Thursday, March 1, 2018

ဘောလုံးဆိုင်ရာ သိပ္ပံပညာ – ၂

ဘောလုံးခုန်ခြင်းဆိုင်ရာ ရူပဗေဒ သဘောတရား

ဘောလုံးတစ်လုံး ခုန်နေတာကို ကြည့်မည်ဆိုလျင် ရှင်းပြစရာမလိုလောက်ဟု ထင်စရာရှိပေသည်။ အလုံးတစ်လုံး ခုန်ခြင်းသည် ၄င်းကို အသုံးပြုထားသော အရာဝတ္ထု၏ ဆန့်နိုင်ကျုံ့နိုင်ခြင်း (Elasticity) ကြောင့်ပင်ဖြစ်သည်။ ဘောလုံးတစ်လုံး၏ ပြင်ပအလွှာသည် သူ့အတိုင်းဆိုလျင်တော့ ခုန်နိုင်စွမ်းမရှိပေ။ လေမထိုးဘဲထားသော ဘောလုံးတစ်လုံးကို မြေပြင်ပေါ်သို့ ချလိုက်ပါက ခုန်နိုင်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။ တကယ်တော့ ဘောလုံးအတွင်း ထိုးသွင်းလိုက်သော လေသည် ဘောလုံးကို ခုန်နိုင်စွမ်းတို့ ပေးပြီး ဘောလုံးကို ကန်ရာသောအခါတွင်လည်း ကန်၍ ကောင်းစေလေသည်။ ဘောလုံးသည် ခြေထောက်နှင့် ထိပါက ခုန်ကန်ထွက်သွားပြီး တစ်နာရီ ၈၀ မိုင်နှုံးခန့်အထိပင် ရောက်ရှိနိုင်လေသည်။ ထို့အပြင် ခေါင်းတိုက်ဘော ကစားရာတွင်လည်း ဘောလုံးသည် ခေါင်းနှင့်ထိကာ ခုန်ကန်ထွက်သွားခြင်းဖြစ်လေသည်။

ထိုသို့ ခုန်ကန်ထွက်ခြင်း အကြောင်းရင်းကို သေချာလေ့လာကြည့်မည်ဆိုလျင် ဘောလုံးတစ်လုံး၏ ခုန်နေချိန်သည် ထိုဘောလုံး၏ အရွယ်အစား၊ အလေးချိန်နှင့် လေဖိအားတို့ အပေါ်တွင် မူတည်လေသည်။ ဘောလုံးတစ်လုံး ခုန်ကန်ထွက်ပုံ အဆင့်ဆင့်ကို ပုံ-၁ တွင် ဖော်ပြထားလေသည်။ ထိုပုံတွင် ဒေါင်လိုက်ကျလာသော ဘောလုံးတစ်လုံး ပြန်ခုန်ထွက်ပုံကို ဖော်ပြထားလေသည်။ အပေါ်မှ ကျလာသော ဘောလုံးသည် မြေကြီးနှင့် ထိတွေ့လိုက်သောအခါ မြေကြီးနှင့် ထိသော ဘောလုံးမျက်နှာပြင်သည် တဖြည်းဖြည်းကျယ်လာပြီး (မြေကြီးနှင့်ထိသော အပိုင်းသည် အားအနည်းအများပေါ် မူတည်၍ ပြားလာသည်) အခိုက်အတန့်အနေဖြင့် ထိုဘောလုံးသည် ရပ်သွားပေလိမ့်မည်။ ထိုသို့ရပ်သွားသည့် အနေအထားမှနေ၍ အပေါ်မှကျလာသော အလျင်အတိုင်း ဘောလုံးသည် တန်ပြန်ကန်ထွက်သွားပေမည်။ ထိုအဖြစ်ကို ကြည့်မည်ဆိုပါက ဘောလုံး မြေပြင်အကျတွင် အောက်ပိုင်းပြားကာ ပုံစံပြောင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားအပြောင်းအလဲသည် အဓိကကျမည်ဟု ထင်စရာရှိပေသည်။ သို့သော် ထိုသို့မဟုတ်ပေ။ ဘောလုံးအတွင်း ဖိအားအပြောင်းအလဲကို သေချာလေ့လာမည်ဆိုလျင် ဘောလုံး မြေပြင်နှင့် မထိခင်အချိန်တွင် ဘောလုံးအတွင်းရှိ လေဖိအားသည် အတွင်းပိုင်းတွင် ညီညီညာညာ ရှိနေပေမည်။ ဘောလုံး မြေပြင်နှင့် ထိလိုက်သောအချိန်တွင် ဘောလုံး၏ မြေပြင်နှင့်ထိသော အောက်မျက်နှာပြင်သည် ပြားသွားပြီး ထိုနေရာရှိ လေဖိအားကို မြင့်တက်စေလေသည်။ သို့သော် ထိုမြင့်တက်လာသော လေဖိအားသည် ဘောလုံးအတွင်းပိုင်းတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားစေလေသည်။ ထိုသို့ ဖိအားပျံ့နှံ့သောဖြစ်စဉ်သည် လွန်စွာမြန်ဆန်လွန်းပြီး အသံ၏အလျင်ဖြစ်သည့် တစ်နာရီ ၇၇၀ မိုင်နှုန်းခန့်ရှိလေသည်။ ထို့ကြောင့် ဘောလုံးအတွင်း ဖိအားအပြောင်းအလဲသည် မြေကြီးနှင့်ထိသော အပိုင်းမှ စတင်သည်ဆိုသော်လည်း တစ်စက္ကန့်၏ အပုံတစ်ထောင်ပုံ တစ်ပုံခန့်တွင်ပင် ဘောလုံးအတွင်းတစ်ခုလုံးကို ပျံ့နှံ့သွားပြီး တူညီသော ဖိအားကို ပြန်လည်ရရှိစေသဖြင့် ခုန်သည့်ဖြစ်စဉ်တွင် ဖိအားအပြောင်းအလဲသည် သက်ရောက်မှု မရှိခြင်းဖြစ်သည်။

ဘောလုံးအတွင်းရှိ ဖိအားသည် ညီညီညာညာ ရှိနေသည်ဆိုသော်လည်း နဂိုရှိသော ဖိအားထက်တော့ များလာပေသည်။ အကြောင်းမှာ မြေကြီးနှင့်ထိသော အပိုင်းသည် ပြားသွားသဖြင့် နဂိုရှိနေသော ထုထည်အရွယ်အစားထက် သေးငယ်သွားသောကြောင့် ဖိအားတက်လာစေခြင်းဖြစ်သည်။ တနည်းဆိုသော် အထဲရှိလေကို ဖိလိုက်သလို ဖြစ်သွားသောကြောင့်ဖြစ်ပေသည်။ တိုးလာသော ဖိအားပမာဏသည် မြေပြင်ပေါ်ကို ရိုက်ခတ်လာသော ဘောလုံး၏ အလျင်ပေါ်တွင် မူတည်နေပေသည်။ မြေပြင်ပေါ်သို့ တစ်နာရီ မိုင် ၂၀ နှုံးဖြင့် ရိုက်ခတ်လာသော ဘောလုံးတစ်လုံး၏ မျက်နှာပြင်သည် မြေပြင်နှင့် ရိုက်ခတ်မိသော အရှိန်ကြောင့် တစ်လက်မခန့်လျော့နည်းသွားနိုင်ပြီး ဖိအားပမာဏ ၅ ရာခိုင်နှုံးခန့် တိုးလာနိုင်ပေသည်။ ထိုမျှ နည်းပါးသော ဖိအားအပြောင်းအလဲသည် ဘောလုံးမြေပြင်မှ ပြန်ခုန်ထွက်ခြင်းအပေါ် အကျိုးသက်ရောက်မှု မရှိသလောက် နည်းပါးသဖြင့် လျစ်လျူရှုထားနိုင်ပေသည်။

သို့ဆိုလျင် ဘောလုံးတစ်လုံး မြေပြင်ပေါ်ကျပြီး ပြန်ခုန်ထွက်သွားသော ဖြစ်စဉ်သည် မည်သည့်အကြောင်းကြောင့် ဖြစ်ရသနည်း။ အဖြေကတော့ နယူတန်၏ တတိယ နိယာမဖြစ်လေသည်။ ဘောလုံးသည် မြေပြင်ပေါ်သို့ အားတစ်ခုဖြင့် ရိုက်ခတ်လာသောအခါ မြေပြင်ကလည်း တူညီသောအားဖြင့် ပြန်လည်တုန့်ပြန်သဖြင့် ဘောလုံးသည် မြေပြင်ပေါ်မှ ခုန်ထွက်သွားရခြင်းဖြစ်လေသည်။

ပုံ-၂ တွင် ပြထားသကဲ့သို့ပင် ဘောလုံး၏ အတွင်းပိုင်း လေဖိအားများ တူညီနေပြီး မြေပြင်မှ တန်ပြန်အားက ဘောလုံးကို ခုန်ထွက်စေခြင်းပင်ဖြစ်သည်။
ဘောလုံး ခုန်သည့်ဖြစ်စဉ်တွင် ဘောလုံးအပေါ်တွင် သက်ရောက်နေသော အားသည် လွန်စွာကြီးမားသည်။ တစ်နာရီ ၃၅ မိုင်နှုံးဖြင့် မြေပြင်သို့ ကျလာသော ဘောလုံးတစ်လုံးအပေါ် သက်ရောက်သောအားသည် တစ်တန်၏ လေးပုံတစ်ပုံခန့်ပင်ရှိပြီး ဘောလုံးအလေးချိန်၏ အဆ ၅၀၀ ခန့်ပင်ရှိပေသည်။ အနှေးပြကွက်အနေဖြင့် ကြည့်မည်ဆိုလျင် ဘောလုံးမြေပြင်နှင့် စတင်ထိသည့်အချိန်တွင် ဘောလုံးအောက်ခြမ်းသည် တဖြည်းဖြည်းပိလာပြီး မြေပြင်နှင့် ဘောလုံးထိသည့် မျက်နှာပြင် ဧရိယာ ပိုပိုကြီးလာသလို သက်ရောက်အားလည်း တဖြည်းဖြည်းများလာလေသည်။ အားပေါ်မူတည်၍ မြေပြင်နှင့်ထိတွေ့သော မျက်နှာပြင်အကျယ်အ၀န်း အများဆုံးအချိန်တွင် သက်ရောက်အားသည်လည်း အများဆုံးဖြစ်လေသည်။ ထိုသို့သော နောက်ဆုံးအခြေအနေတွင် ဘောလုံး၏ အလျဉ်သည် သုညသို့ ရောက်ရှိသွားသည်ဟု ရူပဗေဒ သဘောတရားအရ နားလည်နိုင်ပေသည်။ ထိုအခြေအနေပြီးသည်နှင့် အထက်က ဖြစ်စဉ်နှင့် ပြောင်းပြန် ပြန်ဖြစ်သွားလေသည်။ ဘောလုံး မြေပြင်နှင့် ထိတွေ့သော မျက်နှာပြင် ဧရိယာ တဖြည်းဖြည်းနဲလာသလို သက်ရောက်အားလည်း နဲလာကာ ဘောလုံးမြေပြင်မှ လွတ်သွားသည်နှင့် ထိုအားသည် သုညသို့ ရောက်ရှိသွားလေသည်။ ဘောလုံးကလေး မြေပြင်မှ ခုန်ထွက်လွင့်စင်သွားပေပြီ။
ဘောလုံး၏ ဆန့်ကျုံ့နိုင်မှု (elasticity) သည် အကောင်းဆုံးဖြစ်နေပြီး မြေပြင်သည်လည်း လုံးဝ မာကျောနေသည်ဆိုလျင် မြေပြင်ကို ရိုက်ခတ်လာသော ဘောလုံးအရှိန်နှင့် ပြန်ထွက်သွားသော အရှိန်သည် အတူတူပင်ဖြစ်ပေမည်။ တကယ်တမ်း လက်တွေ့တွင်တော့ ထိုနှစ်ခုသည် တူညီမှုမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘောလုံးသည် မြေပြင်ကို ထိတွေ့သည့်အချိန်တွင် သူ့တွင်ရှိနေသော စွမ်းအင်အချို့ ဆုံးရှုံးသွားရသောကြောင့်ဖြစ်သည်။ တချို့ဆုံးရှုံးသွားသော စွမ်းအင်အနည်းငယ်သည် ဘောလုံးကို အပူပုံစံဖြင့် စီးဝင်သွားတတ်သည်။ ထိုသို့ စွမ်းအင် ဆုံးရှုံးခြင်းကြောင့် ဘောလုံးအလျင် ပြောင်းလဲမှုကို အလျင်လျော့ကိန်းဆိုသော အီကွေးရှင်းဖြင့် အလွယ်တကူ ပြသနိုင်ပေသည်။ ထိုကိန်းသည် ပြန်ခုန်ထွက်သွားသော အလျင်ကို တည်ကာ မြေပြင်နှင့်မထိခင်က ရှိနေသော အလျဉ်ဖြင့် စားထားခြင်းဖြစ်သည်။
e=မြေပြင်သို့ကျလာသောအလျင်/ပြန်ခုန်ထွက်သွားသောအလျင်
ဆန့်ကျုံ့မှု အကောင်းဆုံးနှင့် အမာဆုံးမျက်နှာပြင်ကို ရိုက်ခတ်ပါက ကျလာသောအလျင်နှင့် ပြန်ထွက်သွားသော အလျင်သည် တူညီနေပြီး e=1 ဖြစ်ပေမည်။ လုံးဝမာနေသော ဘောလုံးဆိုလျင်တော့ လုံးဝပြန်ခုန်ထွက်ခြင်း မပြုနိုင်သည့်အတွက် e=0 ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် မာကျောသော ကွင်းများတွင် ကစားပါက အပေါ်မှ ကျလာသော ဘောလုံးသည် မြေပြင်အထက်သို့ မြင့်မားစွာ ခုန်တက်သွားတတ်လေသည်။ မျက်ခင်းပြင်များ အသုံးပြုထားသော ကွင်းများဆိုလျင်တော့ သိပ်အမြင့်ကြီး ပြန်ခုန်မထွက်ဘဲ စွမ်းအင်ဆုံးရှုံးမှုလည်း မြန်ဆန်ကာ မြေပြင်တွင် အလျင်အမြန် ပြန်ငြိမ်သက်သွားနိုင်ပေသည်။ လက်ရှိအသုံးပြုနေသော မျက်ခင်းတိုခင်းထားသော ကွင်းများတွင် e ၏ တန်ဖိုးသည် 0.6 ခန့် ရှိတတ်သည်ကို တွေ့ရလေသည်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...