Monday, September 26, 2016

အွန်ဆောတို့ မြေမှာ ခြောက်နှစ်တာ (၂)


ရောမရောက် တောသားလိုကျင့်

ကမ္ဘာမှာ ကိုရီးယားလှိုင်း အကြီးအကျယ် ရိုက်ခတ်ချိန်မှာ ကိုရီးယားကို ရောက်ရှိလာသော အညာသားမှာ အေသင်မြို့ကြီးကို အလည်ရောက်လာသော ကျေးတောသားသဖွယ် မြင်မြင်သမျှ အားကျ စရာတွေချည်းပင် ဖြစ်နေတော့သည်။ သိပ္ပံပညာ တိုးတက်မှုမှာလည်း ထိပ်တန်း၊ အလုပ်ကြိုးစားမှုမှာလည်း ထိပ်တန်း၊ အဲ… သောက်စားမူးယစ်မှုမှာလည်း ထိပ်တန်းပါလေ။

တခါက ကိုရီးယားနိုင်ငံရဲ့ အကြီးကျယ်ဆုံး လေကြောင်းဆိုင်ရာ စာတမ်းဖတ်ပွဲတွင် စာတမ်းသွားရောက် ဖတ်ကြားခဲ့စဉ်က တမနက်တွင် ကိုရီးယား ပါမောက္ခတစ်ယောက်က “ဟေး အောင်မျိုး မနေ့ညက ယူအက်စ်လေကြောင်းနဲ့ အာကာသ သိပ္ပံဌာနက အကြီးအကဲနဲ့ ငါတို့အကြီးအကဲ အရက်ပြိုင်သောက်ကြတာ ဘယ်သူနိုင်တယ်ထင်လဲ။ ငါတို့လူ နိုင်တာကွ” ဟု လာပြောဖူးသည်။ ထိုသို့ အသောက်အစားတွင်လည်း ၀ါသနာပါသလို ပြိုင်ဆိုင်လိုစိတ်လည်း ရှိနေပြန်တာ အံ့သြစရာပင်။ ပုံမှန် သောက်ကြလျှင်လည်း အရှိန်ရလာပါက လက်ချင်းချိတ်ကာ ၀မ်းရှော့ ၀မ်းရှော့ဆိုပြီး ခွက်မချတမ်း တစ်ခွက်လုံးကုန်အောင် မော့သောက်ကြလေ့ရှိသည်။ နေ့လည်နေ့ခင်း ထမင်းစားရာတွင် အချို့သော အလုပ်ကြမ်းသမားများကတော့ ဆိုးဂျုတပုလင်းခန့် သောက်လေ့ရှိသည်။ ညနေခင်းတွင်တော့ လူအများက အပြင် စားသောက်ဆိုင်တွေမှာ ထမင်းစားကျတာများသလို ဆိုးဂျုကလည်း မပါမဖြစ် ဖျော်ရည်အဆင့်ပင်။ အချို့သော မြန်မာတို့ကတော့ ဆိုးဂျုက တကယ်တော့ ဒို့ ဘီအီးလောက်တောင် မကောင်းပေဟု မှတ်ချက်ချကြသည်။

ကျွန်ုပ်လည်း ရောမရောက် ရောမလို ကျင့်ရမှာပေါ့ဟု သတ်မှတ်ကာ စားသောက်ပွဲများတွင် အရက်ကို စတင်သောက်သုံးပါတော့သည်။ ကိုရီးယားဆရာများသည် ကျောင်းသားများကို တစ်လတစ်ခါ သို့မဟုတ် နှစ်လတစ်ခါခန့် ညစာ လိုက်ကျွေးလေ့ရှိသည်။ သုတေသန လုပ်နေသော ဘွဲ့လွန်ကျောင်းသားများကိုသာ အခေါ်များသည်။ ထိုအခါကတော့ ကိုရီးယားကျောင်းသားများ အကြိုက်တွေ့သော အချိန်ပင်ဖြစ်သည်။ အရင်က ဌာနထဲတွင် ခေါက်ဆွဲတစ်ဗူးလောက်သာ စားပြီး တစ်နပ်ပြီးနိုင်သော မောင်ကျောင်းသားများ ထိုနေ့မျိုးဆိုလျှင်တော့ ဗိုက်အပိုတပ်ထားသလား အောက်မေ့ရသည်။ စားလိုက်တာမှ မယုံနိုင်စရာပင်။ မောင်တောသားမှာတော့ အမြဲ ဆရာ သတိပေးတာ ခံရသည်။ နဂိုကတည်းက ဗိုက်တင်းအောင် စားလေ့မရှိသလို၊ အစားလည်း သူတို့နဲ့ယှဉ်လျင် အလွန်နည်းသောကြောင့် ဆရာသမားများက အားမရ ထပ်စားပါဦး ဆိုတာချည်းပင်။ ဒီကြားထဲ အသောက်ကလည်း ပါသေးသည်။

ဆရာများနှင့်သောက်လျင် တစ်ဆိုင်တည်းမပြီးပဲ နောက်တစ်ဆိုင်သို့ ဆက်လေ့ရှိသည်။ ဖက်စ်ရောင်း၊ ဆက်ကန်းရောင်း၊ သတ်ရောင်းဆိုပြီး သုံးဆိုင်ခန့် တညလုံး နေရာပြောင်းသောက် တတ်ကြသေးသည်။ တခါတရံ သီချင်းဆိုခန်းများထဲဝင်ကာ သီချင်းဆိုရင်း သောက်ကြလေ့ရှိသည်။ တခါတရံ ဆရာများက ပထမတစ်ဆိုင်ပဲထိုင်ကာ ကျောင်းသားများကို ဘဏ်ကတ်ထားပေးပြီး ပြန်သွားတတ်သည်။ ထိုအချိန်သည် ကျောင်းသားများ အပျော်ဆုံး အချိန်ပင်ဖြစ်သည်။ မောင်တောသားလည်း ပထမတစ်ခါ ထိန်းထိန်းသိမ်းသိမ်း အဆင်ပြေသည်။ ဒုတိယ တစ်ခါတွင်တော့ ၀ီစကီနဲနဲများသွားသည်ထင်။ ဒါတောင် ကိုယ့်ဘေးက မြန်မာကျောင်းသား လူကြီးတစ်ယောက်ရှိသဖြင့် သူ့ခွက်ထဲ ထည့်ထည့်ပေးလိုက်သေးသည်။ သူကလည်း အရက်ကြိုက်သဖြင့် အဆင်ပြေသည်။ ဆရာတွေ လစ်တာနဲ့ ကိုယ့်ခွက်ထဲကဟာ သူ့ခွက်ထဲ လှမ်းလှမ်းထည့်၊ ဒီလိုနဲ့ ကိုယ့်လူက တော်တော်အခြေအနေ ဆိုးလာတော့သည်။ ဘယ်လိုမှ မဟန်ပုံပေါက်လာသဖြင့် ဆရာက အောင်မျိုးသူ့ကို တက္ကဆီနဲ့ လိုက်ပို့လိုက် ပြီးရင် မင်းပြန်လာခဲ့ဆိုပြီး အဆောင် ပြန်ပို့ခိုင်းသဖြင့် အဆောင်သို့ တက္ကဆီနဲ့ပြန်အလာ ကားပေါ်တွင်၊ ဘယ်လိုဝေဒနာဆိုးမှန်းကိုမသိ။ ကားက အပြင်မှာ အေးသဖြင့် အလုံပိတ်ကာ အပူလွှတ်ထားရာ အသက်ရှုမ၀ပဲ မူးမိုက်အန်ချင်လာ၊ တဖက်ကလည်း ကိုယ့်လူကို ထိန်းရနဲ့ နောက်ဆုံး မနေနိုင်သဖြင့် ကားမှန်ဖွင့်ကာ အပြင်လေရှူလိုက်မှပဲ သက်သာသလို ရှိလာတော့သည်။ သို့နှင့် အဆောင်ရောက်တော့ ကိုယ့်လူအခန်းလိုက်ပို့ပြီး ကိုယ့်အခန်းရောက်အောင် ဒုန်းပြေးပြီး အိမ်သာခွက်ထဲ ခေါင်းစိုက်ကာ ဝေါရလေတော့သည်။

ဆရာတို့ဆီလည်း ပြန်မသွားနိုင်တော့ လှဲအိပ်တော့လည်း ခေါင်းက ချာချာလည်။ နောက်တစ်ရက်အထိ ရေသောက် ရေအန်နဲ့ ကုတင်နဲ့ ရေချိုးခန်းကူးရင်း ဝေဒနာ ခံစားရပါတော့တယ်။ အဲ.. အဲ့ဒီနောက်တော့ အမောင်တောသားလည်း စိတ်ခိုင်ခိုင်ထားလို့ နောက်တော့ သူတို့သောက်သလို ၀ီစကီမသောက်တော့ ဘီယာအနဲငယ်သာ သောက်တော့မယ်လို့ စိတ်ပိုင်းဖြစ်လိုက်ပါတော့တယ်။ အဲ့ဒီမှာလည်း ဆရာတွေကနေ အောင်မျိုး ဘီယာက ဈေးပေါတယ် ဘာလို့ အဲ့ဒါသောက်မလဲ ၀ီစကီသောက်မှပေါ့ဟု တိုက်တွန်းသော်လည်း မသောက်ဖြစ်တော့ပါ။ ဆရာတွေ နိုင်ငံခြားသွားပါက ထိုအရပ်မှ နာမည်ကြီးသော အရက်တခုခု ပါလာတတ်သည်။ ထိုအရက်ကို ကျောင်းသားများနဲ့ ညစာစားလျင် ထုတ်တိုက်လေ့ရှိသည်။ ထိုအရက်ကိုလည်း မသောက်ဖြစ်တော့ပဲ တောသားခမျာ ထန်းရည်သာသာ ဘီယာနဲ့သာ နှစ်ပါးသွားဖြစ်ပါတော့သည်။ ရောမရောက် ရောမလိုမကျင့်ဘဲ တောသားလိုသာ ဆက်လက် ကျင့်သုံးရင်း နောင်ကျန်သော နှစ်များစွာကို ဖြတ်သန်းကျော်ဖြတ်ခဲ့ပါတော့သည်။


(ကိုရီးယား ဘီယာသည် ညံ့ပါသည်။ သူတို့က သူတို့မှ အကောင်းအတော်ဟု ထင်သောကြောင့် အရင်က ထုတ်မပြောရဲ။ သူတို့နှုတ်က ထွက်လာမှသာ ကိုယ်လည်း ပြောရဲတော့သည်။ ကိုရီးယားက လူကြိုက်များသော ဘီယာသည် ဂျပန်မှ အဆာဟိ အရသာနှင့် ဆင်အောင် ထုတ်လုပ်ထားသည်။ သို့သော် အဆာဟိလို မကောင်းပေ။ မြန်မာဘီယာကို သူတို့ သောက်သုံး ဖူးသွားချိန်မှာတော့ မြန်မာဘီယာ အလွန်ကောင်းကြောင်း ချီးကျူးကြသည်။ အဟဲ… ကိုယ့်နိုင်ငံက ဘယ်နေရာမှ မကောင်းပေမယ့် အဲ့ဒီ မကောင်းတဲ့နေရာတော့ တယ်တော်နေပြန်ရောပေါ့ဗျာ ဟဲဟဲ)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...