါးလွှာကာ ဖိအားလည်း လျော့လာသော သဘောရှိသည်။ အုတ်ခဲငါးလုံးကို အထပ်လိုက် ဆင့်ကာထားသည်ဆိုပါစို့။ အောက်ဆုံးအလုံးပေါ်တွင် ဖိအားအများဆုံးဖြစ်ပြီး၊ အပေါ်အလုံးများတွင် ဖိအားအနည်းငယ်စီ လျော့နည်းသွားပြီး အပေါ်ဆုံးအလုံးတွင်တော့ ဖိအားအနည်းဆုံးဖြစ်မည်ဆိုတာ သိသာပေသည်။ မမြင်နိုင်သော လေထုသည်လည်း ထိုကဲ့သို့ သော သဘောရှိလေသည်။ အပေါ်တက်သည်နှင့်အမျှ ဖိအားနဲနဲလာလေသည်။ ထိုအချက်ကြောင့် ပစ်စတင်အင်ဂျင်များသည် အမြင့်ရောက်သည်နှင့် စွမ်းဆောင်ရည် ကျသထက်ကျလာတတ်လေသည်။

ထိုပြဿနာကို ကျော်လွှားနိုင်သူသည် ကောင်းကင်ယံကို စိုးမိုးနိုင်သူ ဖြစ်လာပေလိမ့်မည်။ ထိုအချိန်တွင် ကမ္ဘာ့ဝန်ရိုးစွန်း တစ်နေရာစီမှ သူရဲကောင်း လေကြောင်းအင်ဂျင်နီယာများ အသီးသီး ပေါ်ထွက်လာလေသည်။
၎င်းတို့မှာ ဗြိတိန်မှ ဖရန့်ဝှစ်တယ်၊ အီတလီမှ ဆကွန်ဒို ကမ်ပီနီနှင့် ဂျာမနီမှ ဗွန်အိုဟိန်း တို့ဖြစ်ကြလေသည်။

သက္ကရာဇ် ၁၉၂၉ ခုနှစ်တွင်  ဗြိတိန်မှ လေယာဉ်မှူးနှင့် အင်ဂျင်နီယာ အမြင်ရှိသူ ၀ှစ်တယ်ဟာ လေယာဉ်အင်ဂျင်များရဲ့ အမြန်နှုန်းမြင့်တင်ဖို့အတွက် ပြဿနာရဲ့ အဖြေကို ရှာဖွေဖို့ ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ ပစ်စတင်အင်ဂျင်နေရာမှာ အစားထိုးဖို့အတွက် အင်ဂျင်တစ်မျိုးကို စဉ်းစားမိခဲ့ပါတယ်။ သူ့ရဲ့ အင်ဂျင်ကတော့ ပစ်စတင်အင်ဂျင်လိုမျိုး ရှုပ်ထွေးမှုလည်း မရှိဘဲ အလွန်ရိုးရှင်းပါတယ်။ အင်ဂျင်ရဲ့ရှေ့မှာ လေ၀င်ပေါက်ရှိပြီး၊ ၀င်လာတဲ့လေများကို ဖိအားများစေဖို့အတွက် ဒလက်ကလေးများ အဆင့်ဆင့်တပ်ထားတဲ့ ၀င်ရိုးကိုဖြတ်စေပြီး၊ ထိုဖိအားများလာတဲ့ လေကို လောင်စာဆီနဲ့ပေါက်ကွဲစေပါတယ်။ ထိုပေါက်ကွဲပြီးထွက်လာတဲ့ လေပူတွေကို နောက်ထပ် ဒလက်အနဲငယ်ကိုပြန်ဖြတ်စေကာ နောက်ပေါက်ကနေ အရှိန်ပြင်းပြင်းဖြင့် ပတ်ဝန်းကျင် လေထုထဲကို ပြန်ထွက်စေပါတယ်။ ဒါဟာ ပုံဆွဲစက္ကူပေါ်မှာ ပထမဆုံး အသက်ဝင်ခဲ့တဲ့ ဂျက်အင်ဂျင်ရှေ့ပြေးပဲဖြစ်ပါတယ်။ ဒါကို တွေ့ရှိချိန်မှာ ၀ှစ်တဲဟာ အသက် ၂၁ နှစ်သာရှိပါသေးတယ်။ ဒီအိုင်ဒီယာ ရတယ်ဆိုရင်ပဲ ၀ှစ်တဲဟာ သူ့အိုင်ဒီယာကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဗြိတိသျှ လေကြောင်းဌာနကို တင်ပြကာ သုတေသန ရန်ပုံငွေရရှိဖို့ ကြိုးစားပါတော့တယ်။ သို့ပေမယ့် ဗြိတိသျှ လေကြောင်းဌာနက ပယ်ချခဲ့တဲ့အတွက် ၀ှစ်တဲခမျာ စိတ်ပျက်အားငယ်သွားပါတော့တယ်။

၁၉၃၁ မှာတော့ အီတလီမှ ၂၇ နှစ်အရွယ် ကမ်ပီနီဟာ ဂျက်အင်ဂျင် တည်ဆောက်ဖို့ အကြံပြုခဲ့ပေမယ့်လည်း အီတလီအစိုးရမှ စိတ်ဝင်စားမှုမရှိတဲ့အတွက် ရှေ့မဆက်နိုင်ဖြစ်ခဲ့ရပြန်ပါတယ်။
၁၉၃၃ ခုနှစ်မှာတော့ ဂျာမနီမှ ဒေါက်တာဘွဲ့အတွက် သုတေသနပြုနေသော ရူပဗေဒသမား ဗွန်အိုဟိန်းဟာ ဂျက်အင်ဂျင်ပုံစံငယ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သို့သော်လည်း ဟစ်တလာတို့က စိတ်ဝင်စားမှု မပြသတဲ့အတွက် စောင့်ဆိုင်းခဲ့ရပြန်ပါတော့တယ်။
၁၉၃၄ အရောက်မှာတော့ စိတ်ပြောင်းလာတဲ့ အီတလီ အာဏာပိုင်များဟာ ဂျက်အင်ဂျင်သုံး တိုက်လေယာဉ်များ ထုတ်လုပ်ဖို့အတွက် သုတေသန ရန်ပုံငွေများကို ကမ်ပီနီကို ထုတ်ပေးခဲ့ပါတယ်။ အဲ့ဒီမှာပဲ ကမ်ပီနီဟာ၊ အတော်ဆုံး အင်ဂျင်နီယာများနှင့် အဖွဲ့ဖွဲ့ကာ ဂျက်လေယာဉ်တည်ဆောက်ဖို့ သုတေသနလုပ်၊ စမ်းသပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်ပါတော့တယ်။
၁၉၃၅ ခုနှစ်မှာတော့ ဗြိတိသျှ လေကြောင်းဌာနကနေ ဂျက်အင်ဂျင်သုတေသနကို စဉ်ဆက်မပြတ်လုပ်နေတဲ့ ၀ှစ်တဲကို သုတေသန ရန်ပုံငွေ ထုတ်ပေးခဲ့ပါတယ်။ ထိုအချိန်မှာပဲ ၀ှစ်တဲဟာ Power Jets Limited ဆိုတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ကာ ဂျက်အင်ဂျင် သုတေသနကို အားစိုက် လုပ်ဆောင်ပါတော့တယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့စစ်ရေးစစ်ရာများဟာ တဖြည်းဖြည်းပြောင်းလဲလာကာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိလို့လာပါတော့တယ်။ ၁၉၃၆ မှာတော့ ဟစ်တလာဟာ သူ့ရဲ့ ဂျာမနီတပ်ဖွဲ့တွေကို ရိုင်းဘက်ကို စတင် စေလွှတ်ခဲ့ပါတယ်။ စစ်ရိပ်များ တရိပ်ရိပ်တက်လာချိန်မှာပဲ ၀ှစ်တဲဟာ သူ့ရဲ့ ဂျက်အင်ဂျင်ကို ဓါတ်ခွဲခန်းမှာ စမ်းသပ်နိုင်ခဲ့ပါတယ်။ ထို ၁၉၃၇ ခုနှစ်မှာပဲ ဂျာမနီမှ ဗွန်အိုဟိန်းဟာလည်း သူ့ရဲ့ ဂျက်အင်ဂျင် ပုံစံငယ်ကို စမ်းသပ်ပြီး ထိုအချိန်က သြဇာတိက္ကမကြီးမားသော လေယာဉ်ဒီဇိုင်းပညာရှင် အန်းရှိန်ကယ်ကို ပြသခဲ့ရာ အန်းက ဗွန်ကို ချက်ချင်းခေါ်ယူကာ သူ့ရဲ့ကြီးမားတဲ့စက်ရုံနဲ့ လူအင်အားကို အသုံးပြုကာ ဗွန်ရဲ့အိုင်ဒီယာကို လက်တွေ့အကောင်အထည်ဖော်ဖို့ အကောင်းဆုံး ထောက်ပံ့ကူညီပါတော့တယ်။ ထိုအချိန်မှာပဲ ဗြိတိသျှတော်ဝင်လေတပ်ဟာ ဖရန့်ဝှစ်တဲရဲ့ ဂျက်အင်ဂျင်သုတေသနကို ဆက်လက်မထောက်ပံ့ နိုင်တော့ဘဲ ရပ်ဆိုင်းဖို့အထိ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ၀ှစ်တဲနှင့် ဗြိတိသျှတို့ဟာ ဂျက်လေယာဉ် တည်ဆောက်မှု ပြိုင်ပွဲကနေ ဆုတ်ခွာသလိုဖြစ်ခဲ့ပါတော့တယ်။
*******
အဲ့ဒီလိုနဲ့ ၁၉၃၈ မှာတော့ ဟစ်တလာဟာ သြစတြီးယားကို သိမ်းပိုက်လိုက်ပြီး သူ့ရဲ့တပ်တွေကို ချက်ကိုစလိုဗက်ကီးယားကို ဆက်လက်ချီတက်စေပါတယ်။ ဒီလိုနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးဆီကို စစ်ဆိုတဲ့အရာဟာ မသိမသာ ချဉ်းကပ်လာတဲ့ အနေအထားရောက်လာပါတော့တယ်။ ဒါ့ကြောင့် ဂျက်လေယာဉ်တည်ဆောက်မှု ပြိုင်ပွဲဟာလည်း နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုအတွက်တင် မဟုတ်တော့ဘဲ ရန်သူ့ဝေဟင်ကို စိုးမိုးနိုင်ဖို့အတွက် အသည်းအသန်လိုအပ်ချက်တစ်ခုဖြစ်လာပါတော့တယ်။ ဝေဟင်ကို စိုးမိုးထားနိုင်သူဟာ စစ်ပွဲရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သူပဲဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာပဲ စစ်ပွဲတွေနဲ့ ပါဝင်ပက်သက်ခြင်း လုံးဝမရှိတဲ့ အိပ်ပျော်နေတဲ့ လင်းယုန်ကြီး အမေရိကန်၊ လော့ဟိကုမ္ပဏီရဲ့ ဒီဇိုင်းအဖွဲ့ခေါင်းဆောင် ကယ်လီဂျွန်ဆင်ကနေ ၁၉၃၉ မှာ ဂျက်အင်ဂျင်တည်ဆောက်ဖို့ အဆိုပြုလာပါတယ်။ ဒါပေမယ့် လေတပ်အရာရှိတွေက စိတ်ဝင်စားခြင်းမရှိဘဲ ပယ်ချခဲ့ပါတယ်။ ဒါ့ကြောင့် ဂျွန်ဆင်ရဲ့ ဂျက်အင်ဂျင်ဟာ အသက်ဝင်လာခြင်းမရှိဘဲ အမေရိကန်ဟာ ဒီပြိုင်ပွဲကြီးနဲ့ ဆက်လက်ဝေးကွာဆဲပဲဖြစ်နေပါတော့တယ်။ ဒါပေမယ့် .. ဒီဝေးကွာမှုဟာ အခိုက်အတန့်သာဖြစ်တယ်။

၁၉၃၉ သြဂုတ် ၂၇ ရက်နေ၊ ဂျာမနီနိုင်ငံ လေယာဉ်ပြေးလမ်းတစ်ခုပေါ်ကို ပန်ကာမပါတဲ့ ထူးဆန်းတဲ့ လေယာဉ်တစ်စီးဟာ နေရာယူလိုက်ပါတယ်။ ထို့နောက် ထိုလေယာဉ်ဟာ ပြေးလမ်းပေါ်မှ အရှိန်ယူပြီး ကောင်းကင်ယံကို တဟုတ်ထိုး ပြေးတက်သွားပါတော့တယ်။ ဒီလေယာဉ် ပြေးတက်သွားတာကို ကြည့်နေကြတဲ့ ပရိတ်သတ်တွေဟာ လေချွန်သံလိုလို ထူးဆန်းတဲ့ အသံကြီးကို ကြားလိုက်ရတဲ့အတွက် ပန်ကာမပါဘဲ ကောင်းကင်ယံကို တက်သွားတဲ့ ထိုအခြင်းအရာကြီးဟာ ဘယ်လိုဟာများပါလိမ့်ဆိုပြီး အထူးတလည် စိတ်ဝင်စားနေကြပါတော့တယ်။ တကယ်တော့ ဒီထူးဆန်းတဲ့ အသံနဲ့ယာဉ်ပျံဟာ ဗွန်အိုဟိန်းရဲ့ စမ်းသပ်တည်ဆောက်ဆဲ ဂျက်တိုက်လေယာဉ်ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဗွန်အိုဟိန်းနဲ့အဖွဲ့ဟာ ဟစ်တလာနှင့်ဂျာမနီကို ဂျက်ပြိုင်ပွဲမှာ ရှေ့တန်းက ဦးဆောင်ခွင့် ရစေခဲ့ပါတော့တယ်။

ငါးရက်ခန့်ကြာပြီးတဲ့နောက်မှာတော့ ဟစ်တလာဟာ ပိုလန်ကို ကျူးကျော်တိုက်ခိုက်ပါတော့တယ်။ အဲ့ဒီနောက် နှစ်ရက်အကြာမှာတော့ ဂျာမနီရဲ့ နောက်ပစ်မှတ်ဟာ မိမိတို့ ဖြစ်နိုင်တယ်ဆိုတာကို ရိပ်စားမိတဲ့ ဗြိတိန်နှင့် ပြင်သစ်တို့ဟာ ဂျာမနီကို စစ်ကြေငြာလိုက်ပါတော့တယ်။ ကမ္ဘာ့ကြောက်မက်ဖွယ် အကောင်းဆုံးဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကြီး တရားဝင် စတင်ပါတော့တယ်။

ဂျာမနီရဲ့ ထူးဆန်းတဲ့ တိုက်လေယာဉ်အကြောင်းတွေကို ကြားသိသွားတဲ့ ဗြိတိန်ဟာ၊ လက်ရှိ တော်ဝင်လေတပ်ရဲ့ လေယာဉ်တွေကို အဆင့်မမြှင့်တင်နိုင်ရင် ဂျာမနီရဲ့ တိုက်လေယာဉ်သစ်ကို မယှဉ်နိုင်မှာကို ရိပ်စားမိတဲ့အတွက် ၁၉၄၀ မှာ ၀ှစ်တဲကိုခေါ်ပြီး သူ့အိုင်ဒီယာကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ရန်ပုံငွေ ထုတ်ပေးလိုက်ပါတော့တယ်။
မေ ၁၅၊ ၁၉၄၁ မှာတော့ ဗြိတိန်မှ ၀ှစ်တဲလ်ရဲ့ စမ်းသပ်အဆင့် ဂျက်လေယာဉ်ဟာ ဝေဟင်ကို ပျံတက်လာနိုင်ပါတော့တယ်။ တိုင်းတာချက်များအရ တစ်နာရီ မိုင် ၃၇၀ ထိ ပျံသန်းနိုင်တာကို တွေ့ရပါတယ်။ ဒီအောင်မြင်မှုကြောင့်ပဲ တော်ဝင်လေတပ်ဟာ ဝေဟင်စစ်ပွဲတွေမှာ အသုံးပြုနိုင်မယ့် ဂျက်တိုက်လေယာဉ်တွေ ထုတ်လုပ်ပေးဖို့ ၀ှစ်တဲကို အချက်ပေးလိုက်ပါတော့တယ်။

ထိုအချိန်မှာ စစ်ပွဲတွေမှာ ပါဝင်ပက်သက်ခြင်းမရှိတဲ့ အမေရိကန်ဟာ ဗြိတိန်ရဲ့ ဂျက်အင်ဂျင်နှင့် ဂျက်တိုက်လေယာဉ် အောင်မြင်မှု အကြောင်းကို စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး သတင်းများမှတဆင့် ကြားသိနေခဲ့ပါတယ်။ နောက်တော့ အမေရိကန် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးကနေ အမေရိကန်ကို ဂျက်နည်းပညာများ ဝေမျှပေးဖို့ ဗြိတိန်ထံသို့ တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုမှုကြောင့်ပဲ အောက်တိုဘာ ၁ ရက်နေ့ ၁၉၄၁ မှာ ၀ှစ်တဲရဲ့ ဂျက်အင်ဂျင်ကို တင်ဆောင်လာတဲ့ ဗြိတိန်လေယာဉ်တစ်စီးဟာ ၀ါရှင်တန်မြို့တော်အနီးက ဘိုးလင်းလေယာဉ်ကွင်းကို ဆင်းသက်လာခဲ့ပါတယ်။ ထို ထိပ်တန်းနည်းပညာတစ်ခုကို ဖလှယ်ပေးမှုဟာ နောင်တစ်ချိန်မှာ သူတို့နှစ်ဦးကို လက်တွဲခိုင်တဲ့ မိတ်ဆွေမဟာမိတ်များ ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။

နှစ်လခန့်အကြာမှာတော့ ဂျပန်လေယာဉ်တွေဟာ စစ်ပွဲမှာပါဝင်ခြင်းမရှိတဲ့ အမေရိကန် ပုလဲဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောတွေကို ဗုံးကြဲတိုက်ခိုက်ပါတော့တယ်။ အလစ်အငိုက် ၀င်တိုက်ခံလိုက်ရတာ ဖြစ်တဲ့အတွက် မည်သို့မှ တုန့်ပြန်နိုင်ခြင်းမရှိဘဲ အမေရိကန် ရေတပ်သားကောင်းများ အတုန်းအရုန်းကျဆုံးခဲ့ရသလို စစ်သင်္ဘော တော်တော်များများလည်း မီးလောင်ပျက်စီးခဲ့ရပါတော့တယ်။ ဂျပန်ရဲ့ ဒီလုပ်ရပ်ဟာ အသာအယာအိပ်စက်နေသော လင်းယုန်ကြီးကို အသက်သွင်းလိုက်သလိုဖြစ်သွားပါတော့တယ်။ ခုတော့ လင်းယုန်ကြီး အိပ်စက်လို့မရတော့ပြီ- ဒေါသူပုန်ထသွားသော လင်းယုန်ကြီးဟာ တောင်ပံကို ပြင်းပြင်းခတ်ကာ၊ ချွန်မြနေသော သူ၏လက်သည်းကြီးများကို ထုတ်လို့ စစ်မျက်နှာပြင်သို့ ထွက်လာပါတော့တယ်။

ထို့နောက် ၉ လခန့် အကြာမှာတော့ အမေရိကန်လုပ် ဂျက်လေယာဉ်တစ်စင်းကို စတင်စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ဒီလေယာဉ်ဟာ ပျံသန်းရုံလောက်သာ အဆင့်ရှိတဲ့ စမ်းသပ်ဆဲ လေယာဉ်တစ်စင်းဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန် လေကြောင်းဌာနကနေ ဂျက်မင်းသားကြီး ကယ်လီဂျွန်ဆင်ကို ရက်ပေါင်း ၁၈၀ အတွင်းမှာ လေကြောင်းတိုက်ပွဲတွေမှာ အမှန်တကယ် အသုံးပြုနိုင်မယ့် ဂျက်တိုက်လေယာဉ် တည်ဆောက်ပေးနိုင်မလားဆိုပြီး စိန်ခေါ်ပါတော့တယ်။ ထိုစိန်ခေါ်မှုကို ကယ်လီဂျွန်ဆင်ဟာ အလွယ်တကူပဲ လက်ခံလိုက်ပြီး အမေရိကန်လေတပ်ကို ဂျက်လေယာဉ်များ အမြန်ဆုံး အပ်နှံနိုင်ဖို့ အားကုန်ကြိုးစားပါတော့တယ်။

ထိုအချိန်တွင် အနောက်နိုင်ငံများနှင့် ဂျာမနီတို့၏ တိုက်ပွဲများ အထွတ်အထိပ် ရောက်နေသလို၊ အရှေ့အာရှတွင်လည်း ဂျပန်ဆာမူရိုင်းတို့က တစ်နိုင်ငံပြီးတစ်နိုင်ငံ တိုက်ခိုက်သိမ်းပိုက်နေသဖြင့် အာရှနိုင်ငံများ အလူးအလဲ စစ်ဘေးဒဏ်သင့်နေကြလေသည်။ ……………
တရုတ်ပြည်၏ မြို့လေးတစ်မြို့တွင်ဖြစ်သည်။ ဂျပန်တပ်များ ၀င်ရောက်လာပြီး နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသဖြင့် တမြို့လုံးနီးပါး မီးလောင်ပြင်ကြီးဖြစ်နေလေသည်။ မီးခိုးတလူလူ၊ မိခင်သေဆုံးနေပြီကို မသိဘဲ မိခင်ဘေးတွင် နို့ဆာသဖြင့် ငိုကြွေးနေသော ကလေးငယ်၊ ဥသြဆွဲသံ၊ ခြေပြတ်လက်ပြတ်များက နေရာအနှံ့ပျံ့ကျဲလို့နေလေသည်။ စစ်၏ ဆိုးရွားသော အနိဌာရုံများက ကြက်သီးထစရာ။ ထိုသို့ကြောက်ခမန်းလိလိ ၀မ်းနည်းဖွယ်အတိဖြစ်နေသော ကွင်းပြင်ကြီးရဲ့ မီးခိုးတလူလူများကြားမှာ အလွန်ဆုံးရှိလှ လေးငါးဆယ်နှစ်ခန့်သာ ရှိမည်ဖြစ်သော ကလေးငယ်လေးတစ်ဦး ကြက်သေသေသလို မှင်တက်ကာ တစ်ဦးတည်း မတ်တတ်ရပ်နေလေသည်။ ကျစ်ကျစ်ပါအောင်ဆုပ်ထားသော သူ၏လက်သီးဆုပ်ကလေးကို မြင်ရတဲ့အခါမှာတော့ ထိုကလေးငယ် သတိလွတ်မှင်တက်နေတာ မဟုတ်မှန်း သိရလေသည်။ ဗုံးဒဏ်မှ မီးခိုးလုံးများကြောင့် မဲမဲညစ်နေသော အင်္ကျီနှင့် ခန္ဓာကိုယ်ပိုင်ရှင် ထိုကလေးငယ်၏ ပါးပြင်ပေါ်တွင် မျက်ရည်လေးများ စီးကျနေလေသည်။ မိမိနိုင်ငံသားတွေ အင်အားတောင့်သည်၊ လူပေါလက်နက်ပေါသည်။ သို့သော် ကောင်းကင်ယံမှ ပျံဝဲလာသော ထိုအမည်မသိ အခြင်းအရာများကြောင့် သူတို့မှာ ခုခံရာမဲ့။ သူများပြုသမျှကို နုခဲ့ရသည့်ဘ၀။ ဒီလိုမဖြစ်အောင် သူလုပ်ချင်သည်။ လုပ်မည်။ ဟုတ်တယ် ငါဖြစ်အောင်ကို လုပ်မည်။ ဟု အတွေးများဗလောင်ဆူနေတဲ့ ထိုကလေးလေးဟာ လက်သီးကို ပိုမိုကျစ်ကျစ်ပါအောင် ဆုပ်ကာ သန္နိဌာန်တစ်ခု ခိုင်ခိုင်မာမာ ချလိုက်လေသည်။        “ဒီ        ပညာကို        ငါ            ရအောင်                    သင်မယ်”
ထိုကလေးငယ်လေးသည် တခြားလူမဟုတ် - အမေရိကနှင့် ဥရောပမှာ နှစ်ပေါင်းများစွာ ပညာသင်ကြား သုတေသနပြုခဲ့ပြီး နောင်တစ်ချိန်မှာ တရုတ်ပြည်ကြီးကို အင်အားကြီးနဂါးကြီးဖြစ်အောင် စွမ်းဆောင်ပေးခဲ့သော တရုတ်ပြည်၏ လေကြောင်းနှင့် အာကာသဖခင်ကြီးဖြစ်လာမည့် နဂါးပေါက်လေး “ရှန်ဆွေရှင်း” ပင်ဖြစ်လေသည်။
*****


၁၉၄၃ ၊ မေလ

    ဗြိတိသျှ ဦးဆောင်သော မဟာမိတ် တပ်တွေဟာ ၄င်းတို့ရဲ့ ဗုံးကြဲလေယာဉ်များကို အသုံးပြုကာ ဂျာမနီ ကုန်းတွင်းပိုင်းထိအောင်ပင် ထိုးဖောက်ဝင်ရောက်ကာ ဗုံးကြဲတိုက်ခိုက်နေပါတော့တယ်။ ပထမတော့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များဟု ယူဆသော လက်နက်စက်ရုံ၊ လေယာဉ်စက်ရုံ၊ မြေပြင်စစ်စခန်းများကိုသာ ဗုံးကြဲတိုက်ခိုက်ကြသော်လည်း၊ နောက်ပိုင်းတွင် ဟစ်တလာ စိတ်ဓါတ်ကျစေရန် ရည်ရွယ်၍ စစ်ဘက်ဆိုင်ရာ ပစ်မှတ်မဟုတ်သော ပြည်သူပြည်သားများရှိရာ မြို့ကြီးများပေါ်ပါ ဗုံးမိုးရွာချလေသည်။ ဟစ်တလာ ၀ဋ်လည်လေပြီ။ သူ ဗြိတိန်မြို့ကြီးများအပေါ်သို့ စိတ်တိုင်းကျ ဗုံးကြဲခဲ့လေသမျှကို အခဲမကြေသော ဗြိတိသျှ တော်ဝင်လေတပ်သည် အသက်စွန့်ကာ ခရီးဝေးနှင်ပြီး ဂျာမနီမြို့ကြီးများအထိ လာရောက်ဗုံးကြဲတာကို ခံရလေပြီ။ မဟာမိတ်တို့၏ ဗုံးကြဲလေယာဉ်များကို ဂျာမနီ၏ လက်ဝက်ဖဲ လေယာဉ်များက အစွမ်းကုန်ကြိုးစားကာ ကြားဖြတ်တိုက်ခိုက်ကြသော်လည်း အုံနဲ့ကျင်းနဲ့ ၀င်ရောက်လာသော မဟာမိတ်ဗုံးကြဲတပ်ဖွဲ့ကို ဟန့်တားနိုင်ခြင်းမရှိခဲ့ပေ။
ဟစ်တလာ၏ ရုံးခန်းရှေ့တွင်ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများ အားလုံးတန်းစီကာ ဟစ်တလာ၏ အလာကို စောင့်စားနေကြလေသည်။ မကြာမီပင် အားမာန်အပြည့်ပါသော ခြေလှမ်းများနဲ့ တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေပုံပေါ်သော ဟစ်တလာသည် စောင့်ဆိုင်းနေသော စစ်ဗိုလ်ချုပ်ကြီးများရှေ့မှဖြတ်ကာ သူ့ရုံးခန်းအတွင်းအ၀င်တွင် စောင့်ဆိုင်းနေသော စစ်ဗိုလ်ချုပ်ကြီးများက သတိဆွဲကာ ဟိုင်းဟိုင်ယာဟစ်တလာ ဆိုသော အသံဖြင့် အလေးပြုနှုတ်ဆက်ကာ နောက်မှ လိုက်ဝင်သွားကြလေသည်။

စစ်ဗိုလ်ချုပ်ကြီးများ ထိုင်ခုံပေါ်ပင် မထိုင်ရသေးခင်ပင်.. ဟစ်တလာ၏ အသံ ဟိန်းထွက်လာသည်။
“ဒီ လေယာဉ်တွေကို ကျွန်တော်တို့ မဟန့်တားနိုင်တော့ဘူးလား။ သူတို့ကို ဟန့်တားနိုင်ဖို့အတွက် ကျုပ်ဘက်က ဘာပံ့ပိုးပေးရမလဲ၊ ခင်ဗျားမှာ ဘာအစီအစဉ်တွေ လုပ်ထားပြီလဲ ပြောပါ”
လေကြောင်းဗိုလ်ချုပ်ကြီးကို ဦးတည်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။ သေချာကျနစွာ ၀တ်ဆင်ထားသော စစ်အင်္ကျီနှင့် ကျကျနန ဖီးထားသော ဆံပင်အောက်တွင် ထက်မြက်သည့်ပုံ အထင်းသားပေါ်လွင်နေသော ဂျာမနီ စစ်ဘက်ဆိုင်ရာ အရာရှိကြီး၏ မျက်လုံးများက ဟစ်တလာကို စေ့စေ့ကြည့်ကာ
“ခု လက်ရှိ ဂျာမနီလေတပ်မှာရှိတဲ့ လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်နဲ့တော့ ဒီမဟာမိတ်တွေရဲ့ အုပ်စုဖွဲ့ ပျံသန်းလာတဲ့ ဗုံးကြဲလေယာဉ်တွေကို ဟန့်တားနိုင်မှာ မဟုတ်ပါဘူး ခေါင်းဆောင်ကြီး၊ ဒါပေမယ့် သတင်းကောင်းတစ်ခု အနေနဲ့ကတော့ အန်းရှိန်ကယ်ရဲ့ လေယာဉ်စက်ရုံမှာ၊ ဗွန်အိုဟိန်းဆိုတဲ့ လူငယ်လေးတစ်ယောက် ခေါင်းဆောင်ပြီး စမ်းသပ်နေတဲ့ လေယာဉ်တစ်မျိုးဟာ ခုလက်ရှိ ရှိနေတဲ့ လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်ထက် အများကြီး သာတယ်ပြောပါတယ်။ သူက မြင့်မြင့်ပျံနိုင်၊ မြန်မြန်ပျံနိုင်ပြီး၊ ရှောင်လို့တိမ်းလို့လည်း ပိုကောင်းတယ်လို့ ကြားသိရပါတယ်။ တကယ်လို့သာ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီစမ်းသပ်ဆဲ လေယာဉ်မျိုးကိုသာ ဒီစစ်ပွဲမှာ အသုံးချနိုင်ရင် မဟာမိတ်တွေကို ကောင်းကောင်းဟန့်တားနိုင်မှာ အသေချာပါပဲ ခေါင်းဆောင်ကြီး”
မျှော်လင့်ချက် ကောက်ရိုးတစ်မျှင်ကို လေကြောင်းဌာနက ပေးစွမ်းနိုင်ခြေရှိတယ်ဆိုတာကို ကြားသိလိုက်ရတဲ့အတွက် အနည်းငယ် စိတ်သက်သာရာ ရသွားပုံပေါ်သော ဟစ်တလာက
“ဟုတ်လား၊ ဒါဆို.. ဒါကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဘာလိုလဲ…. အို… အဲ့ဒီလိုတွေကို ပြောမနေနဲ့တော့ အဲ့ဒီအဖွဲ့ လိုအပ်တာမှန်သမျှ ပံ့ပိုးပေးဖို့ ခုပဲ ကျုပ် အမိန့်စာ ထုတ်ပေးလိုက်မယ်။ လူလိုရင်လူ၊ ပစ္စည်းလိုရင်ပစ္စည်း၊ ငွေလိုရင်ငွေ အားလုံး လိုအပ်တာမှန်သမျှ လုပ်ပေးလိုက်။ ကျုပ် အဲ့ဒီလေယာဉ် အစီးတစ်ရာလိုချင်တယ်။ ဒါပဲ.. အမြန်ဆုံးအကောင်အထည် ဖော်နိုင်အောင်ကြိုးစားကြ။ ဒါပဲ”
ဟစ်တလာအတွက် ကောက်ရိုးတစ်မျှင် လေယာဉ်ကတော့ ကမ္ဘာ့ပထမဆုံး ဂျက်တိုက်လေယာဉ်ဖြစ်လာမည့် ဂျာမနီလုပ် ME-262 လေယာဉ်ပင်ဖြစ်လေသည်။ ၄င်းလေယာဉ်သည် ဂျာမနီမြို့ကြီးများကို ပစ်မှတ်ထား တိုက်ခိုက်နေသော မဟာမိတ် ဗုံးကြဲလေယာဉ်များ ဂျာမနီ လေပိုင်နက်ထဲ မ၀င်မီပင် ကြားဖြတ်ကာ လျင်လျင်မြန်မြန် တုန့်ပြန်တိုက်ခိုက်ဖို့အတွက် ဟစ်တလာ အသည်းအသန် လိုအပ်နေသော လေယာဉ်ဖြစ်လေသည်။ ယခုဆိုလျင် လျင်လျင်မြန်မြန်ပျံသန်းနိုင်မှုအပြင် လေယာဉ်တည်ဆောက်သူတို့အတွက် အဓိကထား စဉ်းစားရမည့် နောက်အချက်တစ်ခုမှာ လေယာဉ်၏ ချိန်သားကိုက် ပစ်ခတ်နိုင်စွမ်းပင်ဖြစ်လေသည်။

၁၉၄၃ ခုနှစ်၊ နှစ်လည်ပိုင်းလောက်တွင်တော့ မဟာမိတ်တပ်တွေဟာ အီတလီကို ကျူးကျော်တိုက်ခိုက် လာပါတော့တယ်။ နောက်ပစ်မှတ်ဟာ ဂျာမနီထိန်းသိမ်းထားတဲ့ ပြင်သစ်ဖြစ်နိုင်တယ်လို့ တွက်ဆထားတဲ့ ဟစ်တလာဟာ မက်ချာစမစ် လေယာဉ် ကုမ္ပဏီကို အရင်က ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ်အဖြစ် တည်ဆောက်ခိုင်းထားတဲ့ ME-262 တွေကို ဗုံးတွေကိုပါသယ်ပြီး ကြဲချနိုင်တဲ့ တိုက်ခိုက်ရေးနှင့် ဗုံးကြဲ နှစ်မျိုးသုံး ပုံစံမျိုး ထုတ်လုပ်ဖို့ ပြောင်းလဲ အမိန့်ပေးခဲ့ပြန်ပါတယ်။ သို့သော်လည်း မက်ချာစမစ်ကုမ္ပဏီ ပညာရှင်များဟာ ဟစ်တလာပြောတဲ့အတိုင်း အတိအကျ မလိုက်နာခဲ့ဘဲ ကမ္ဘာ့ပထမဆုံး ဂျက်တိုက်လေယာဉ်အဖြစ် ထုတ်လုပ်နိုင်ဖို့ကိုသာ ဦးတည်ကာ တိတ်တဆိတ်ကြိုးစား လုပ်ဆောင်နေကြတဲ့အတွက် လိုတာမရ ရတာမလိုနဲ့ ကြိုးနီစနစ်ရဲ့ ဆိုးကျိုးအဖြစ်နဲ့ လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းစဉ်ဟာ ဟိုလိုလို ဒီလိုလိုနဲ့ တစ်နှစ်ခန့် နှောင့်နှေးခဲ့ပါတော့တယ်။ ထိုအချိန်တစ်နှစ်တာ နှောင့်နှေးကြန့်ကြာမှုဟာ ဟစ်တလာနဲ့ ဂျာမနီအတွက် ပြင်သစ်ကို မဟာမိတ်များလက်မှ ကာကွယ်နိုင်ဖို့ အခွင့်အရေး ဆုံးရှုံးသွားစေကာ လက်လွှတ်လိုက်ရပါတော့တယ်။



၁၉၄၄ ဇန်န၀ါရီ ၈ ရက်နေ့မှာတော့ အမေရိကမှ ဂျွန်ဆင်ရဲ့ စမ်းသပ်ပျံသန်းဆဲအဆင့် XP 80 ဂျက်လေယာဉ်ဟာ သတ်မှတ်ရက်ထက် ရက်ပေါင်း ၃၇ ရက်စောကာ ပေါ်ထွက်လာခဲ့ပါတယ်။ ခုလို အမေရိကရဲ့ အောင်မြင်မှုဟာ သူတို့ချည်း သက်သက်ကြောင့်မဟုတ်ဘဲ ဗြိတိသျှတို့ရဲ့ ဂျက်အင်ဂျင် နည်းပညာ ဝေမျှမှုကြောင့်ပဲဖြစ်ပါတယ်။ နောက်ပိုင်း ဆက်လက် စမ်းသပ်မှုတွေအရ အမေရိကတို့ရဲ့ ဂျက်လေယာဉ်ဟာ အမြန်ဆုံး တစ်နာရီ မိုင် ၅၀၀ နှုန်းအထိကို ပျံသန်းနိုင်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ အမေရိက တာဝန်ရှိသူတွေဟာ ထိုလေယာဉ်ကို တစ်နှစ်အတွင်းမှာပဲ စစ်မြေပြင်မှာ လက်တွေ့အသုံးချနိုင်ဖို့ ဆော်သြခဲ့ပါတော့တယ်။

၁၉၄၄ ဇွန် ၆ ရက်၊ ကမ္ဘာကျော် D-Day နေ့

မဟာမိတ်တပ်တွေဟာ ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေကို အလုံးအရင်းနဲ့ အသေခံကာ ကမ်းတက် တိုက်ခိုက်ကြပါတော့တယ်။ ထိုအချိန်မှာပဲ ဂလက်စတာဟာ ဗြိတိသျှ တော်ဝင်လေတပ်မတော်ကို မီတီအာ ဂျက်တိုက်လေယာဉ်များ ပေးအပ်နိုင်လိုက်ပါတော့တယ်။ ထိုနှစ် ဇူလိုင် ၂၇ မှာတော့ စိတ်လှုပ်ရှား ထူးဆန်းဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဗြိတိသျှတို့ဟာ မီတီအာ တိုက်လေယာဉ်တွေကို ဗြိတိန်ဆီ ဂျာမန်တွေ ပစ်လွှတ်လိုက်တဲ့ ဗွီ-၁ ဒုံးကျည်တွေကို ဝေဟင်မှာပဲ ကြားဖျက်ကာ လိုက်လံပစ်ခတ် ဖျက်စီးစေခဲ့ပါတယ်။ တစ်ခါမှာတော့ လေယာဉ်မှူးတစ်ဦးရဲ့ တိုက်လေယာဉ်က သေနတ်ဟာ ပစ်ခတ်မရဖြစ်သွားတာကြောင့် ဒုံးကျည်ကို လေယာဉ်တောင်ပံ သုံးကာ အောင်မြင်စွာ လမ်းကြောင်းပြောင်းဖို့ အပြင်းအထန် ကြိုးစားပါတော့တယ်။ ထိုကြိုးစားမှု အောင်မြင်သွားတာကြောင့် လေယာဉ်မှူးဟာလည်း တဟုန်ထိုး နာမည်ကျော်သွားပါတော့တယ်။

ထိုသို့ရှိစဉ်မှာပဲ ဟစ်တလာရဲ့ ဂျက်တိုက်လေယာဉ်တွေဟာ ပြင်သစ်ကို ရောက်ရှိလာပါတော့တယ်။ သို့သော်လည်း ပြင်သစ်ကို မဟာမိတ်တို့ လက်ထဲပြန်မရောက်အောင် မစွမ်းဆောင်နိုင်တော့ပါဘူး။ ထိုအချိန်မှာ မဟာမိတ် ဗုံးကြဲလေယာဉ်တွေဟာလည်း နေ့စဉ်လိုလို ဂျာမနီနယ်ထဲကို ဗုံးမိုးတွေ ကြဲချနေကြပါတော့တယ်။ ဟစ်တလာဟာ သူ့ရဲ့ မက်ချာစမစ် ဂျက်တိုက်လေယာဉ်တွေနဲ့ ဂျာမနီကို ဗုံးလာကြဲတဲ့ မဟာမိတ်တို့ရဲ့ ဗုံးကြဲလေယာဉ်တွေကို ကြားဖြတ် တိုက်ခိုက်စေခဲ့ပါတယ်။ ဂျက်အင်ဂျင်နဲ့ ပစ်စတင်အင်ဂျင် စွမ်းရည်ချင်း မမျှတာမို့ ဗြိတိသျှတို့ရဲ့ မော်စကွီတိုလေယာဉ် လေးတွေဟာ ဂျာမန်တို့ရဲ့ မက်ချာစမစ်လေယာဉ်များလက်အောက်မှာ ပြားပြားမှောက် အသက်ပျောက် ကုန်ကြပါတော့တယ်။ ထိုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာတော့ အမေရိကန်လေတပ်မှ အရာရှိလေး အာဘန်ဒရူးဟာ အားချင်းမမျှပေမယ့် သူ့ရဲ့ ကျွမ်းကျင်လှတဲ့ မောင်းနှင်မှုစွမ်းရည်၊ အတွေ့အကြုံတို့ကို အကောင်းဆုံး အသုံးချကာ ဂျာမန်တို့ရဲ့ မက်ချာစမစ် လေယာဉ်နှစ်စီးကို သူ့ရဲ့ P 51 မက်စတန်လေးနဲ့ ပစ်ချနိုင်ခဲ့ပါတယ်။


၁၉၄၅ ဇန်န၀ါရီ အရောက်မှာတော့ အမေရိကတို့ရဲ့ ပထမမျိုးဆက် တိုက်လေယာဉ်ဖြစ်တဲ့ P 80 ရှုတင်းစတားဟာ စစ်မြေပြင်အတွက် အသင့်အနေကို ရောက်ရှိခဲ့ပါတော့တယ်။ အမေရိကတို့ဟာ သူတို့ရဲ့ ဂျက်တိုက်လေယာဉ်တွေကို ဂျာမနီကို တိုက်ခိုက်ဖို့ စေလွှတ်ခဲ့ပေမယ့်လည်း ဂျာမနီဟာ ဒုတိယကမ္ဘာစစ်ကို ရှုံးနိမ့်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဒုတိယ ကမ္ဘာစစ်ကြီးကို အနိုင်ရဖို့ အသည်းအသန် ကြိုးစားထုတ်လုပ်ခဲ့တဲ့ ဂျက်တိုက်လေယာဉ်အချင်းချင်း ထိပ်တိုက်မတွေ့လိုက်ရဘဲ စစ်ကြီးဟာ ပြီးဆုံးသွားခဲ့ပါတော့တယ်။ စစ်ရှုံးသွားတဲ့ ဂျာမနီဟာ ဂျက်နည်းပညာ ပြိုင်ပွဲကြီးကနေလည်း နှုတ်ထွက်သွားခဲ့ရပါတော့တယ်။ သို့သော် စစ်ရှုံးဂျာမနီ ပြိုင်ပွဲမှာ မရှိတော့နောက်မှာတော့ နောက်ထပ် ခါးသီးတဲ့ ပြိုင်ပွဲဝင် တစ်ယောက် ရောက်ရှိလို့ လာပါတော့တယ်။ သူကတော့ တခြားသူမဟုတ် ဆိုဗိယက်-ရုရှ ပဲဖြစ်ပါတော့တယ်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...